ချင့်ယုံ၊ ပွားများ လူမှုကွန်ရက်များ
ချင့်ယုံ၊ ပွားများ လူမှုကွန်ရက်များ
ဆောင်းရာသီရဲ့ အေးမြမြနံနက်ခင်းမှာ နှင်းစက်တွေနဲ့အတူ လမ်းလျှောက်ခြင်းကို အချိန်ပေးပြီး မဖြစ်မနေ လုပ်ဆောင်ဖြစ်တယ်။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါ များစွာအထောက်အကူဖြစ်စေတဲ့ လမ်းလျှောက်ခြင်းကြောင့် စိတ်ရောကိုယ်ပါ တစ်နေ့တာလုံး ကြည်လင်လန်းဆန်းနေပြီး နေ့စဉ် လုပ်ဆောင်ရမယ့် နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်တာပဲ ဖြစ်ပါတယ်။
နံနက်ခင်း လမ်းလျှောက်ပြန်ရောက်တိုင်း ရေအဝသောက်ပြီး ခဏလေး အနားယူချိန်မှာ လူမှု ကွန်ရက်တွေက သတင်းအဖုံဖုံကို သိရအောင် ၁၅ မိနစ်လောက်တော့ ကြည့်ဖြစ်တယ်။ တစ်ခါ တလေလည်း နာရီဝက်မက အချိန်ကြာမှန်းမသိ ကြာတတ်တဲ့ ရက်တွေလည်းရှိခဲ့တယ်။ ခုချိန်ကာလ မှာတော့ မနက်ခင်း မင်္ဂလာအချိန် ကိုယ့်ရဲ့ကောင်းမြတ်တဲ့ စိတ်တွေကို ထိခိုက်စေမယ့် သတင်း မဟုတ်တဲ့အတင်းတွေ၊ အဖျင်းတွေအတုအယောင် စာသား၊ စကားတွေကို ရှောင်ဖို့ ဖုန်းသုံးခြင်းကို လျှော့ချ ဖြစ်ခဲ့တယ်။
နေ့လယ်ပိုင်းအားချိန် လူမှုကွန်ရက်တွေ ဝင်ကြည့် ချိန်မှာတောင် အများဆုံးတွေ့မြင်နေရ၊ ဖတ်လိုက် ရတာတွေက ဘယ်သူက စတင်မှန်းမသိ စတင်လိုက်တဲ့ သတင်းမှား၊ သတင်းတုတွေ။ အခြေအမြစ် မရှိ၊ မတိကျ မရေရာတဲ့ စာသားတွေကို ကူးယူလိုက်၊ ပြန်လည်မျှဝေလိုက်နဲ့ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဉာဏ် မရှိတော့တဲ့ လူသားတွေ ဖြစ်နေပြီသလားတောင် ထင်မိလိုက်ရတယ်။
ဒီကာလမှာ တချို့တချို့ဝန်ထမ်းတွေဟာ လူမှုကွန်ရက်ပေါ်ကို ဘယ်သူစတင်မှန်းမသိတဲ့ စာသား တွေကို ကူးယူပြီး ပြန်လည်ဖော်ပြခြင်း လုပ်ရပ်တွေဟာလည်း ဝန်ထမ်းစည်းမျဉ်းအရ အရေးယူဖို့ ဖော်ထုတ်ရာမှာ စုံစမ်းစစ်ဆေးစရာ မလိုအောင်ကို သက်သေအခိုင်အမာ ဖြစ်နေတတ်တယ် ဆိုတာကို စဉ်းစားဆင်ခြင်နိုင်ဖို့ လိုပါတယ်။ အလုပ်မရှိ အကိုင်မရှိသူတွေ မြှောက်ပင့်နေတဲ့ ဘဝ နစ်မွန်းရေး လုပ်ရပ်တွေကနေ အမြန်ဆုံး ရုန်းထွက်နိုင်ပြီး ဂုဏ်သိက္ခာရှိရှိ ရုံးပြန်တက်ကြခြင်းသာ အကောင်းဆုံး ဆိုတာကို အချိန်မလွန်ခင် အမှန်မြင်နိုင်ကြဖို့ လိုပါတယ်။
တစ်ရက်က ဖတ်လိုက်ရတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုင်ငံဝန်ထမ်းတွေကို Civil Disobedience Movement - CDM မှာ ပါဝင်ကြဖို့၊ ပူးပေါင်းကြဖို့ကို ခပ်ကြမ်းကြမ်း၊ ခပ်ပဲ့ပဲ့ ရေးသားထားကြ သူတွေကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ကြည့်လိုက်ပြန်တော့ ဘက်လိုက် ရေးသားနေတဲ့ အဆိပ်အတောက် မီဒီယာ သမားတချို့၊ Project နဲ့ ရပ်တည်နေတဲ့ ဝန်ထမ်းတချို့၊ အလုပ်မယ်မယ်ရရ မရှိသူတချို့၊ နိုင်ငံ့ဝန်ထမ်းဘဝကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားသူ၊ အလုပ်ပြုတ်သွားသူ တချို့၊ တစ်ချိန်က တင်ဒါတွေနဲ့ ချမ်းသာကြီးပွားခဲ့သူတချို့။ ဒီလို ဒီလို လူတွေက အများစု။
လူမှုကွန်ရက်သုံးစွဲသူ တချို့ကလည်း သတင်းမှား၊ သတင်းတု၊ အတင်းအဖျင်းသတင်းမှန်း သိလျက် နဲ့ပင် ပြန်လည်မျှဝေခြင်းကို ပြုလုပ်နေကြတာကလည်း သတင်းမှန်ဖို့ထက် သတင်းဖြန့်ဖို့ကို စိတ်ခံစားမှုနဲ့ ပေါ်ပြူလာဖြစ်မှုအတွက် ဦးတည်နေခြင်းသာ ဖြစ်ပါတယ်။ သတင်းအချက် အလက် မှန်ကန်မှုနည်းနေတဲ့ မြန်မာ့လူမှုကွန်ရက်က သတင်းတွေကို အကောင်းအဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့ရာမှာ ပညာနဲ့ယှဉ်ထိုး ဆုံးဖြတ်နိုင်မှသာ သတင်းမှား သတင်းမှန် ခွဲခြားသိမြင် ပိုင်းခြားဝေမျှနိုင်မှာ ဖြစ်ပါတယ်။
လူမှုကွန်ရက်က အကြောင်းအရာတစ်ခု၊ သတင်း တစ်ပုဒ်ကို ဖတ်ပြီဆိုတာနဲ့ သတင်းရင်းမြစ်ကို ဦးစွာဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ခုရက်ပိုင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ တွေ့ရတာတွေက သတင်း ရင်းမြစ်မပါဘဲ ခရက်ဒစ် (Crd:) ဟုသာ ဖော်ပြပြီး သတင်းမှား၊ အတင်းအဖျင်း အကြောင်းအရာ တွေက ခပ်များများ။ သတင်းရဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်ပြန်တော့ ဒီမိုကရေစီဟု နှုတ်က တတွတ်တွတ်ရွတ်ကာလုပ်ရပ်က စည်းမဲ့ကမ်းမဲ့၊ အများသူငါကို နည်းမျိုးစုံနဲ့ နှောင့်ယှက်နေကြတဲ့ ကိစ္စတွေ။ ရေးသားထားတဲ့ သတင်းတွေမှာ အချက်အလက်တွေဟာ မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုမရှိဘဲ လိုရာကိုဆွဲပြီး ပြည်သူတွေ ဆူပူအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် ချဲ့ကား ရေးသားထားတာ တွေဟာလည်း သတင်းမှားနဲ့ ပြည်သူတွေ လမ်းလွဲရောက်အောင် လုပ်ကြံ လီဆယ်မှုဆိုတာ ဆက်စပ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။
ခုလို ကိုဗစ်-၁၉ ရောဂါကြောင့် ကိုယ့်နိုင်ငံတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံး အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေချိန်မှာ “နိုင်ငံ့ဝန်ထမ်းအလုပ်ကို ရဲရဲသာထွက်လာခဲ့လိုက်။ ရန်ကုန်မှာ အလုပ်တွေ ပေါတယ်၊ လာသာလာခဲ့လိုက်ဆိုတဲ့"စကားတွေဟာ ဘယ်လောက်များ ဟာသဖြစ်စရာလဲ။ ရန်ကုန်မှာနေတဲ့ ဒေသခံတွေထဲက လူငယ်အများစုတောင် အလုပ်ရဖို့ အခက်အခဲတွေ ရင်ဆိုင် နေရချိန်းဒေသခံမဟုတ်တဲ့သူတွေအတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး အခက်အခဲမျိုးစုံကို လက်တွေ့ ချင့်ချိန်ကြည့်ဖို့ လိုပါတယ်။
လက်ရှိဘဝကနေလက်မဲ့ဘဝကို နေ့ချင်းညချင်းရောက်သွားပြီး ယောင်ဝါးဝါး ဝေလေလေနဲ့ နေရမယ့် နေ့ရက်တွေဟာ ပညာတတ်နိုင်ငံ့ဝန်ထမ်းအတွက် ဆီလျော်ထိုက်တန်တဲ့ ကိစ္စမဟုတ်တာ ကြောင့် လမ်းမှားကိုစွန့်ပြီး လမ်းမှန်ကို အမြန်ပြန်လည်လျှောက်လှမ်းလာဖို့ တိုက်တွန်းပါတယ်။
လူမှုကွန်ရက်ဆိုတာက ကောလာဟလ ပေါင်းစုံတက်တယ်။ ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး နိုင်ငံဆူပူမှုဖြစ်အောင်၊ အလုံးစုံပျက်သုဉ်းရေးဆီ ဦးတည်တာတွေဟာ ဘယ်လိုမှ နိုင်ငံအပေါ်ထားတဲ့ စိတ်စေတနာ မကောင်းဘူး၊ မမှန်ကန်ဘူး။ အထူးသဖြင့် သတင်းတု၊ သတင်းမှား ဖြန့်ချိနေသူတွေက Disinformation Campaign၊ Misinformation Campaign သဘောလုပ်နေကြတာကြောင့် မိမိဖေ့စ်ဘွတ်အကောင့်ထဲမှာ သတင်းတု၊ သတင်းမှား မျှဝေသူတွေကို မထားသင့်တော့ပါဘူး။ ဖေ့စ်ဘွတ်ဆိုတာ မိမိအကောင့်ထဲ လူကောင်းများရင် ကောင်းမွန်တဲ့ အကျင့်စရိုက်တွေကို အချင်းချင်းမျှဝေ ပြန့်ပွားနိုင်ပြီး စိတ်အေးချမ်းမှု မေတ္တာဓာတ်ရသလို လူဆိုးသူယုတ်တွေ များလာရင်တော့ မကောင်းတဲ့အတွေးအခေါ် စရိုက်ဆိုး စရိုက်ကြမ်းများကြောင့် အတ္တနဲ့မာနတို့သာ ရရှိကြမှာဖြစ်ပါတယ်။
ဒီနေရာမှာ မာနဆိုတာကို အနည်းငယ်မျှ အကျဉ်းချုံး ဖော်ပြပါဦးမယ်။ မာနဆိုတာ တက်ကြွခြင်း၊ ထောင်လွှားခြင်းလို့ အဓိပ္ပာယ်ရပြီး မာနတရားကြောင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုစေပါ တယ်။ မာနရှိနေသရွေ့ ပူလောင်မှုနဲ့ လောင်မြိုက်နေမှာ ဖြစ်ပါတယ်။ မာနနဲ့ ပတ်သက်လို့ မန်လည် ဆရာတော်ကြီးက “လောကလူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင်မရှိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရတည့်၊ သုတ တရား၊ မြင်ကြားအသိ၊ များစွာရှိလည်း၊ သတိမယှဉ်၊ သမ္မဇဉ်မမှီ၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကာမတ္တ၊ သုံးမကျရှင့်၊ သူများကိုသာ၊ နှိပ်လိုစွာဖြင့်၊ ရန်စွာထိပါး၊ အပြစ်များ၏” ဟု မဃဒေဝလင်္ကာအဖြစ် စပ်ဆိုခဲ့ပြီး လူသားများအနေနဲ့ မာနကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း သတိတရားနဲ့ ထိန်းချုပ်နိုင်ကြဖို့ တိုက်တွန်းဆုံးမတော် မူခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် CDM မှာ ပါဝင်လှုပ်ရှားနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လည်း သတိတစ်ချက် အလွတ်မှာ ရောယောင်ပြီး နားယောင်ကာ မပါဝင်ထိုက်တဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ဆင်ခြင်နိုင်ပြီး တလွဲမာနတို့ဖြင့် အံကြိတ်ကာ ဘဝကို ရှင်သန်နေမယ့်အစား မိမိတတ်သိထားတဲ့ ပညာနဲ့ ကျွမ်းကျင် တတ်မြောက်ထားတဲ့ အလုပ်ကို တန်ဖိုးထားကာ နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊ မိသားစုအတွက်၊ ဘဝအတွက်ဆိုင်ရာ လုပ်ငန်းခွင်သို့ အမြန်ပြန်လည် ဝင်ရောက်ကြရန် အချိန်တန်ပြီ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ သင်ကြားခဲ့ရတဲ့ သင်ညာ(ပညာ)တွေကြောင့် နိုင်ငံတော်ရဲ့ တစ်ထောင့်တစ်နေရာကနေ နိုင်ငံအတွက်၊ ပြည်သူအတွက် ကျရာတာဝန်ကို ပါဝင် ထမ်းဆောင်ခွင့်ရရှိနေကြပြီဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှ ရရှိတဲ့ ပညာရပ်အစုံစုံတို့ ပေါင်းဖက်ပြီး သင်ညာရော ပညာပါ စုံလင်စွာတတ်မြောက်ခွင့်ရရှိနေပြီ ဖြစ်ပါတယ်။
ဤသို့ဆိုလျှင် နိုင်ငံ့ကျေးဇူး၊ ဌာနကျေးဇူး၊ လုပ်ဖော် ကိုင်ဖက် ဆရာသမားများရဲ့ မေတ္တာတို့ဖြင့် “အပြုံးမပျက် ရုံးတက်"ပြီး နိုင်ငံ့တာဝန်တွေကနေ “ရုန်းမထွက်ဘဲ ရုံးတက်”ကြရင်း တိုင်းပြည်ရဲ့ အနာဂတ်ကို ထုံမွှမ်း အလှဆင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။
လင်းနိုင်