Skip to main content

စည်းလုံးစေတာ မြန်မာ့အသံ

မြန်မာ့အသံနှင့် မိမိသည် မွေးသက္ကရာဇ်ချင်း တူညီကြ၏။ ထို့ကြောင့် အသက်ချင်းလည်း တူညီကြသည်။ မိမိ အသက် ၇၅ နှစ်ရှိလာချိန်တွင် မြန်မာ့အသံကလည်း စိန်ရတုနှစ်သို့ ရောက်ပြီဖြစ်၏။ မိမိတို့ ငယ်ငယ်တုန်းက အိမ်တွင် နေ့စဉ်နားထောင်ခဲ့ရသည်ကတော့ ရေဒီယို ဖြစ်သည်။ အခြားဖျော်ဖြေမှုပစ္စည်းဟူ၍ ဓာတ်စက် တစ်လုံးရှိသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်လောက် သာနားထောင်ဖြစ်ကြ၏။ ရေဒီယိုသံကို နေ့စဉ်ကြားနေရသော်လည်း ထိုအသံ ဘယ်ကလာမှန်းမသိခဲ့ရ။ အလယ် တန်းကျောင်းသားဘဝဖြင့် ရန်ကုန်၌ ကျောင်းလာနေသည့် အခါတွင်မှ ရေဒီယိုအသံ၏ မူလဇာစ်မြစ်နေရာကို သိရှိရတော့၏။ အသံလွှင့်ရုံဆိုသော အဆောက်အအုံကြီးကိုလည်း အပြင်ဘက်မှ စတင်မြင်ဖူး ခဲ့ရ၏။

ကျွန်တော်ပညာဆည်းပူးနေသော မြင့်မြန်မာ အထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်လင်းဆိုသူကို ကျပန်းစကား ပြောခြင်း၊ ဉာဏ်စမ်း ပဟေဠိ ဖြေဆိုခြင်းတို့၌ မြန်မာ့အသံက မကြာခဏ ပွဲထုတ်လေ့ရှိခဲ့၏။ ထို့ကြောင့် မောင်ကျော် လင်းသည် မိမိတို့ကျောင်းတွင် အလွန်လူသိများ ထင်ရှားသော ကျောင်းသား တစ်ဦးဖြစ်၏။ သူနှင့်သိကျွမ်းခင်မင်လိုသည့် ကျောင်းသားကျောင်းသူ အမြောက်အမြားရှိခဲ့ရာ မိမိသည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။

အလှည့်ကျတာဝန်ယူ

မြန်မာ့အသံနှင့် မိမိထဲထဲဝင်ဝင် စတင်ရင်းနှီးခဲ့ရသည်ကတော့ ၁၉၇၂ ခုနှစ်တွင် ဖြစ်၏။ ထိုစဉ်က မြန်မာ့အသံ အစီအစဉ်တွင် “ယဉ်ကျေးမှု အနုပညာ” ဟူသော ကဏ္ဍတစ်ခုပါရှိလာ၏။ ယင်းအစီအစဉ်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများက ခွဲတမ်းဖြင့် အလှည့်ကျတာဝန်ယူ အသံလွှင့် ကြရမည်ဖြစ်၏။ အသံလွှင့်ရန် တာဝန်ကျသူ အရာရှိသည် မိမိဟောပြောအသံလွှင့်မည့် စာတမ်းကို ဦးစွာရေးသားရ၏။ ထို့နောက် အထက်အဆင့်ဆင့်သို့ တင်ပြပြီး သဘောတူညီခွင့်ပြုချက်ရလျှင် အသံလွှင့်ဦးစီးဌာနသို့ ထိုစာတမ်းကို ပေးပို့ရ၏။ မြန်မာ့အသံကလည်း  ထိုစာတမ်းကို အထက်အဆင့်ဆင့်သို့ တင်ပြပြီးခွင့်ပြုချက်ရလျှင် အသံလွှင့်မည့်သူကို အကြောင်းကြားကာ ရက်ချိန်း ပေး၏။

ထိုစဉ်က “သိပ္ပံပညာသိကောင်းစရာ” ဟူသော ကဏ္ဍတစ်ခုကိုလည်း မြန်မာ့အသံမှတစ်လလျှင် နှစ်ကြိမ် ထုတ်လွှင့်လျက်ရှိ၏။ ထိုကဏ္ဍကို ပုံမှန်ဒိုင်ခံအသံလွှင့်နေသူမှာ နိုင်ငံကျော် သိပ္ပံ စာရေးဆရာ သိပ္ပံမှူးတင် ဖြစ်၏။ ဆရာသည် စာရေးကောင်းသလို စကားပြောလည်း အလွန် ကောင်း၏။ စာသင်ကျောင်းများနှင့် မြို့နယ် ရပ်ကွက်များ၏ စာပေဟောပြောပွဲဖိတ်ကြားမှုကို မကြာ ခဏခံနေရသူဖြစ်၏။

မြန်မာ့အသံက အပတ်စဉ်ထုတ်လွှင့်လျက်ရှိသော သိပ္ပံပညာ သိကောင်းစရာကဏ္ဍမှာလည်း လူကြိုက်များ၏။ ဆရာသိပ္ပံမှူးတင်သည် အသံဩဇာကောင်း၏။ သူ့စာတွေက ချောသဖြင့် သူ့အဟောအပြောကလည်း လှသည်။ ဟောပြောသည့် အကြောင်းအရာနှင့် ဦးတည်ရည်ရွယ် ချက်တို့ကလည်း ကောင်းမွန်သဖြင့် ဆရာသိပ္ပံမှူးတင်၏ ဟောပြောချက်တို့ အလွန်ပင် အောင်မြင်၍ လူကြိုက်များ၏။ မိမိသည် အလွန် အားကျခြင်းဖြစ်မိရကား ဆရာ့လို ထင်ရှား ကျော်ကြားအောင်မြင်ရန် ကြိုးပမ်းအားထုတ်မည်ဟု အားခဲထား၏။

မိမိအသံသွင်းရမည့်နေ့သို့ ရောက်လာသောအခါ ချိန်းဆိုထားသည့်အချိန်ထက် တစ်နာရီခန့်စော၍ ရောက်ရှိရန် သွားရောက်၏။ ပြည်လမ်းမ ကြီးပေါ်မှ ဖြတ်၍ မော်တော်ကား စီးသည့် အခါတိုင်း မြန်မာ့အသံ အဆောက်အအုံကြီးကို မကြာခဏ တွေ့မြင်ခဲ့ရဖူးသော်လည်း ဝင်းခြံ အတွင်းသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ပါ။ ယခုတော့ ဝင်းခြံအတွင်းသို့သာမက အဆောက် အအုံ အတွင်းသို့လည်းရောက်ဖူးရတော့မည်။ ကိုယ်တိုင်အသံလွှင့် ရန်အတွက် အသံသွင်းရ တော့မည်။ ဤအသိကြောင့် ပီတိဖြစ်နေသလို ရင်လည်းခုန်နေ၏။ လုံခြုံရေးတင်းကျပ်သော နေရာဌာနဖြစ်၍ အဆင့်ဆင့် အစစ်ဆေးခံပြီးမှ ဝင်ခွင့် လည်ဆွဲကတ်ပြားရရှိ၏။

စတူဒီယိုတစ်ခန်းလုံးအေးစိမ့်နေ

ရုံးခန်းသို့ရောက်ရှိသောအခါ တာဝန်ရှိသူတို့က နွေးနွေးထွေးထွေး ကြိုဆိုကြ၏။ အစီအစဉ်မှူး ဆိုသူက လုပ်ဆောင်ရမည့်အစီအစဉ်များကို ပြောပြ၏။ ထို့နောက် အသံသွင်းရမည့် စတူဒီယိုသို့ ခေါ်ဆောင်သွားခဲ့သည်။ လေအေးစက်များဖွင့်ထားသဖြင့် စတူဒီယိုတစ်ခန်းလုံး အေးစိမ့် နေ၏။ ဟောပြောအသံလွှင့်မည့် မိမိနှင့် အစီအစဉ်မှူး အသံဖမ်းမည့်အခန်းတို့သည် မှန်ချပ်နံရံခြားထား သဖြင့် တိုးလျှိုပေါက်မြင်နေရ၏။

“ဒီမှန်ချပ်နံရံကြီးရဲ့ ထိပ်တည့်တည့်အလယ်ကွက်မှာ အွန်အဲယား (On Air) ဆိုတဲ့စာလုံး မီးလင်းလာရင် ဆရာ ဦးကျော်ဝင်း စပြီးပြောပေတော့။ တစ်ခုခုအမှားအယွင်းရှိလို့ ခဏ ရပ်ချင်ရင် လက်ထောင်ပြလိုက်ပါ။

အစီအစဉ်မှူးက လိုအပ်သည်များကို ပြောပြပြီး အသံဖမ်းစက်ရှိရာအခန်းသို့ ပြန်ထွက်သွား၏။ မကြာမီပင် အွန်အဲယားဟူသောစာလုံးကြီး လင်းခနဲပေါ်လာ၏။ မိမိသည် ရင်တထိတ်ထိတ်ဖြင့် ဟောပြောချက်စာတမ်းကို စတင်ဖတ်ကြား၏။ စကားပြောဖြင့် ရေးသားထားသော စာတမ်း ဖြစ်၍စကားပြောနေသလို အသံထွက်ပေါ်လာသည်။ အဖြတ်အတောက် အမှတ်အသားများကို ကြိုတင်ပြုလုပ် ထားသဖြင့် အသံနေအသံထား ကျကျ ဖတ်ကြားသွားနိုင်၏။ “ယခုမိမိသည် တိုက်ရိုက်အသံလွှင့်နေခြင်းမဟုတ်။ အသံသွင်းနေခြင်းသာဖြစ်သည်။ အပြောမှားလျှင် ချက်ချင်း ပြင်ဆင်နိုင်သည်” ဟူသော အသိတရားကြောင့် အလွန်အမင်း ထိတ်လန့်ခြင်းမဖြစ်တော့။ ရင်ခုန်နေသော်လည်း အသံမတုန်ပါ။ ၁၅ မိနစ်ခန့်အကြာ၌ အသံသွင်းခြင်း လုပ်ငန်းလုံးပြီးစီး သွား၏။ ရင်ထဲမှအလုံးကြီး ကျသွားရပါ ပြီး အစီအစဉ်မှူးက ခေါ်ဆောင်သဖြင့် သူ၏ ရုံးခန်းသို့ လိုက်ပါသွားရ၏။ ထိုရုံးခန်းတွင်ရှိသော ရီကော်ဒါကြီး တစ်လုံးဖြင့် အသံသွင်းကြိုးခွေကို ပြန်ဖွင့် နားထောင်ကြ၏။ ပြီးစီးသောအခါ −

“ခင်ဗျားတော်တယ်ဗျာ၊ ပထမဆုံးအကြိမ် အတွေ့အကြုံဖြစ်ပေမယ့် လုံးဝအမှားအယွင်းမရှိဘူး၊ အချိန်ကလည်း ကွက်တိပဲ၊ အသံသြဇာရှိတယ်၊ ပြောစကားတွေက လည်းရှင်းလင်းပြတ်သားတယ်။ လာမယ့် စနေနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ စောင့်ပြီးနားထောင်ပေတော့။ ဒုတိယ အကြိမ်ကိုတော့ နောက်တစ်ပတ် အင်္ဂါနေ့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်မှာ ပြန်လွှင့်လိမ့်မယ်”... အစီအစဉ်မှူးက ပြောကြားလိုက်ခြင်းဖြစ်၏။

ဈေးဦးပေါက်ကောင်းခဲ့သော မိမိ၏ အသံလွှင့်လုပ်ငန်းသည် နောက်ပိုင်း အသံလွှင့်လုပ်ငန်းများအတွက်လည်း အဆင်ချောစေခဲ့၏။ နောက်ပိုင်းတွင် ယဉ်ကျေးမှု အနုပညာအစီအစဉ်များ အတွက်ဌာနက မိမိကိုသာ စေလွှတ်ဆောင်ရွက်စေခဲ့သည်များ၏။ သို့ဖြင့် မြန်မာ့အသံသို့ မကြာခဏ ရောက်ရှိခဲ့ရလေတော့သည်။ ယခင်က အသံကိုသာကြားရပြီး လူကိုမမြင်ဖူးခဲ့သော မြန်မာ့အသံဝိုင်းတော်သား ပညာရှင်ကြီးများကိုလည်း မြင်တွေ့ သိကျွမ်းရင်းနှီးခဲ့ရ၏။ မိမိကိုယ်တိုင်လည်း မထင်မှတ်ဘဲ မြန်မာ့အသံ၏ ဝိုင်းတော် သားတစ်ဦး ဖြစ်လာခဲ့ရလေသည်။

အံ့ချီးဖွယ်ရာပင်

မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ပညာရှင်ဝန်ထမ်းအချို့၏ စွမ်းပကားသည်ကား အံ့ချီးဖွယ်ရာပင် ဖြစ်တော့သည်။ တစ်ကြိမ်တွင် မိမိအသံသွင်း နေစဉ် အပြောတစ်ချက် မှားယွင်းသွားခဲ့ရ၏။ ပြောဆိုနေသူ မိမိကိုယ်တိုင် သတိမထားလိုက်မိသလို တစ်ဖက်ခန်းတွင် အသံဖမ်းနေသူ အစီအစဉ်မှူးကလည်း သတိမမူမိခဲ့ချေ။ ရုံးခန်းတွင် ထိုတိတ်ခွေကို ပြန်လည်နားထောင်ကြည့်မိတော့မှ မျက်ဖြူဆိုက် ရလေတော့သည်။ တိုင်းရင်းသားလူမျိုး တစ်မျိုး၏ အသုဘဓလေ့အကြောင်း ဟောပြောခြင်းဖြစ်ရာ “တစ်နှစ်ခန့်ကြာလို့ အလောင်း ကနေ အရိုးများကျတဲ့အခါ” ဟူသည့် စကားစုအစား “တစ်နှစ်ခန့်ကြာလို့ အရိုးကနေ အလောင်းများကျတဲ့အခါ” ဟု မှားယွင်းပြောကြားမိကြောင်း စစ်ဆေးတွေ့ရှိရ၏။ မိမိအလွန်ပင် စိတ်ပျက် စိတ်ညစ်သွား မိရ၏။ သို့ရာတွင် အစီအစဉ်မှူးက “ဘာမှစိတ်မညစ်ပါနဲ့ဗျာ၊ ဒါမျိုးဖြစ်တတ်ပါ တယ်။ ကဲ-အေးအေးဆေးဆေးသာ ပြန်သွားပါ။ လာမယ့် စနေနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ခါတိုင်းလိုပဲ နားထောင်ကြည့်လိုက်ရင် ဦးကျော်ဝင်း စိတ်ချမ်းသာသွားမှာပါ။

ဟုတ်ပါ၏။ သူပြောလိုက်သည့်အတိုင်းပင် စိတ်ချမ်း သာသွားရပါ၏။ မှားယွင်းသွားခဲ့သော အပိုဒ်ကို နားထောင်ကြည့်သည့်အခါ “တစ်နှစ်ခန့် ကြာလို့ အရိုးများကျတဲ့ အခါ” ဟု ပြင်ဆင် ပြီးသားဖြစ်နေကြောင်း ကြားနာသိရှိရ၏။ အစီအစဉ်မှူးနှင့် ပြန်တွေ့၍ ကျိုးကြောင်းမေးကြည့် သောအခါ “ဒါကမခက်ပါဘူးဗျာ၊ အရိုးများက အလောင်းများ ကျတဲ့အခါဆိုတဲ့စကားထဲမှာ အလောင်းဆိုတာကို ကတ်ကြေးနဲ့ ဖြတ်ထုတ်လိုက်တာပါပဲ”ဟု ခပ်အေးအေးပင် ရှင်းပြခဲ့၏။ ထိုအလုပ်သည် အလွန်လွယ်ကူသလို မှတ်ထင်ရသော်လည်း အလွန်ပညာသား ပါလှကြောင်း၊ မိမိ အကဲခတ်နားလည်မိခဲ့ရပါ၏။ မြန်မာ့အသံသည် မြန်မာပြည်တွင် ရုပ်မြင်သံကြားမထုတ်လွှင့် နိုင်မီ နှစ်ပေါင်းများစွာကာလ ကတည်းက ပြည်သူတို့၏ သောတအာရုံတစ်ခုတည်းကိုသာ အားပြုကာ ဖျော်ဖြေတင်ဆက် မှုများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပေရာ အလွန်ပင် အံ့သြချီးကျူးဖွယ်ရာကောင်းလှသည်ဟု ထောမနာပြုသင့်လှပါ၏။

မျက်မြင်ကိုယ်တွေ့ လေ့လာမှတ်တမ်းတင်ရ

မိမိသည် လုပ်ငန်းသဘာဝအရ ထိုစဉ်က နာဂတောင်တန်းဒေသသို့ ကွင်းဆင်းသုတေသန ပြုခဲ့ရသည်။ ဒေသခံတိုင်းရင်းသားမျိုးနွယ်များ၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ နေထိုင်စားသောက်ပုံ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ ရိုးရာဓလေ့ ထုံးစံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာ စသည့် ကဏ္ဍ များအကြောင်း မျက်မြင်ကိုယ်တွေ့ လေ့လာမှတ်တမ်း တင်ရသည်။ ထိုအချိန်၌ ခရီးဆောင်ကက်ဆက်ငယ်များ ပေါ်နေပြီဖြစ်ရာ ဒေသခံတိုင်းရင်းသားတို့၏ စကားပုံ စကားထာ များ၊ ရိုးရာတေးသီချင်းများနှင့် ပုံပြင်များအကြောင်း အသံသွင်းမှတ်တမ်းတင်ခဲ့၏။ မြန်မာ့အသံနှင့် ထဲထဲဝင်ဝင် ဆက်ဆံမှုရှိနေပြီဖြစ်သော မိမိသည်တောင်ပေါ်ဒေသမှ အသံသွင်းယူလာခဲ့သည်များကို အလကားမထားဘဲ အသုံးချ၏။ ယဉ်ကျေးမှုအနုပညာ အစီအစဉ်တွင် မိမိ အလှည့်ကျသောအခါ ဒေသခံတိုင်းရင်း သားတို့၏ ရိုးရာတေးသီချင်းများကို မကြာခဏ အသံလွှင့်ပေးခဲ့၏။ သူတို့၏ လုပ်ငန်းခွင်တေးသီချင်း၊ ရိုးရာ တေးသီချင်းများအကြောင်းကို သီချင်းစာသား၏ အဓိပ္ပာယ်၊ မည်သည့်နေရာတွင် မည်သူတို့က သီဆိုထားခြင်းဖြစ်ကြောင်း မိမိက ပြောဆိုရှင်းပြပြီးမှ သီချင်းသံကို တင်ဆက်ခြင်းဖြစ်၏။ တန်ကွန်နာဂ၊ ပါရာနာဂ၊ မကူရီ နာဂနှင့် ကူကီး (ခေါ်) ခေါင်ဆိုင်ချင်းတို့၏ တေးသီချင်း များကို အသံလွှင့်ပေးခဲ့ခြင်းဖြစ်၏။ အသံလွှင့်မည့် နေ့ရက်နှင့် အချိန်နာရီကိုလည်း သက်ဆိုင်ရာဒေသသို့ ကြိုတင်အကြောင်းကြား ၏။ ယင်း လုပ်ဆောင်ချက်၏ ရလဒ်သည်ကား “သူတို့သိပ်ဝမ်းသာကြတယ်၊ တချို့ဆိုရင် သီချင်းသံကို နားထောင်နေရင်း ပျော်လွန်းလို့ ကခုန်နေ ကြတယ်။ သူတို့ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းသံကို ရေဒီယိုထဲမှာ ပြန်ကြားကြရတော့ အံ့လည်းအံ့သြတယ်၊ ဝမ်းလည်းဝမ်းသာကြ တယ်။ သိပ်ပြီးတော့လည်း ဂုဏ်ယူ ကြပါတယ်ဆရာ”

ဟူသော ပြန်ကြားချက်မျိုးတွေကို မြောက်မြားစွာ လက်ခံရရှိခဲ့လေသည်။ မိမိ၏ စိတ်ထဲ၌မူ “ဒါဟာ မြန်မာ့အသံက တိုင်းရင်းသားတွေကို ညီညွတ်စည်းလုံးစေတာပဲ” ဟု မှတ်ချက်ချရင်း ကြည်နူးကျေနပ် နေမိလေသည်။

မနုဿကျော်ဝင်း

(အမျိုးသားစာပေဆုရ)