မတူညီတာတွေကို နားလည်ပြီး အတူတူရှေ့ဆက်နိုင်မှ ဒီမိုကရေစီ
သူ့ခံယူချက်နဲ့သူ အမျိုးသမီးတစ်ယောက် ရုံးလာတက်တာကို အများသူငါမြင်ကွင်းရှေ့မှာ အရှက်တကွဲ အကျိုးနည်းအောင်ပြုမူခြင်းက ဒီမိုကရေစီနည်းလမ်းကျပါ ရဲ့လား။ လူမှုရေး ရှုထောင့်အရရော မှန်ကန်မျှတပါရဲ့လား။ ကျွန်တော်ကတော့ ဒီရက်ပိုင်းမှာ အတော်လေး (Brain Storming) ဦးနှောက်မုန်တိုင်းဆင်မိတယ်။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး လိုလားတဲ့ ဒီမိုကရေစီဆိုတာကို အပြန်ပြန်အလှန်လှန် ဆန်းစစ်နေမိပါတယ်။
ဒီရက်ပိုင်းမှာ လက်ရှိအခြေအနေအပေါ် လက်သင့်မခံ၊ ကောင်းကျိုးဆောင်ရွက်နေတာ တွေကို လျစ်လျူရှုပြီး ကန့်ကွက်ဆန့်ကျင်ပါတယ်ဆိုတဲ့ ဆန္ဒတွေကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်နေကြ ပါတယ်။ အဲဒီအထဲမှာ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဝန်ထမ်းအချို့ အလုပ် မဆင်းကြတာရှိပါတယ်။ အချို့ဝန်ထမ်းတွေက နိုင်ငံ့ဝန်ထမ်း လစာ၊ ခံစားခွင့်တွေထက် ပိုမိုမြင့်မားတဲ့ အလုပ်အကိုင်တွေရနိုင်ကြတယ်၊ အချို့က မိဘလက်ငုတ်လက်ရင်း အလုပ်အကိုင် ရှိတယ်၊ မူလကတည်းက ငွေကြေးအတွက်၊ မိသားစုအတွက် ကြောင့်ကြကင်းကြသူတွေမို့ အလုပ် မဆင်းဘဲနေနိုင်ကြတာ ဖြစ်ကောင်းဖြစ်မယ်ဆိုပြီး တွေးမိခဲ့ပါတယ်။
သို့သော် မိသားစုဝင်ငွေကို အလုပ်ကရလာတဲ့ လစာတွေနဲ့ တစ်လပြီးတစ်လ ဖြေရှင်းရုန်းကန် နေကြရသူတွေ၊ ဝန်ထမ်းတွေကို မှီခိုနေကြရတဲ့ သက်ကြီးမိဘဆွေမျိုးနဲ့ လူမမယ်ကလေးတွေ ရှိတဲ့ မိသားစုဝင်တွေအတွက် ဒါမှမဟုတ် နိုင်ငံရေး ခံယူချက် မတူညီတဲ့အတွက် ဒါမှမဟုတ် ဝန်ထမ်း ကျင့်ဝတ်နဲ့အညီ ကိုယ့်အလုပ်ကိုယ်လုပ်တာလို့ ခံယူတဲ့အတွက် ရုံးတက်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေက အများကြီးရှိပါတယ်။ အဲဒီလို မဖြစ်မနေ အကြောင်းအမျိုးမျိုးနဲ့ ရုံးတက်နေကြသူတွေကို အတင်းအကျပ် အလုပ် မဆင်းခိုင်းတာတွေ၊ အလုပ်မဆင်းနိုင်အောင် ပိတ်ပင်တားဆီးနေကြတာတွေကိုတော့ လုံးဝလက်သင့် မခံနိုင်တဲ့ကိစ္စ၊ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ကိစ္စရပ်လို့ ထင်မြင်မိပါတယ်။
အထက်က ကိစ္စတစ်ရပ်မှာ ဖြစ်စဉ်အမှန်က ကုမ္ပဏီဝန်ထမ်း အမျိုးသမီးလေးတစ်ဦး ဘတ်စ်ကားစီးပြီး ရုံးကိုသွားတဲ့ကိစ္စ၊ လမ်းပိတ်လည်း အလုပ်သွားရမယ်ဆိုပြီး ဖုန်းပြော နေသံကိုကြားတဲ့အခါ ဝိုင်းဝန်းဆဲဆိုကြ၊ ဓာတ်ပုံ တွေရိုက်ကြ လုပ်ကြပါတယ်။ လူအုပ်စုနဲ့ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးဟာ သူ့ကိုဓာတ်ပုံ လာရိုက်တဲ့သူရဲ့ ဖုန်းကိုရိုက်ချတယ်။ ခြေထောက်နဲ့ ကန်တဲ့သူကို ဖုန်းနဲ့ထပ်ရိုက်တယ်။ ရန်ရှာသူတွေ ထဲက တစ်ယောက်ကို သူဆွဲပြီး လုံးပစ်လိုက်တယ်။ နောက်ဆုံး ကိုယ်ထိလက်ရောက်ဖြစ်ကြရတဲ့အချိန် သူ့မှာပါလာတဲ့ ခဲတံချွန်ဓားကိုထုတ်ပြီး တုံ့ပြန်တယ်။ သူ့ဖုန်းက ကားပေါ်ပါသွားလို့ အငှားကားနဲ့ ရအောင် လိုက်တယ်။ ဖုန်းကိုသိမ်းထားတယ်ဆိုပြီး လှောင်ပြောင်သူတွေ၊ ကားတံခါးမဖွင့်ပေးတဲ့သူတွေ ကို မကြောက်နိုင်ဘဲ ကားရှေ့မှာပိတ်ရပ်နေခဲ့တယ်။ ခရီးသည်တစ်ယောက်က မနေနိုင်တဲ့ အတွက် သူ့ဖုန်းကိုယူပြီး ပေးလိုက်တယ်။
ခံစားချက်နဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ဦးချင်းဆီမှာ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီးသားပါ။ လူမှုကွန်ရက်မှာ သူ့ဗီဒီယိုပျံ့နှံ့လာပြီး ဖိအားပေးတဲ့ အချက်တွေကြောင့် တာဝန်ထမ်းဆောင်ဖို့သွားနေတဲ့ အမျိုးသမီးဟာ အလုပ်ကနေ ရပ်စဲခံလိုက်ရတယ်။ ဒီလောက်နဲ့ မပြီးသေးဘူး သူ့ရဲ့ညစ်ညမ်းဗီဒီယိုဆိုပြီး မဟုတ်တဲ့ဗီဒီယိုတွေ ပျံ့နှံ့လာတယ်။ လူအုပ်စုတွေ ရဲ့ အမုန်းပွားမှုတွေခံရတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်အပေါ် တာဝန်ကျေပွန်တဲ့ဓမ္မနဲ့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူ သဘောပိုက်ပြီး အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ အဓမ္မတို့ ထိပ်တိုက်တွေ့တဲ့ဖြစ်စဉ်ကို နားလည်ပြီး အားပေး ကူညီသူတွေလည်း ရှိပါတယ်။ အမျိုးသမီးလေး အလုပ်အသစ်ရှာချိန်မှာ အခက်အခဲ မရှိစေဖို့ တပ်မတော်ကို ချစ်ခင်လေးစားသူတွေနဲ့ မတရားမှုကို သတ္တိရှိရှိနဲ့တွန်းလှန်တဲ့အတွက် ဂုဏ်ပြုလိုသူတွေက
ထောက်ပံ့ငွေတွေ ချီးမြှင့်ကြတယ်။ အမှန်တရားအတွက်၊ ကိုယ့်ရပ်တည်မှုအတွက် သူ့လိုမျိုး ပြန်လည်မချေပရဲသူတွေ၊ မတုံ့ပြန်ရဲဘဲ စော်ကားခံရတဲ့၊ အနိုင်ကျင့်ပြုမူခံရတဲ့ တာဝန်ကျေပွန်တဲ့ ဝန်ထမ်းတွေ အများကြီးရှိနေနိုင်ပါတယ်။ သူတို့ အားလုံးအတွက် စိတ်ပူမိပါတယ်။
ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်နေရင်းနဲ့ အရှက်ခွဲ၊ စော်ကားခံရတဲ့သူတွေ နေရာမှာ မိမိသာဖြစ်ခဲ့မယ်ဆိုရင် အကြောင်းကြောင်းကြောင့် ကိုယ်ယုံကြည်ရာ အမှုကိစ္စကို ဆောင်ရွက်နေစဉ်မှာ အထင်အမြင်သေးစွာနဲ့ စော်ကားခံရတဲ့အခါ ဘယ်လို နေမလဲဆိုတာကို အနိုင်ကျင့်သူတွေ ကိုယ်ချင်းစာ စေလိုပါတယ်။ အဲဒီအမျိုးသမီးအပြင် ရုံးတက်နေသူတွေကို အုပ်စုဖွဲ့ခြိမ်းခြောက်တာ၊ ဆဲရေးတိုင်းထွာနေတာ၊ အလုပ်မဆင်းရလေအောင် အမျိုးမျိုး နှောင့်ယှက်နေတာဟာ ပျက်စီးရာပျက်စီးကြောင်းကို ရည်ရွယ်နေတယ်၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးနေတယ်၊ ဒီမိုကရေစီကို ပုံဖျက်နေတယ်။ လူ့အခွင့်အရေးကို သွေးတိုးစမ်း နေတယ်လို့ပဲ ကောက်ချက်ချမိပါတယ်။
ဆက်စပ်ပြီး အဲဒီလို အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေသူတွေရဲ့ နောက်ကွယ်က စနစ်တကျနဲ့ လူထုကို အာရုံအမှားတွေ၊ အသိအမြင်အမှားတွေ မှိုင်းတိုက်ပေးနေသူတွေကို စိတ်ပျက်မိပါတယ်။ လက်ရှိအခြေအနေအပေါ်ကို စနစ်တကျ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မှန်မှန် ကန်ကန်နဲ့ ဝေဖန်ပိုင်းခြားမှုမရှိဘဲ ကောလာဟလသတင်းမှားတွေကို ယုံကြည်နေမိတဲ့ ပြည်သူအချို့ကိုလည်း ကျွန်တော်ကတော့ အားမလိုအားမရဖြစ်မိပါတယ်။ ။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ တာဝန်ယူချိန်ကနေစတင်ပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ပြောင်းလဲသွားဖို့ မရှိကြောင်းနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက် နေတယ်ဆိုတာကို ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။ အရေးပေါ် အခြေအနေတစ်ရပ်မှာ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည် တိုးတက်ရေးကို ရှေးရှုလို့ စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိတဲ့ရွေးကောက်ပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပနိုင်ဖို့ အားလုံးက တက်ညီလက်ညီ ရှေ့ဆက်ကြရမယ့်အချိန်မှာ အခုလို မညီမညွတ်နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ချက်တွေဟာ ပိုမိုဆိုးရွား တဲ့ အနာဂတ်ကို တွန်းပို့နေသလို ဖြစ်နေပါတယ်။
ဒီမိုကရေစီဆိုတာ ကိုယ်မကြိုက်တာကို မကြိုက်ကြောင်းပြောဆိုနိုင်တယ်၊ ဆန္ဒဖော်ထုတ်နိုင် ပါတယ်။ သို့သော် ပျက်စီးရာပျက်စီးကြောင်း၊ နိုင်ငံ့အကျိုးစီးပွားကို ထိခိုက်ရာထိခိုက်ကြောင်း လုပ်ဆောင်နေခြင်းကိုတော့ ဒီမိုကရေစီလို့မသတ်မှတ် နိုင်ပါဘူး။ ဝန်ထမ်းတစ်ဦးဟာ ဒီအစိုးရကို မကြိုက်လို့ အလုပ်မလုပ်ဘူး၊ နောက်အစိုးရကိုလည်း ကြိုက်မှသာ အလုပ်လုပ်မယ်ဆိုပြီး CDM ကိုသာ လုပ်နေ ကြမယ်ဆိုရင် နိုင်ငံအကျိုးသယ်ပိုးတဲ့ ဝန်ထမ်းကောင်း ဖြစ်နိုင်ပါဦးမလား။ အခုတော့ CDM လုပ်မယ်။ နောက်အစိုးရတက်လာမှ အလုပ်လုပ်မယ်ဆိုတဲ့ ရွှေပြည်တော် မျှော်သူတွေကို အချိန်တန်လို့ အများဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်တဲ့ အစိုးရ တစ်ရပ်ကရော ဘယ်လိုယူဆမယ်လို့ထင်ပါသလဲ။ တက်လာတဲ့အစိုးရတိုင်းကို မကြိုက်ဘူးဆိုပြီး ဝန်ထမ်းတွေကတစ်ခါပြန်ပြီး CDM လုပ်ကြမယ်ဆိုရင် အမယ်ဘုတ်နဲ့ သူ့ရဲ့ချည်ငင်လို တိုးတက်ရာ တိုးတက်ကြောင်းမရှိဘဲ ဝန်ထမ်းတွေ ခံစားချက်ကို ရှေ့တန်းတင်နေကြတာနဲ့တင် တိုင်းပြည်ဘယ်လိုလုပ် မြင့်မားလာပါတော့မလဲ။ အဲဒါကြောင့်လည်း နိုင်ငံ့ဝန်ထမ်းတွေအတွက် သက်ဆိုင်ရာ ဥပဒေတွေ၊ ကျင့်ဝတ်၊ စည်းကမ်းတွေကို နိုင်ငံတိုင်းမှာ အတည်ပြုထားရတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေဟာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူအဖြစ် သတ်မှတ်ကြမှာ မဟုတ်ဘဲ အကြိုက်နဲ့ဆန္ဒမတူ သူတွေအပေါ်မှာလည်း လေးစားပေးရမှာ မဟုတ် ဘူးလားခင်ဗျာ။ ဖေ့စ်ဘွတ်ပေါ်မှာ နေ့စဉ်တွေ့နေရတာက ရုံးတက်သူတွေကို အတင်းအကျပ် ဓာတ်ပုံရိုက်ကြတာတွေ၊ ကိုယ်ဝန်သည် အမျိုးသမီး ရုံးတက်နေတာတွေကို ဆဲဆိုကျိန်ဆဲထားတာတွေ၊ ဝန်ထမ်းတွေ ရုံးလာကြတာကို တိုက်ရိုက်ထုတ်လွှင့်ပြီး အရှက်ခွဲ တာတွေ၊ ပြည်သူတွေ ငွေကြေး လွယ်လွယ်ကူကူ သုံးစွဲလို့ရအောင် အေတီအမ် ငွေထုတ်စက် တွေထဲ ငွေထည့်ပေးနေတဲ့ ဝန်ထမ်းတွေကို အရှက်ကွဲအောင်၊ ဆက်မလုပ်ရဲအောင် ကြံစည်တာ တွေဟာ သူတစ်ပါးရဲ့ လွတ်လပ်မှုကို စော်ကားတာဖြစ်သလို ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ချနင်းစေလိုက်တာပဲ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ဖတ်ရှုရတဲ့ အမှန်တရား နဲ့နီးစပ်တဲ့ ဝေဖန်မှုတစ်ခုကို ပြန်လည်မျှဝေ လိုပါတယ်။ အဲဒါကတော့ အခုလက်ရှိ အဖိတ်အစဉ် ဒဏ်ရာရကြသူတွေအကြား နိုင်ငံရေး သမားတွေပါပြီလား၊ ကီးဘုတ်ဖိုက်တာတွေ ပါပြီလား၊ လွှတ်တော်ကိုယ်စားလှယ်တွေပါပြီလား၊ အရင်ကအစိုးရအဖွဲ့ဝင်တွေပါပြီလား၊ လှုံ့ဆော် နေတဲ့ ထင်ရှားကျော်ကြားကြသူတွေ ပါပြီလား၊ CDM ကို အတင်းဖိအားပေးနေတဲ့ ပညာတတ် လူလတ်တန်းစားတွေ ပါပြီလားဆိုပြီး မေးခွန်း ထုတ်ထားတာပါ။ ကျွန်တော်စဉ်းစားနေမိတာ လည်း အဲဒါပါပဲ။
မသိနားမလည် ရိုးအတဲ့ပြည်သူတွေကို ၈ ရက်နေ့ အပြီးတို့၊ ခုနှစ်ရက်ပြည့်တို့၊ ဗိုလ်ချုပ် မွေးနေ့ထူးပြီတို့၊ ၂ ငါးလုံးအပြီးတို့ အမျိုးမျိုး လှုံ့ဆော်နေကြတယ်။ ရိုးသားတဲ့ ပြည်သူတွေခမျာ အမေရိကန်တပ်သားတွေ လာမယ်ဆိုလည်း ယုံလိုက်ကြ၊ နိုင်ငံတကာက ဖိအားတွေပေးပြီး အခုပဲ နိုင်ငံတကာလုံခြုံရေးတပ်တွေ ဝင်လာတော့ မလိုပြောတာလည်း ယုံလိုက်ကြ၊ လူအများညီရင် ဘာမှလုပ်လို့မရဘူး ရှေ့တိုးကြဆိုလည်း ယုံလိုက် ကြတာ။ ဝန်ထမ်းတွေကို လစာမပေးနိုင်တော့ဘူး ဆိုလည်း ယုံလိုက်ကြနဲ့ မသိနားမလည်တဲ့လူငယ် တွေ၊ ရိုးသားတဲ့ သာမန်ပြည်သူတွေကို နောက်ကွယ်ကနေ မြှောက်ပေးပြီး အုပ်စုစိတ်ဓာတ် ရိုက်သွင်းပေးပြီး စတေးခိုင်းသူတွေကို အံ့ဩမိတယ်။
ကိုဗစ်ကြောင့် ပြည်သူတွေအားလုံး အလုပ်အကိုင်တွေထိခိုက်၊ စားဝတ်နေရေးတွေ ခက်ခဲ နေရတဲ့အချိန်၊ လက်လုပ်လက်စားတွေ၊ လခ စားတွေ အခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်လာရင် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ ခိုးဆိုး လုယက်တာတွေ၊ အဖျက်အမှောင့်လုပ်ရပ်တွေ အားကောင်းလာစေတာကို ပြည်သူတွေ ဆင်ခြင်တွေးတောစေလိုပါတယ်။ ပြည်သူ့အကျိုး အတွက် ကောင်းရာကောင်းကြောင်း လုပ်ပေးနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ဝန်ထမ်းတွေကို တိုက်ခိုက်ပြောဆိုနေတာ၊ စော်ကားနေတာ၊ ပိတ်ပင်တားဆီးနေတာဟာ တရားဥပဒေကို မျက်ကွယ်ပြုတာလည်း ဖြစ်ပါတယ်။
ဟိုနေ့ကလည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေအပြင်သွားကြရတဲ့ ပြည်သူတွေကို လမ်းတွေပိတ်ပြီး သွားလာလို့မရအောင် ပိတ်ဆို့ ထားတာတွေ၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေတာ တွေ၊ လမ်းဖွင့်ပေးဖို့ တောင်းဆိုသူတွေကို ဆဲရေးတိုင်းထွာတာ၊ လမ်းပိတ်ခံထားရတဲ့ ကားတွေ ကို ဓာတ်ပုံရိုက်တာ၊ အုပ်စုဖွဲ့ အရှက်ခွဲတာတွေကို မြင်ရပါတယ်။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်လို့ ရနိုင်တဲ့ နည်းလမ်းတွေကိုမသုံးဘဲ အခုလို အဓမ္မလုပ်ကိုင်နေတာ တွေကိုမြင်ရတာ အတော်လေး ရုပ်ပျက်ဆင်းပျက် မြင်ကွင်းတွေလို့ ခံစားရစေပါတယ်။ လုံခြုံရေးတာဝန် ယူထားတဲ့သူတွေကို ရေသန့်ဘူးတွေ၊ ခဲလုံးတွေနဲ့ ပေါက်ကြတာတွေကို မြင်တွေ့ရတယ်။ မတတ်သာတဲ့အဆုံး အဓိကရုဏ်း နှိမ်နင်းနေရတဲ့ အခြေအနေတွေကို မြင်တွေ့ရတာ စိတ်မသက်သာ ဖြစ်ရပါတယ်။ နှစ်ဖက်စလုံးက မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်ဘူးလားခင်ဗျာ။
ကျွန်တော်တို့ ငယ်ငယ်က လူကြီးတွေပြောတာ ကြားဖူးတယ်။ တိုင်းပြည် မတည်ငြိမ်ကြရင် မင်းလောင်းမျှော်ကြသတဲ့။ စကြမင်းကြွလာမယ်တို့၊ တိုင်းပြည်ကို ကယ်တင်မယ့် မင်းလောင်း ပေါ်မယ်တို့ အမျိုးမျိုးတွေပေါ့။ အမှန်တော့ လွတ်လပ်ရေးကို နယ်ချဲ့လက်အောက်က အရယူပေးတာ မြန်မာနိုင်ငံသားတွေပါပဲ။ ဘယ်ပြည်ပနိုင်ငံသားကမှ သူများနိုင်ငံရဲ့ အကျိုးစီးပွားကို အသက်စွန့်ပြီး မကာကွယ် ပါဘူး။ နိုင်ငံရဲ့ ပြည်တွင်းရေးကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမှာက နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်ပါ တယ်။ မြှောက်ပေးသူတွေ၊ သွေးထိုးလှုံ့ဆော်သူ တွေဟာ နောက်ကွယ်ကနေ နိုင်ငံတည်ငြိမ်မှု မရှိအောင် သွေးထိုးပေးနေတဲ့အတိုင်း ကြိုးဆွဲရာ ကနေကြလို့ မဖြစ်ချေပါဘူး။ အားလုံးစုစုစည်းစည်းနဲ့ ဥပဒေဘောင်အတွင်းကနေ အားလုံးပါဝင်ညီမျှတဲ့ ဒီမိုကရေစီ ဖော်ဆောင်မလဲဆိုတာကိုပဲ ဦးတည် စေချင်ပါတယ်။
ယနေ့အခြေအနေ ရောက်လာခဲ့ရတာကိုက ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို မျက်ကွယ်ပြုပြီး တိုင်ပင်နှီးနှောမှု၊ ညှိနှိုင်းအဖြေရှာမှု အားနည်းခဲ့ရတဲ့အတွက်လို့ ကျွန်တော်ကတော့ မှတ်ယူပါတယ်။ ဒါကိုသင်ခန်းစာယူပြီး အနာဂတ်မြန်မာ့နိုင်ငံရေးကို ထုဆစ်ရာမှာ ဆန္ဒပြသူတွေ ပြောနေကြတဲ့ နွေဦးတော်လှန်ရေးကနေ အားလုံးညီညီညွတ်ညွတ်နဲ့ ဖန်တီးကြမယ့် နွေဦး နံနက်ခင်းအဖြစ် ပြောင်းလဲနိုင်ဖို့လိုပါတယ်။ အဖျက်အမှောင့် လုပ်ရပ်တွေကို ပြည်သူတစ်ရပ်လုံး က နားလည်သဘောပေါက်ပြီး ပူးပေါင်းကြိုးပမ်းကြမယ်ဆိုရင် အနာဂတ်အတွက် အချိန် မနှောင်းသေးဘူးလို့ ထင်မြင်မိပါတယ်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ အေးချမ်းလုံခြုံခြင်းကို လိုလားကြတဲ့ ပြည်သူတွေဟာ လက်ရှိအခြေအနေမှာ ဖြစ်ပွားနေတဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေကို လက်သင့် ခံနိုင်ကြမယ်မထင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကနေ ပြည်သူကို အသိပေးချက်တွေ၊ မေတ္တာရပ်ခံချက်တွေ ထုတ်ပြန်ပြီး တစ်ဖက်မှာလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်နေရပြီဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူလူထု ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းရလဒ်များကို ပြန်လည်စစ်ဆေး ခြင်းအပါအဝင် လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်တွေကို အမြန်ဆုံးနဲ့ စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက် ပြီးစီးတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်မှာ ဖြစ်တယ်ဆိုတာကိုလည်း အတိအလင်းကြေညာ ထားပြီးသားဖြစ်ပါတယ်။ ။ ဒါတွေကို လျစ်လျူရှုပြီး တိုင်းပြည်ပျက်စီး ကြောင်း ကြံစည်မြှောက်ပင့်သွေးထိုးပေးနေတာ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တိုးပွားအောင် လုပ်ဆောင်နေတာ၊ ကောလာဟလသတင်း ၂ မှားတွေနဲ့ လူထုကိုကြိုးကိုင် နိုင်အောင် လုပ်ဆောင် နေတာတွေကို ရည်ရွယ်ချက်အပြည့်နဲ့ လုပ်ဆောင်တဲ့ သူတွေအနေနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပြည်သူတွေအနေနဲ့လည်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့ အားလုံးညီညွတ်စွာနဲ့ လျှောက်လှမ်းသွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
မင်းပြည့်စုံ