Skip to main content

စိတ်ထားအလှ

ရုပ်ချောသည့်လူနှင့် အပြောကောင်းသည့်လူ ထိုသူနှစ်ဦးစလုံးက ခင်မင်နှစ်သက်စရာ ကောင်းကြပါသည်။ ရုပ်ချောသူနှင့် အပြောကောင်းသူ ယှဉ်လာလျှင် အများအပြားသောလူတို့က မည်သူ့ကို ပိုမိုစွဲလမ်းကြ သနည်း။ အချို့က ရုပ်ချောသူသာလိမ့်မည်ဟု ထင်ကြသည်။

ရုပ်ရှင်မင်းသားမင်းသမီးတွေ အဖိုးတန်အလှပြင် ပစ္စည်းတွေဖြင့် အချိန်တွေအများကြီးပေးပြီး လှလာအောင်ပြင်ကြသည်။ လှသထက်လှအောင် ပြုပြင်ကြသည်။ အချို့ဆိုလျှင် နိုင်ငံခြား တောင်သွားပြီး မျက်နှာကို ခွဲစိတ်ပြုပြင်ခဲ့ကြပါသေးသည်။ နှာတံမပေါ်တာပေါ်အောင်၊ မျက်ပေါက်ကျဉ်းတာကို မျက်ရစ်ဖော်ပြီး မျက်လုံးလှအောင် ဆောင်ရွက်ကြလေသည်။ လှတာ ကောင်းပါသည်။

ရုပ်လှတာကို လူတွေသဘောကျကြတာကလည်း အမှန်ပဲ။ သို့ရာတွင် ရုပ်ဆိုးသော်ငြားလည်း သူတစ်ပါးကို ဆွဲဆောင်နိုင်စွမ်းရှိတတ်ပါ၏။ ပဉ္စပါပီဆိုသော အမျိုးသမီး သည် ဇာတ်တော်မှာ ထင်ရှားသည်။ မင်းကုသဆိုသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓဝင်ငါးရာ့ငါးဆယ် နိပါတ်တော်တွင် ထင်ရှားသည်။ ရုပ်ချောတာထက် အပြောကောင်းဖို့ လိုပါသည်။ အပြောကောင်းလျှင် လူရာဝင်သည်။ လူတကာက ချစ်ခင်ကြပါသည်။

ဇာတ်သဘင်လောကမှာ ဦးဖိုးစိန်ကြီး အောင်မြင် သည်မှာ အပြောကောင်းသောကြောင့်ဖြစ်၏။ ရွှေမန်းတင်မောင် သဘင်တစ်ခေတ်ဆန်းသစ် အောင်မြင်ခဲ့သည်မှာ အပြောကောင်းသော ကြောင့်ပင်ဖြစ်၏။ ရုပ်ရှင်မင်းသား ခင်မောင်ရင်၊ ထွန်းဝေ၊ မြတ်လေး၊ ကောလိပ်ဂျင်နေဝင်း စသည်တို့ အောင်မြင်ထင်ရှား လူကြိုက်များခြင်းမှာ ရုပ်ချောလို့ထက် အပြောကောင်းကြသဖြင့် ဖြစ်လေသည်။

ကျော်ဟိန်း၏ ဒိုင်ယာလော့တွေ ကြိုက်ကြသည် ဆိုရာတွင် မူရင်းဝတ္ထု အောင်လင်း၊ ဆရာကြီး ပီမိုးနင်း၊ သုခ စသည်တို့က အရေးအသားကောင်းပြီးသားကို သရုပ်ပါပါ ပြောဆိုတတ်သော ကြောင့် ဖြစ်လေသည်။ ကျော်ဟိန်း ထက်ပိုပြီး ရုပ်ချောသောမင်းသားတွေ သူ့လောက် လျှမ်းလျှမ်းတောက် မပေါက်မြောက် မထွန်းကားခဲ့ချေ။

ရုပ်ချောမချောဆိုသည့် အချက်ထက် အပြောကောင်း မကောင်းဆိုသည့်အချက်က လူမှာပိုပြီး အရေးကြီးကြောင်း သိသာထင်ရှားလှပါသည်။ ရုပ်ရည်ချောမောလှပအောင် မိတ်ကပ်လိမ်းကြ၊ မျက်ခုံးမွေးတွေဆွဲကြ၊ နှုတ်ခမ်းနီဆိုးကြ၊ ပွဲတွေလမ်းတွေမှာ မိမိကို လူတွေကြည့်ချင်အောင် ပြုပြင်ကြ၏။ မိမိကို လူတွေလေးစားချစ်ခင်မှာ သူ့နေရာနှင့်သူ ပြောတတ်ဆိုတတ်၊ ပြောနိုင် ဆိုနိုင်သော အရည်အသွေး ရှိဖို့ရာက ပိုပြီးအရေးကြီးပါသည်။ ပြောရေးဆိုခွင့်ရှိလာလျှင် ချက်ကျလက်ကျနှင့် အများနားဝင်လက်ခံအောင်ပြောဆို တတ်ဖို့ရာသည် အတတ်ပညာ တစ်ရပ်ဖြစ်သည်။ အနုပညာတစ်ခုလည်းဖြစ်ပါသည်။ လူလူချင်းပြောဆို ဆက်ဆံခြင်း ပညာသည် လိုက်စားလေ့လာ၍ မကုန်နိုင်အောင် ကျယ်ပြောပါသည်။ ကျယ်ဝန်းလှပါသည်။ ပညာနက်သည်။ ကြိုးစားမှရသည်။

အခြေအနေအချိန်အခါနှင့် ကိုက်ညီဆီလျော်သောစကားကို လူထုပရိသတ် နားဝင်နှစ်သက်အောင်၊ လက်ခံအောင်ပြောတတ်ဖို့မှာ ဝမ်းစာလို သည်။ သမ္ဘာလိုသည်။ ဝမ်းစာဆိုသည်မှာ အကြားအမြင် ဗဟုသုတများခြင်းပင် ဖြစ်ပါသည်။ ကျွမ်းကျင်တတ်မြောက်သော နှုတ်မှုရေးရာ များကိုပိုင်နိုင်ခဲ့ရမည်။ သမ္ဘာဆိုသည်မှာ အတွေ့အကြုံနှင့် အလေ့အကျင့်ဖြစ်ပါသည်။ အလေ့အကျင့်မရှိလျှင် လူတောထဲမှာ စင်ပေါ်တက်၍ စကားပြောရမှာကိုပင် လည်ချောင်း ခြောက်ကပ်၍ ဒူးတုန်နေတတ်ပါသေးသည်။ ရေငတ်သလိုလို၊ ချောင်းဟန့်ချင်သလိုလို ဖြစ်နေခြင်းမှာ အတွေ့အကြုံနည်းသေးခြင်းကိုဖော်ပြပါသည်။ စင်ကြောက် ခြင်းဖြစ်သည်။

အတွေ့အကြုံရှိအောင် လုပ်ဆောင်ရမည်။ အတွေ့အကြုံကို လေ့ကျင့်ခြင်းမှရရှိနိုင်ပါသည်။ နိုင်ငံရေးသမား လုပ်မည်ဟု ရည်ရွယ်သော တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် စာပေတွေကို သာမန်တက္ကသိုလ် ကျောင်းသားတွေထက် အချိန်ပေး၍ လေ့လာဖတ်ရှုသည်။ စာဖတ်အားကောင်းသည်။ စာကြမ်းပိုးသက်သက်မဟုတ်။ လက်တွေ့လည်း ပါဝင်လုပ်ဆောင် တတ်သည်။

အဆောင်ဟောပြောပွဲ၊ ဘာသာရပ်ဟောပြောပွဲ တွေမှာ အင်္ဂလိပ်လိုထပြောသည်။ အစမှာ တက္ကသိုလ်ကျောင်းသား သူငယ်ချင်းတွေက ဝိုင်းရယ်ကြသည်။ ရယ်စရာကောင်းလောက် အောင်လည်း သူညံ့သည်။ ကိုအောင်ဆန်းက စိတ်မပျက်ချေ။ သူ၏အားနည်းချက်ကို သုံးသပ်ပြုပြင်ပြီးတိုးတက်အောင် ကြိုးစားသည်။ စင်ပေါ် တက်၍ ပြောပြန်ပြီ။ မဆိုး။ ။

စကားရည်လုပွဲ၊ ကျပန်းစကားပြောပွဲ၊ ဟောပြောပွဲတို့တွင် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ဝင်ပြီးယှဉ်ပြိုင်သည်။ ဟောပြော သည်။ဆုရရမရရ အရေးမကြီး။ အလေ့အကျင့်သာရဖို့ အရေးကြီးသည်။ အတွေ့ အကြုံရှိဖို့သာ အရေးကြီးသည်။ အမှားကိုပြင်၍ ပိုမိုကောင်းမွန်အောင် သူပြောနိုင် ဆိုနိုင်လာသည်။ သမ္ဘာရင့် လာလေသည်။ လူတောသူတော ထဲမှာ မပြောရဲမဆိုရဲ မဖြစ်သင့်။

လူရှေ့သူရှေ့မှာ မဆီမလျော် အချီအငေါ်မတည့်တာကို ဘာမဆိုင်ညာမဆိုင် တက်ပြောတာ မျိုးလည်းမလုပ်ရ။ တောသားရဲ ဆွဲထုတ်ဆိုသကဲ့သို့ အခြေအနေနှင့် မကိုက်သော စကားမျိုးကို အကျိုးမဲ့မပြောရ။ ဝမ်းစာရှိအောင် စာဖတ်ကြရမည်။ စာများများဖတ်ရမည်။

သမ္ဘာရှိအောင် အလေ့အကျင့်လုပ်ရမည်။ အတွေ့အကြံရှိအောင် ဆည်းပူးရမည်း လေ့ကျင့်ခန်း များများလုပ်ပါက သိသိသာသာ တိုးတက်လာပါသည်။ရန်ကုန်တက္ကသိုလ် ရောက်စ ကိုအောင်ဆန်းနှင့် နောင်လေးနှစ်ကြာသောအခါ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း အရည်အချင်း မတူတော့ပေ။ လူထုပရိသတ်ရှေ့မှောက် အင်္ဂလိပ်လို ကောင်းမွန်ချောမောစွာ ပြောတတ်လာပေပြီ။ ဤအရည်အသွေးဖြင့် ဗိုလ်ချုပ်သည် ဆာဝီ လျှမ်ဆလင်း၊ လော့ဒ်လူဝီ မောင့်ဘက်တန်စသော အင်္ဂလိပ်ဗိုလ်ချုပ်ကြီးများက လေးစားလက်ခံပြီး နားဝင်အောင်၊ သဘောတူအောင် ပြောဆိုခြင်းဖြစ်၏။ အင်္ဂလန်မှာ မြန်မာပြည်လွတ်လပ် ရေးအတွက် သွားရောက်ဆွေးနွေးသောအခါ အသက်သုံးဆယ်အရွယ် ဗိုလ်ချုပ်အောင်ဆန်းသည် အပြောအဆို ပညာမှာ ကျွမ်းကျင်ပိုင်နိုင်သဖြင့် အောင်ခဲ့ခြင်းဖြစ်၏။

ဟောပြောခြင်း အတတ်ပညာ၊ ဆွေးနွေးခြင်း အတတ်ပညာဟူသော နှုတ်မှုပညာ အဓိက ကျလှသည်။

ရုပ်ချောဖို့ အရေးမကြီးဟုတော့ မပြောလိုပါ။ ရုပ်ချောဖို့ထက် အပြောကောင်းဖို့ရာက ပိုမိုအရေးကြီးကြောင်း သိသာထင်ရှားအောင် တင်ပြခဲ့ပါပြီ။ ရုပ်ချောဖို့လည်း ပြုပြင်သင့်တာ မှန်ပါသည်။ အပြောကောင်းအောင် ဝမ်းစာဖြည့်ရန် သမ္ဘာရင့်ဖို့ရာလည်း ကြိုးစားသင့်ပါသည်။ ထို့ထက်ပိုပြီး အရေးကြီးဆုံးအရာကို တင်ပြလိုပါသည်။ ထိုအရာကား အဘယ်နည်း စိတ်ထားအလှပြည့်စုံရပါမည်။

“စိတ်ကောင်းရှိဖို့က ပထမ” ဟု မူဝါဒချမှတ်တော်မူ ခဲ့သော အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသ (၁၉၀၀-၁၉၇၇)၏ အမြော်အမြင်ကို အံ့သြချီးကျူး၍ မဆုံးနိုင်အောင်ပင် ကြည်ညိုရပါသည်။ စာတတ်ဖို့သာ ပထမဟု စာရေးသူငယ်ငယ်က ထင်မြင်ယူဆခဲ့သည်။ စိတ်ကောင်းရှိဖို့ရာတော့ အဆင့်တစ်ဆယ်လောက်သာ ဦးစားပေးသင့်သည် ထင်မှတ်ခဲ့သည်။ အသက်အရွယ်ကြီး ရင့်လာသည်နှင့်အမျှ စိတ်ကောင်းရှိဖို့ကသာ ဦးစားပေး ပထမအဆင့် အရေးကြီးသောအရာဟု နားလည်သဘောပေါက်လာခဲ့ပါတော့သည်။

စိတ်ကောင်းရှိခြင်းတွင် သီလဖြူစင်ခြင်းလည်း အကျုံးဝင်လိမ့်မည်။ စည်းကမ်းကို ရိုသေလေးစားလိုက်နာ ခြင်းလည်းပါလိမ့်မည်။ ကိုယ်ချင်းစာ တရားနှင့် စာနာခြင်း၊ ကြင်နာခြင်း၊ အနစ်နာခံနိုင်ခြင်း၊ သူတစ်ပါးကို ကူညီတတ် ခြင်း၊ ကောင်းစားစေလိုခြင်း၊ ကြီးပွားတာကို မုဒိတာထား နိုင်ခြင်းစသော စိတ်ထားမျိုးတွေ ပါဝင်ပေလိမ့်မည်။ ယူဖို့ ရဖို့ထက် ပေးဖို့မျှဝေဖို့ စဉ်းစားလေ့ရှိခြင်းမှာ စိတ်ကောင်းစေတနာရှိခြင်း သဘောလက္ခဏာဖြစ်ပါသည်။ စိတ်ကောင်း မရှိသူက ငါပဲယူမည်၊ သူတစ်ပါး ဘာဖြစ်နေနေဆိုသော သဘောထားမျိုးရှိလေသည်။ လောက အတွက် သူမစဉ်းစား ချေ။

စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်ရာ၏ဟူ၍ မန်လည်ဆရာတော် အရှင်ဇဝနက မဟာသုတကာရီ မဃဒေဝ လင်္ကာသစ်မှာ ရေးစီတော်မူခဲ့သည်။

လောကမှာ စိတ်ထားလှသူတွေ ပေါများပါမှ သာယာအေးချမ်းကြမည်ဖြစ်လေသည်။ ကိုယ်ကျိုးကိုသာ ဦးစားပေးလွန်းသူတွေ၊ စိတ်ပုပ်၊ စိတ်ယုတ်ရှိသူတွေ၊ စိတ်အရုပ် ဆိုးသူတွေခြယ်လှယ် နေပါက လောကမတိုးတက် မဖွံ့ဖြိုး နိုင်ပေ။

ပညာပြည့်၀နှစ်လုံးသားလှသူတွေကမူ အများ ပြည်သူ၏ကောင်းကျိုးကို ဦးစားပေးရှေးရှုသည်။ သူ့အတွက် အနစ်နာခံသည်။ စွန့်လွှတ်သည်။ ကိုယ်ကျင့်သီလ ဖြူစင်အောင် စောင့်ထိန်းသည်။

၄၅ နှစ်ကြာမျှခံစားနေရသော လေနာရောဂါအတွက် နို့ဆွမ်းကို အရှင်မဟာမောဂ္ဂလန်က အလှူခံပြီး ဆက်ကပ် ပါသော်လည်း ဝေဒနာပြင်းစွာ သေမလောက် ခံစားနေရရှာသည့် အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဤသို့ မိန့်တော်မူလေသည်။

“ငါ၏ အူအခွေတို့သည် ဆာမွတ်သည့်အတွက် မိမိ၏ တည်နေရာမှထွက်၍ မြေပေါ်သို့ စီးဆင်းစေကာမူ၊ ငါ၏အသက်ကို စွန့်ရစေကာမူ အသက်မွေးခြင်းကိုစောင့်ရှောက်ခြင်း အာဇီဝပါရိသုဒ္ဓိသီလကို မဖျက်ပေအံ့။ မလျောက်ပတ် သော ရှာမှီးခြင်းကို ကြဉ်ရှောင်ပါအံ့”

ထိုသို့ ငြင်းပယ်တော်မူသဖြင့် နို့အိုးကို မြေပေါ်သို့ သွန်ရလေသည်။ နို့ရည်များ မြေပေါ်သို့ စီးဆင်းသွားသောခဏ၌ အရှင်သာရိပုတ္တရာ၏ ဖြူစင်သော သီလတန်ခိုးတော်ကြောင့် လေနာရောဂါဝေဒနာသည်လည်း ချက်ချင်းခဏ ပျောက်ကင်းသွားရလေသည်။

စိတ်ထားအလှ ကောင်းကျိုးရပါသည်။ ရုပ်လှချင်လျှင် မှန်ကိုကြည့်၍ ပြုပြင်ရသည်။ စိတ်လှချင်လျှင် ပညာပြည့်အောင် စာကိုကြည့်၍ ပြုပြင်ကြရပေသည်။

စိတ်မြတ်စိတ်ကောင်းမှာ လေ့ကျင့်မွေးမြူရသည်။ ပျိုးထောင်လေ့ကျင့်ယူရပါသည်။ စိတ်ကောင်းရှိဖို့ အဓိက ကျကြောင်းနှင့် စိတ်ကောင်းရှိသူ၊ စိတ်လှသူဖြစ်အောင် မိမိကိုယ်ကို နေ့စဉ်တည်ဆောက်မည်ဟု ခံယူအပ်ပါ သည်။ လောကတွင် လူတစ်လုံးသူတစ်လုံးအောင်မြင်သူ များသည် စိတ်နေစိတ်ထားမြင့်မားသူများပင် ဖြစ်ပေသည်။

ချစ်နိုင်(စိတ်ပညာ)