ဤခရီး နီးချင်ပါသလား
တပ်မတော်က နိုင်ငံတော်တာဝန်ယူခဲ့တာ တစ်လနီးပါးရှိခဲ့ပါပြီ။ ဒီလို တာဝန်ယူခဲ့ရတာဟာ အရင်းခံအကြောင်းတစ်ချို့နဲ့ လတ်တလော အကြောင်းရင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မှန်ကန်မှု မရှိနိုင်ခြင်း၊ တရားမျှတမှု မရှိခဲ့ခြင်း၊ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲမသမာမှု ဖြစ်နိုင်ခြင်း စတဲ့ အခြေအနေတွေရှိခြင်း စတာတွေကြောင့် ဒါတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီတစ်ချို့နဲ့ တပ်မတော်က ထောက်ပြတောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူ အဆင့်ဆင့်က လက်မခံ၊ ငြင်းပယ်ပြီး လျစ်လျူရှုခဲ့လို့ ဒီအဆင့်ကို ရောက်ခဲ့ရတာပါ။
တပ်မတော်က ဘာလို့ ဒီတာဝန်ကို ယူရတယ်ဆိုတာကို စတင်တာဝန်ယူတဲ့ ၁-၂-၂၀၂၁ ရက်နေ့ မနက်မှာပဲ ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီလို အမှားတွေရှိခဲ့လို့၊ တာဝန်ရှိသူ တွေက ဒီလို ဒီလို ပျက်ကွက်ခဲ့ကြလို့၊ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြစ်သင့်တာထက် ဖြစ်ချင်တာ ဦးစားပေးလုပ်ကြလို့ အမှားမဖြစ်အောင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်များကို ယူခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ဝေဖန်ထောက်ပြခဲ့တာ တပ်မတော်တစ်ခုတည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတစ်ချို့နဲ့ မဲဆန္ဒရှင်များ အပါအဝင်ဖြစ်ပါတယ်။
တပ်မတော်က အာဏာသိမ်းတာ မဟုတ်ပါ
တပ်မတော်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနဲ့အညီ လိုအပ်သည်များ ဆောင်ရွက် ပြီးစီးပါက အခြေခံဥပဒေနဲ့အညီ တရားမျှတ၍ လွတ်လပ်သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ပါတီကို နိုင်ငံတော်တာဝန်ကို စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။ ဒီနေ့ မီဒီယာတွေမှာ ဖော်ပြနေသလို ပြည်ပနိုင်ငံတစ်ချို့က စွပ်စွဲနေသလို အာဏာသိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။
ခုချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို စစ်ဆေးနေပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို တင်ပြခဲ့တာ နှစ်ကြိမ် ရှိပါပြီ။ ပထမအကြိမ်မှာ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများမပါ ကော်မရှင်စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈) သန်းကျော်ဖြစ်ပြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းအရ (၃၂) သန်းကျော်သာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ဆိုလိုတာက ကော်မရှင်ရဲ့ မဲစာရင်းဟာ အမှန်တကယ် အခြေခံရမဲ့ စာရင်းထက် (၆) သန်းခန့် ပိုနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
နောက်ကြေညာချက်တစ်ခုမှာတော့ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် (၈) မြို့နယ်ရဲ့ ဆန္ဒမဲပေးမှုစာရင်းများကို စစ်ဆေးရာမှာ ကော်မရှင်ရဲ့ စာရင်းအရ (၉) သိန်းကျော်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ အခြေခံစာရင်းအရ (၇) သိန်းကျော်သာ ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းနဲ့ မဲစာရင်း သုံးကြိမ်နှင့် အထက် ပါဝင်နေသူများ၊ နှစ်ကြိမ်ပါဝင်နေသူများ စာရင်းဟာ နှစ်သိန်းနီးပါး ဖြစ်နေကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ အလားတူ ကျန်နယ်မြေဒေသများရဲ့ ဆန္ဒမဲစာရင်းများကိုလည်း ဆက်လက်စစ်ဆေးပြီး တွေ့ရှိချက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။
အကြောင်းကြောင့် အကျိုးဖြစ်လာတာပါ
တပ်မတော်က နိုင်ငံတော်တာဝန်ကို ဘာလို့ယူခဲ့ရတာလဲဆိုတဲ့အချက်ဟာ မှန်ကန်ဖို့ များနေပါပြီ။ တစ်နိုင်ငံလုံး စစ်ဆေးပြီးရင် ဒီထက်ပိုများလာပြီး မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုတာ ပေါ်လွင်လာမယ်လို့ ယူဆပါတယ်။ တစ်ချို့ကတော့ တပ်မတော်က သက်သက်မဲ့ အကြောင်း ရှာပြီး မတရားအာဏာသိမ်းတာလို့ ပြောကြတယ်။ မူလတင်ပြကတည်းက အထောက်အထား အချက်အလက် ခိုင်လုံလို့ တင်ပြသင့်တာ တင်ပြခဲ့တယ်လို့ ယုံကြည်ပါတယ်။
ဒီအခြေခံ အကြောင်းတရားတွေကို ထောက်ပြဝေဖန်ပြီး ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တာ တပ်မတော်တစ်ခုတည်း မဟုတ်ပါဘူး။ မသမာမှု အလုပ်ခံရတယ်လို့ ယုံကြည်ယူဆတဲ့ပါတီ တွေလည်း ပါပါတယ်။ နောက်တစ်ခုက ဒီလို စစ်ဆေးဖို့ လုပ်ဖို့ တပ်မတော်မှာ တာဝန်မရှိဘူးလို့ တစ်ချို့က ပြောကြတယ်။ မဆိုင်တာဝင်လုပ်ပြီး သက်သက်မဲ့ အာဏာလိုချင်လို့ လုပ်တာလို့ စွပ်စွဲကြ တယ်။ မဟုတ်ပါဘူး။ တပ်မတော်က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တာပါ။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ (၄၀) အရ ခုလိုအခြေအနေမျိုးမှာ တပ်မတော်ကို တာဝန်ယူခွင့်ပြုထားပါတယ်။ တိတိကျကျ ပြောရရင် ပုဒ်မ (၄၀) ပုဒ်မခွဲ (ဂ) အရ ဒီတာဝန်ကို ယူရတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို ကျော်လွန်လုပ်ဆောင်ခြင်း မဟုတ်တာကို တွေ့ရပါတယ်။
ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို စဉ်းစားဆင်ခြင် ဖြေရှင်းဆောင်ရွက်ကြရာမှာ မျှမျှတတ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ် လုပ်ဆောင်သင့်ကြပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ လိုရာတွေးပြီး ဖြစ်ချင်တာ ဖြစ်ရမယ်လို့အတွေးနဲ့ တစ်ဖက်သတ် မလုပ်သင့်ကြပါဘူး။ အကျိုးအကြောင်းဆီလျော် အောင် တွေးတောလုပ်ဆောင်ကြရမှာပါ။ သေချာတာတစ်ခုရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အခုလို မဲမသမာမှု မမျှတမှုတွေ မရှိခဲ့ရင် တပ်မတော်က ဒီလောက်အထိ ပါဝင်ပတ်သက်လုပ်ဆောင် စရာအကြောင်း လုံးဝမရှိပါဘူး။ မှန်မှန်ကန်ကန်သာ လုပ်ခဲ့ကြမယ်ဆိုရင် တပ်မတော်က ဒီလောက်အထိ ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိဟု ယုံကြည်ပါတယ်။
ဒါကြောင့် ခု အခြေအနေမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရယန္တရားကို ပြိုလဲ ပျက်စီးအောင် လုပ်နေကြသူများ အကြောင်းကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာကို နားလည် နိုင်ကြဖို့ လိုအပ်ပါတယ်။ အမှန်တရားကို လက်ခံသင့်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲစိတ်ဓာတ် အတွေးအခေါ်တွေကို ခဏဘေးဖယ်ထားသင့်ပါတယ်။ နိုင်ငံရဲ့ အန္တရာယ်နဲ့ ပြည်သူလူထု အကျိုးကို ဦးစားပေးသင့်ပါတယ်။ မမှန်ကန်၊ မမျှတတဲ့ တစ်ဖက်သတ် အတွေးအခေါ် အယူအဆတွေနဲ့ မဖြစ်သင့် မလုပ်သင့်တာတွေ ဆက်လုပ်နေကြမယ် ဆိုရင်တော့ နိုင်ငံ့ရှေ့ရေးပါ ပိုမိုရှုပ်ထွေးပြီး ပြည်သူလူထုသာ ဒုက္ခဆင်းရဲဖြစ်မှာ သေချာပါတယ်။ တပ်မတော်ရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုဟာ ပျော့ပျောင်းညင်သာ ရှိနေပါတယ်။
ဒီနေ့ တပ်မတော်က တာဝန်ယူနေတဲ့ ကာလရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှုစနစ်ကို သုံးသပ်ရရင် လုပ်သင့်လုပ်ထိုက်တာ ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုလုပ်တယ်လို့ မမြင်မိပါဘူး။ လုပ်သင့်တဲ့ အတိုင်းအတာကို လျှော့လျှော့ပေါ့ပေါ့ စဉ်းစားလုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာနှင့် ပြည်တွင်းကပါ လက်သင့်ခံနိုင်တဲ့ အခြေအနေနဲ့ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။ တကယ်လို့ သာ ပြည်ပကရော ပြည်တွင်းကပါ စွပ်စွဲသလို တပ်မတော်က အာဏာကိုမက်လို့ ယူခဲ့တာဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်မှုယန္တရားထဲမှာ ခုလို အရပ်ဖက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ အတွေ့အကြုံရင့် ကျက်ပြီး မျှမျှတတ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ ဒီတစ်ချက်နဲ့တင် တပ်မတော်ရဲ့ စေတနာက ရှင်းလင်းလှပါတယ်။
လက်ရှိအုပ်ချုပ်မှုယန္တရား ဖွဲ့စည်းပုံကိုကြည့်ရင် တပ်မတော်ရဲ့ သွားမည့်လမ်းကြောင်း၊ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေက ပေါ်လွင်ပါတယ်။ အရေးပေါ်ကာလကို အာဏာနှင့် ပြင်းပြင်း ထန်ထန် အုပ်ချုပ်မယ့်ပုံစံမျိုး မဟုတ်ပါဘူး။ ပျော့ပျောင်းညင်သာစွာနဲ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် အေးချမ်းသာယာစွာနဲ့ အောင်မြင်အောင် လုပ်ဆောင်သွားမယ့်သဘော တွေ့ရပါတယ်။ ဒါတွေဟာ ထူးပြောစရာ၊ ထူးပြီးရေးပြစရာ မလိုပါဘူး။ လက်ရှိဆောင်ရွက်မှုတွေကို ကြည့်ရင် အမှန်အတိုင်း မြင်ရမှာပါ။
ရုံးမတက်နဲ့ ရုန်းထွက်ကြဆိုတဲ့ CDM ဆန္ဒပြမှုဟာ လူမှုကွန်ရက်နဲ့ နောက်ကွယ်ကနေ စည်းရုံး လှုံ့ဆော် မှိုင်းတိုက်မှုနောက်ပါ လိုက်ပါစီးမျောနေကြတဲ့ လှုပ်ရှားမှုတစ်ခုပါ။
ဒီလှုပ်ရှားမှုတွေကနေ အကြမ်းဖက်ပုံစံတွေ လုပ်လာပါတယ်။ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်လာတာတွေ တွေ့ရပါတယ်။ တစ်ဦးချင်းရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ခြိမ်းခြောက် ရန်ရှာ ထိပါးလာကြပါတယ်။ အဓမ္မပြုကျင့်မှုတွေရှိလာပါတယ်။ ငါနဲ့မတူ ငါ့ရန်သူ လုပ်လာကြပါတယ်။ ဘာမှမသိနားမလည်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ရှေ့တန်းတင် ပွဲထုတ်လာတာမျိုး တွေ့ရပါတယ်။ အော်ခိုင်းတဲ့ဟာကိုသာ အော်နေကြတာ။ ဘာမှန်းညာမှန်း မသိတဲ့ လူတွေ အများကြီးပါမှာပါ။
အခုဒီလှုပ်ရှားမှုဖြစ်လာတာ တစ်လပြည့်ပါတော့မယ်။ နိုင်ငံတော်အစိုးရက စောင့်ကြည့်နေခဲ့ ပါတယ်။ သည်းခံခွင့်လွှတ်နေခဲ့ပါတယ်။ ညင်ညင်သာသာ ဆောင်ရွက်နေပါတယ်။ ပြင်းပြင်းထန်ထန် မတုံ့ပြန်ထားပါဘူး။ အလုပ်မဆင်းတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းကြဖို့ မေတ္တာရပ်ခံ နေပါတယ်။ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာမျိုး မရှိသေးပါဘူး။ မေတ္တာရပ်ခံတယ်၊ တိုက်တွန်းတယ်၊ ပန်ကြားတယ်ဆိုတဲ့ လမ်းခရီးကို လျှောက်နေတာပါ။ ခွင့်လွှတ်တဲ့လမ်းစဉ်နဲ့ သဘောထားကြီးကြီးလုပ်နေပါတယ်။
တကယ်တော့ နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်လိုပြုကျင့်ရမယ်ဆိုတာ ထူးပြောနေစရာ မလိုပါဘူး။ အဓိကကတော့ နိုင်ငံတော်ကို သစ္စာစောင့်သိဖို့၊ ပါတီနိုင်ငံရေးကင်းဖို့၊ ပြည်သူ့အကျိုးကို တာဝန် ကျေပွန်အောင် ထမ်းဆောင်ဖို့၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြဖို့ လိုပါတယ်။ ဝန်ထမ်းတွေ အလုပ်မဆင်းရင် နိုင်ငံတော်အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုယန္တရား ထိခိုက်မှာ အမှန်ပါပဲ။ ဒီလိုဖြစ်ရင်လည်း ပြည်သူလူထုပဲ နစ်နာမှာပါ။ အစိုးရကို ထိခိုက်မှာမဟုတ်ပါဘူး။ အစိုးရမှာ မထိခိုက်အောင် လုပ်ဆောင်မဲ့လုပ်ငန်းစနစ်တွေ ရှိပြီးသားနေမှာပါ။ လိုအပ်ရင် လိုအပ်သလို စီမံ ဆောင်ရွက်သွားမှာ သေချာပါတယ်။
အခုလို မှားယွင်းလွဲချော်တဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် ပြည်သူလူထုတွေ တော်တော်ဒုက္ခရောက်နေကြပါပြီ။ လက်လုပ်လက်စားတွေ၊ မိသားစုတွေ ကိုယ်ရောစိတ်ပါ ဆင်းရဲနေကြပါပြီ။ ဒီအတိုင်းကြာလေ ပြည်သူတွေ ဒုက္ခပိုရောက်လေ ပါပဲ။ ဒါ့ကြောင့် CDM ကို ဖန်တီးနေကြသူတွေ၊ မှိုင်းတိုက်ပေးနေကြသူတွေ၊ ဥပဒေကို ဖောက်ဖျက်ပြီး ဆူပူအုံကြွမှုကို အားပေးအားမြှောက် လုပ်နေကြသူတွေ ရပ်တန်းက ရပ်သင့်ပါပြီ။ အတွေးမှန် အမြင်မှန်နဲ့ လုပ်သင့် /မလုပ်သင့်ကို ခွဲခြားသိမြင်ဖို့ အချိန်တန်နေပါပြီ။
ဒီအတိုင်းဆက်ကြာကြာဖြစ်သွားရင် ဘာဖြစ်မလဲ
နိုင်ငံတော်ကို တာဝန်ယူထားတဲ့ တပ်မတော်က လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ထားပြီးပြီ၊ အသိပေးထားပြီးပါပြီ။ အရေးပေါ်ကာလ သတ်မှတ်ပြဋ္ဌာန်းချက်ကာလအတွင်းမှာ လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ပြီးပါကတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရရှိသော ပါတီအား နိုင်ငံတော်အာဏာကို စနစ်တကျ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဒီခရီးနီးဖို့ လိုပါတယ်။ ဒီခရီးနီးစေချင်ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒကလည်း ဒီလိုပဲဖြစ်မှာပါ။ ဒီလုပ်ငန်းစဉ် မြန်မြန်ပြီးဖို့၊ တိကျမှန်ကန်တဲ့ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ ပါတီကို နိုင်ငံတော်အာဏာ ပြန်လည်အပ်နှင်းပြီး ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ဖို့အတွက် အရေးပေါ်ကာလဟာ မကြာလေ ကောင်းလေပါပဲ။
ဒီလိုမြန်မြန်ဆန်ဆန်ဖြစ်ဖို့အတွက် နိုင်ငံတော်အေးချမ်းသာယာဖို့ လိုပါတယ်။ ဒါမှသာ အစိုးရ အနေနဲ့ လုပ်စရာရှိတာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်မှာပါ။ အဲလိုမဟုတ်ဘဲ ခုလို ဆူပူအုံကြွမှုတွေ အကြမ်းဖက်မှုဆန်တဲ့လုပ်ရပ်တွေ ရှိနေပြီး အေးချမ်းသာယာမှုမရှိရင် လုပ်ငန်းစဉ်တွေဟာ နှောင့်နှေးပြီး ခရီးမရောက်နိုင် ဖြစ်မှာပါ။ ဒါကို အဓိက စဉ်းစားသင့်ပါတယ်။
တပ်မတော်အနေနဲ့ အခက်အခဲတွေ ဘယ်လိုတွေ့တွေ့၊ အကျပ်အတည်းတွေ ဘယ်လိုကြုံကြုံ သူချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း အတတ်နိုင်ဆုံး သိမ်မွေ့ညင်သာစွာ စနစ်တကျ လုပ်စရာရှိတာကို အဆင့်ဆင့် ဆက်လုပ်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ဟာ မြန်လေ ကောင်းလေပါပဲ။ သားရွှေအိုးထမ်းလာတာကို မြန်မြန်မြင်ကြဖို့အတွက် လက်ရှိကာလမှာ ငြိမ်းချမ်း သာယာဖို့လိုပါတယ်။ ဒီလိုဖြစ်အောင် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒါက ကျွန်တော့်ရဲ့ အတွေ့အကြုံအရ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တွေ့ရှိချက်၊ ယူဆချက်နဲ့ အကြံပြုတင်ပြချက်များသာ ဖြစ်ပါတယ်။
အားလုံးအတွေးအခေါ် အယူအဆ မှန်ကန်နိုင်ကြပါစေ။
နိုင်ငံတော်ကြီး အေးချမ်းသာယာပါစေ။
နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူများ ပါဝင်ပူးပေါင်းနိုင်ကြပါစေ။
ကျန်းမာချမ်းသာကြပါစေ။
ကိုတိုး