Skip to main content

ပြည်သူ့အကျိုးစီးပွား ဦးတည်ထား၊ နိုင်ငံ့ဝန်ထမ်းများ

နိုင်ငံ့ဝန်ထမ်းအားလုံးသည် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ပြီး ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်တို့ကို မပျက် မကွက် လိုက်နာစောင့်ထိန်းရမည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်က အတည်ပြု ဖွဲ့စည်းခွင့်ပြုထားသော ဌာနဆိုင်ရာအဖွဲ့အစည်း တစ်ခု၏ တီထွင်ထားသည့် ရာထူးနေရာတစ်ခုခုတွင် အမြဲတမ်း ခန့်အပ်ခြင်းခံရပြီး နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ လစာ၊ စရိတ်ခံစားသူကို ဆိုလိုပါသည်။ နိုင်ငံရေးအရ ခန့်အပ်သော ဒုတိယဝန်ကြီး၊ ဝန်ကြီးအဆင့်များကို နိုင်ငံ့ ဝန်ထမ်းဟု မသတ်မှတ်ဘဲ ပြည်သူ့ဝန်ထမ်းဟု သတ်မှတ် ထားရှိပါသည်။ ပါတီနိုင်ငံရေးကင်းရှင်းရန် တာဝန်ထမ်းဆောင်မှုအပေါ် မူတည်ပြီး ဝန်ထမ်းမှု ဆိုင်ရာ ခံစားခွင့်များ ကိုလည်း ခံစားခွင့်ပြုထားပြီး ဖြစ်ပါ သည်။ ဝန်ထမ်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်သည့် အတွက် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများအရ တာဝန်ထမ်းဆောင်မှုကို အကြောင်း ပြု၍ အလုပ်တည်မြဲခွင့်၊ ရာထူး၏လစာခံစားခွင့်၊ နှစ်တိုး ခံစားခွင့်၊ အချိန်မစေ့မီ နှစ်တိုးခံစားခွင့်၊ ရာထူးတိုးမြှင့်ခြင်း ခံစားခွင့်၊ ဆေးဝါးကုသမှုခံယူခွင့်၊ ပညာလေ့လာဆည်းပူး သင်ယူခွင့်၊ ခွင့်ခံစားခွင့်၊ ဒေသစရိတ်ခံစားခွင့်၊ ခရီးစရိတ်၊ ဉာဏ်ပူဇော်ခနှင့် အခကြေးငွေ စသည်တို့ကို သတ်မှတ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခံစားခွင့်ရရှိပါသည်။ ။ တာဝန်ထမ်းဆောင်မှုကို အကြောင်းပြုပြီး ဝန်ထမ်းမှုဆိုင်ရာ ခံစားခွင့်များကို ရယူခံစားနေသည့် ဝန်ထမ်းသည် ထမ်းဆောင်ရမည့် တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ကြရပေမည်။ ထိုနည်းတူ လိုက်နာရမည့် စည်းကမ်းများကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ၊ တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပြီး ဝန်ထမ်းကျင့်ဝတ်များကိုလည်း အထူးအလေးထား စောင့်ထိန်းကြရပေမည်။ ဌာနဆိုင်ရာ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်ပါသည်။ ပါတီ နိုင်ငံရေးကင်းရှင်းမှု မရှိပါက ဝန်ထမ်းအချင်းချင်း ပါတီစွဲ၊ ဝါဒစွဲများဖြင့် ဆက်ဆံနေကြလျှင် ပူးပေါင်းဆောင်ရွက်၍ ရမည်မဟုတ်သဖြင့် မူလတာဝန်များ အောင်မြင် ပေါက်မြောက်အောင် ဆောင်ရွက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဝန်ထမ်းအချင်းချင်းကြားတွင် နိုင်ငံရေးပါတီဝင်များ တူရာတူရာ စုပေါင်းအုပ်စုဖွဲ့ပြီး ဆောင်ရွက်သည်များ ရှိလာပါက ဝန်ထမ်း အဖွဲ့အစည်း ပျက်ယွင်းနိုင်ပြီး နိုင်ငံတော်၏ ယန္တရားလည်ပတ်မှုကို များစွာထိခိုက်နစ်နာစေမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ၂၆၊ ပုဒ်မခွဲ (က)တွင် “နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဟု ပြဋ္ဌာန်းထားရှိပါသည်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ အခန်း(၄) တာဝန်နှင့် အခွင့်အရေးများတွင် ပါဝင်သောတာဝန်များ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဆ)တွင် ပါတီ နိုင်ငံရေးကင်းရှင်းခြင်း” ကို တာဝန်တစ်ရပ်အနေဖြင့် လိုက်နာရန် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ ထို့အတူ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းထားရှိသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း ဖော်ပြ ချက်တွင် ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ(ည) အရ နိုင်ငံ့ဝန်ထမ်းများ ပါရှိပါသည်။ ဆိုလိုသည်မှာ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်မရှိကြောင်း တိတိကျကျ ပြဋ္ဌာန်း ထားရှိခြင်းပင် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများပြုစုခြင်း၊ အရာထမ်းအဆင့် ဝင်ပေါက်ရာထူးရွေးချယ် ပေးခြင်းများ၊ ရာထူးအဆင့်ဆင့်နှင့် လျော်ညီသော သင်တန်းများ ဖွင့်လှစ်ပေးခြင်းများ၊ ဝန်ထမ်းမှုဆိုင်ရာများ ဆောင်ရွက် နေသည့် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရာတွင် အရည်အချင်းသတ်မှတ်ချက်မှာ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဆိုသော နှစ်ချက်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၄၆၊ ပုဒ်မခွဲ (ခ) ဖြင့် ထည့်သွင်းသတ်မှတ် ထားရှိပါသည်။ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ နိုင်ငံရေးပါတီဝင် မဟုတ်သူများသာ တာဝန်ပေးအပ် ထားခြင်းမှာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းများ၏ ဝန်ထမ်းမှုဆိုင်ရာ အရေးကိစ္စများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ပါတီနိုင်ငံရေး ပယောဂများ ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားရှိကြောင်း သိသာမြင်သာ ရှိလှပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိပါသည်။ ထို့အပြင် ဝန်ထမ်းများ စောင့်ထိန်းရမည့် ကျင့်ဝတ်များလည်း ရှိပါသည်။ ကျင့်ဝတ်ထိန်းသိမ်းကြလျှင် ဝန်ထမ်း အဖွဲ့အစည်းများ၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်၊ ပေါက်မြောက်အောင်မြင်ကြပြီး ပြည်သူများ၊ တစ်နည်း အားဖြင့် နိုင်ငံတော်အတွက် ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။ ဝန်ထမ်းများ စောင့်ထိန်းရမည့် ကျင့်ဝတ်များအနက်မှ ကျင့်ဝတ်အချို့မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။ ပြည်သူတို့၏ အကျိုးစီးပွားများကို အလေးထားဆောင်ရွက်ရမည်။ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ၊ ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရမည်။ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေး လာဘ်ယူပြုခြင်း တို့ကို ရှောင်ကြဉ်ရမည်။ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက် ရမည်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေမည့် စာအုပ် စာတမ်းရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း မပြုလုပ်ရ စသည်တို့ဖြစ်ပါသည်။ ထို့အပြင် အလုပ်ခွင်ဆိုင်ရာစည်းကမ်းများ၊ အလုပ်ချိန်ဆိုင်ရာစည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှုဆိုင်ရာ စည်းကမ်းများ၊ ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်း များ၊ ပါတီနိုင်ငံရေး ကင်းရှင်းရန် စည်းကမ်းများကိုလည်း လိုက်နာကြရပါမည်။ အထူးလိုက်နာကြဖို့ လိုအပ် ပါတီနိုင်ငံရေးကိစ္စကင်းရှင်းမှသာ ပါတီစုံဒီမိုကရေစီ စနစ်တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီစွဲ၊ မူဝါဒစွဲကင်းပြီး မိမိတို့လုပ်ငန်းတာဝန်များကို ဘက်လိုက်မြိုကင်းစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သဖြင့် ဝန်ထမ်း များအတွက် ပါတီနိုင်ငံရေးကင်းရှင်းရန် ဝန်ထမ်းကျင့်ဝတ် စာစောင် (၂၀၀၄ ခုနှစ်) တွင် စည်းကမ်းသတ်မှတ်ချက်များ ဖော်ပြထားရှိပြီး ဖြစ်ပါသည်။ စည်းကမ်းအချို့ကို ဖော်ပြရလျှင် မည်သည့်ပါတီနိုင်ငံရေးကိုမျှ မလုပ်ရပါ။ မည်သည့် ပါတီနိုင်ငံရေးအဖွဲ့အစည်းတွင်မျှ မပါဝင်ရပါ။စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်း မဟုတ်သည့် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့တွင် မပါဝင်ရပါ။ မည်သည့် ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူအညီပေး ခြင်းများ မပြုလုပ်ရပါ။ ရုံးတွင်းရုံးပြင်၌ ပါတီနိုင်ငံရေး နှင့်စပ်လျဉ်း၍ စည်းရုံးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြော ခြင်းများ မပြုလုပ်ရပါဆိုသော စည်းကမ်းချက်များကို နိုင်ငံ့ဝန်ထမ်းများ အထူးလိုက်နာကြဖို့ လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၃၈ တွင် “ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန် ပျက်ကွက်မှုတို့အတွက် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။ ဝန်ထမ်း၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုသည် ပြစ် မှုမြောက်နိုင်သည့်ကိစ္စဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူရန် ဆောင်ရွက်ရမည်”ဟု လည်းကောင်း၊ နိုင်ငံ့ ဝန်ထမ်းဥပဒေနည်းဥပဒေများ ၁၆၃၊ နည်းဥပဒေခွဲ(၃) တွင် လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို ထိန်းသိမ်း စောင့်ရှောက် ရန် ပျက်ကွက်ခြင်း သို့မဟုတ် လုပ်ငန်းဆိုင်ရာလျှို့ဝှက် ချက်များကို မသက်ဆိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသိပေးခြင်း၊ နည်းဥပဒေခွဲ(ပ)တွင် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေမည့် စာအုပ်စာတမ်းများ ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ နည်းဥပဒေခွဲ(ဖ)တွင် နိုင်ငံတော်လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုပ်ရှားမှုတစ်ခုခု တွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေး ကူညီခြင်းတို့ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းများကို အရေးယူအပြစ်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားရှိပါသည်။ နိုင်ငံတော် အစိုးရအဖွဲ့ နိုင်ငံတော်၏ ဦးဆောင်အဖွဲ့ အစည်းမှာ နိုင်ငံတော် အစိုးရအဖွဲ့ ဖြစ်သည်။ နိုင်ငံတော်အစိုးရအဖွဲ့ က မူဝါဒ၊ လမ်းစဉ်များကို လက်ရှိတည်ဆဲဥပဒေများနှင့်အညီ ချမှတ် အကောင်အထည်ဖော်ရန် အဆုံးအဖြတ်ပေးပြီးဆိုင်ရာ ဝန်ကြီးဌာနများက လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ကြရသည်။ အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရှိသည်များကို နိုင်ငံတော်အစိုးရအဖွဲ့က အဖြေရှာပြီး လတ်တလော အကောင်အထည်ဖော်ရန် လိုအပ်ချက်၊ ရေတိုရေရှည်စီမံချက်၊ မျှော်မှန်းချက်များကို ကဏ္ဍအလိုက် ပညာရှင်များထံမှ လိုအပ်သည့်အကြံဉာဏ်များ ရယူပေါင်းစပ်ကာ နိုင်ငံတော်၏ ယန္တရားလည်ပတ်ရန် ဆောင်ရွက်ကြသည်။ ။ နိုင်ငံတော်အစိုးရတစ်ရပ်သည် နိုင်ငံတော်၏ ယန္တရားလည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများကို ဦးဆောင်လမ်းညွှန်ပြုရသည်။ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် နိုင်ငံတော်၊ တစ်နည်းအား ဖြင့် ပြည်သူများ၏ အကျိုးစီးပွားများကို ဦးတည် ဆောင်ရွက်ကြရသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ပြည်သူများ၏ အကျိုးစီးပွားအတွက် လုပ်ငန်းတာဝန် များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရ သူများ ဖြစ်ပါသည်။ “ဝန်ထမ်းကောင်းမှသာ နိုင်ငံကောင်းမည်” ဟုပင် ဆိုကြသည်များလည်း ရှိပေသည်။ ပြည်သူကို အလုပ်အကျွေးပြုကြရမည့် နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ တည်ဆဲဥပဒေ များနှင့်အညီ ဦးဆောင်စံပြလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံနှင့် ပြည်သူများ၏ အားထားရသော ဂုဏ်သိက္ခာရှိသည့် နိုင်ငံ့ဝန်ထမ်းများ” အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးတည်ထားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြင့်သာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ တည်ဆောက်နိုင်မည် ဖြစ်ပေသည်။ မောင်မောင်ဟိန်း