Skip to main content

ရှေ့နေနှင့် လူငယ်တစ်ယောက်

နိဒါန်း

ဆရာ

 “ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် လူငယ်တစ်ယောက်ပါတဲ့

ဘာအဓိပ္ပာယ်လဲ ဆရာ

ဝင်းကိုကိုအောင်   ရေးသားပြုစုတဲ့    ၂၁ ရာစု    လူငယ် တစ်ယောက်  (A  21st  CENTURY  BURMESE GUY)  အကြောင်း   မိတ်ဆက်ရေးသားချင်လို့ပါ။ လူငယ်တွေအကြောင်း လေ့လာသုံးသပ်တဲ့သဘောပါ

လူငယ်တွေ စိတ်ဝင်စားမယ် ထင်ပါတယ် ဆရာ

ကိုင်း၊ ဒါဖြင့်   ဖတ်ကြည့်ကြစို့

စာအုပ်

စာအုပ်အမည် အပြည့်အစုံမှာ A 21st CENTURY BURMESE GUY ဖြစ်သည်။ ပြုစုရေးသားသူမှာ WIN KO KO AUNG (PJW) ဖြစ်သည်။ ရန်ကုန် ဓူဝံစာအုပ်တိုက်က  ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ဝေသည်။ တတိယအကြိမ် ဖြစ်သည်။ စာရေးသူ ဝင်းကိုကိုအောင်က “ဒီစာအုပ်ကို ဖတ်တဲ့ လူငယ်တွေအတွက် အကျိုးတစ်ခုရှိသွားဖို့ မျှော်လင့်ပါတယ်။ တကယ်လို့များ ကျွန်တော့်ကို အရင်တုန်းက တစ်ယောက်ယောက်သာ သူကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို မျှဝေပြီးပြောပြခဲ့တာမျိုးရှိခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပဲလို့ တွေးခဲ့ဖူးတာ ရှိတဲ့အတွက် ကျွန်တော်လည်း ကျွန်တော် တကယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို      ပြန်လည်မျှဝေလိုက်ပါတယ်။  ဒီစာအုပ်မှာတော့ အဓိကအားဖြင့် ခေတ်လူငယ်တွေ အတွက် ၂၁ ရာစုမှာ ရှင်သန်ဖို့လိုအပ်တဲ့ အကြောင်းတွေ ထည့်ရေးထားပါတယ်။ အင်္ဂလိပ်စာ၊ အင်တာနက်၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနဲ့ ခေတ်သစ်အတွေးအမြင် စသည်ဖြင့် ပါဝင်တာမို့ လူငယ်တွေအတွက် အတွေးသစ်၊ အမြင်သစ်တွေ   ရရှိနိုင်လိမ့်မယ်ဆိုတာ  ယုံကြည်ပါ တယ်ဟု အမှာရေးထားသည်။ လူငယ်အမြင်ဖြစ်သည်။ ကျွန်တော်တို့ လူကြီးတွေနှင့် အမြင်  ဘယ်လိုကွာခြားပါ သလဲ။ ကြည့်စို့။

မာတိကာ

အောက်ပါတို့ ပါဝင်သည်-

၁။  ကျွန်တော်တို့ ဘဝအကြောင်းပြောကြတဲ့အခါ

၂။  လူမှုရေးအကင်းပါးဖို့

၃။ ပညာရေးကို ကျွန်တော်ဒီလိုမြင်တယ်

၄။ ငွေရေးကြေးရေးအတွက် ဒီနည်းလမ်းတွေရှိမယ်

၅။  Relationship အကြောင်းပြောရမယ်ဆိုရင်

၆။ သဘာဝပတ်ဝန်းကျင်ကို ဘယ်အချိန်ထိ မျက်နှာ လွှဲနေဦးမှာလဲ

၇။  အိုင်တီ

ကျွန်တော် ကြိုက်နှစ်သက်သည့် စာစု(၁၀)ပုဒ်ကို  ကောက်နုတ်တင်ပြပါရစေ-

(၁) ကြိုးစားတိုင်းဖြစ်နိုင်လို့လား

အမှန်တရားဆိုတာ နည်းနည်းတော့ခါးတယ်ဗျ။ ငယ်ငယ်တုန်းကလည်း ကျွန်တော်ကိုယ်တိုင် အောင်မြင်ရေး စာအုပ်တွေဖတ်ပြီး ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး လုပ်ခဲ့ဖူးတယ်။ ကျွန်တော်နားလည်လာတာကတော့ ကြိုးစားတိုင်း မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘဝမှာ အခြေအနေ၊ အချိန်အခါနဲ့ ကန့်သတ်ချက်တွေ ရှိနေလို့ပဲ။

ဥပမာ ပြောရမယ်ဆိုရင် အလုပ်ကြိုးစားတိုင်းသာ အောင်မြင်မယ်ဆိုရင် ကာယအားပြုတဲ့ အလုပ်သမားတွေ က အချမ်းသာဆုံးဖြစ်နေမှာပဲ။ ကျွန်တော့်ကို ပြောနိုင်တယ် သူတို့မကြိုးစားလို့ မအောင်မြင်တာပေါ့ ဘာညာပေါ့။

ဒါပေမယ့် သေချာတာက သူတို့က သူတို့ဘဝနဲ့ သူတို့ တော့   အကောင်းဆုံး  ကြိုးစားနေတယ်။  သူတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆိုင်ရာ အခက်အခဲတွေ ရှိခဲ့မယ်။ လက်ရှိကာလမှာလည်း ထောက်ပံ့နေရတဲ့ မိသားစုတွေရှိမယ်။ ဒါကိုဘယ်သူတွေသိနိုင်မှာလဲ?။ (စာ-၁၅)

(၂)  ဘာကြောင့်ဘဝမှာ အရေးကြီးတာကို ဦးစားပေးသင့်လဲ?

၂၆ နှစ်ဆိုတဲ့အရွယ်က လက်တွေ့မှာတော့ ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ် ၁၀တန်းအောင်ကာလ၊ လွန်ခဲ့တဲ့ ၅ နှစ် ဘွဲ့ရခါစ အချိန်ကာလတုန်းက စိတ်ကူးယဉ်ခဲ့တာနဲ့ တခြားစီပဲ။ ဒါကလည်း ကျွန်တော့်အိပ်မက်တွေ မဖြစ်ခဲ့ လို့မဟုတ်ဘူး။ အိပ်မက်တွေဖြစ်ခဲ့သလို လုပ်စရာတွေ လည်း အများကြီး ပိုလာတယ်။ လူမှုရေး၊ စီးပွားရေး၊ စဉ်းစားစရာတွေများလာတယ်။ အရင်တုန်းကဆို ပုံမှန် အားဖြင့် ကျောင်း၊ သူငယ်ချင်း၊ မိသားစု ဒါတွေပဲ ရှိခဲ့တယ်။ အခုကျတော့ နောက် ၅ နှစ်နေရင် ဘာဖြစ်ရမယ်၊ အမေ့ကို စိတ်ချမ်းသာအောင် ဘယ်လိုထားရမလဲ? ဝင်ငွေပိုဝင် အောင် ဘယ်လို လုပ်ရမလဲ? ဗီဒီယိုတွေ ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ? MBA အပြီးလုပ်ရဦးမယ်၊ ရည်းစား ထားသင့်မထားသင့်? ဘော်ဒါတွေနဲ့ဘာစုလုပ်မလဲ? စတာတွေစဉ်းစားလာရတယ်။ (စာ -၂၀)

(၃) လိုင်းကြောင်တာ ကောင်းတယ်ထင်လား?

လိုင်းကြောင်တယ်ဆိုတာ ကိစ္စတစ်ခုခုကို သေသေချာချာ ဖြစ်မြောက်အောင် မလုပ်ဘဲနဲ့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လျှောက်လုပ်နေတာမျိုးကို မြင်တယ်။ နောက်တစ်မျိုး ပြောရရင် နေရာတကာမှာ လိုက်ယောင်နေတာမျိုးပေါ့။ ကျွန်တော့်ဘဝမှာ မတူညီတဲ့နယ်ပယ်တွေ တော်တော် များများကို ဖြတ်သန်းခဲ့တယ်။ နည်းပညာ၊ ပညာရေး၊ စီးပွားရေးအကြောင်းတွေ အခုတော့ Video Blogging လုပ်နေတယ်။   ကျွန်တော်   မတူညီတဲ့နယ်ပယ်တွေကို ဖြတ်သန်းပေမယ့်   ဟိုစပ်စပ်  ဒီစပ်စပ်   မလုပ်ခဲ့ဘူး။ လိုင်းကြောင်တာနဲ့မတူညီတဲ့ နယ်ပယ်အပြောင်းအလဲ ကြားမှာ Commitment ဆိုတဲ့ တွန်းအားတစ်ခု လိုတယ်။ ဒါကြောင့် သေချာမလုပ်ရင် လိုင်းကြောင်တယ်လို့ခေါ်မယ်။ (စာ-၂၅)

(၄) ဒီကောင်အရင်က ဘာမှ မဟုတ်ပါဘူး

ကျွန်တော်အဲဒီစကားကိုပြောခဲ့ပြီးတော့ ကိုယ့်ကိုယ် ကိုယ် အဟုတ်ကြီးထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိလိုက်တာက       ဒီလိုမျိုးသူများကိုဝေဖန်နေရင်းနဲ့ ကျွန်တော်ရဲ့ဘဝက တဖြည်းဖြည်း ရှေ့ကို မရောက်တော့ ဘူး။    နောက်ပိုင်းမှာ    တဖြည်းဖြည်းသိလာတာက ကျွန်တော်တို့ကသာ ဘာကောင်မှ မဟုတ်ဘူးလို့လိုက်ပြီး လှောင်ပြောင်နေပေမယ့်    အပြောခံနေရတဲ့သူတွေက ကျွန်တော့်တို့ရှေ့ကို ရောက်နေတာပဲ။ (စာ-၄၉)

(၅) လူတော်လား လူကောင်းလား

ကျွန်တော်ယုံကြည်တဲ့ လူကောင်း (nice guy) နဲ့ လူတော် (smart guy) ဆိုတဲ့ အကြောင်း ပြောပါ့မယ်။ လူကောင်း (nice guy)တို့ကတော့ သူတစ်ပါးက သူ့ကို မြင်တဲ့အမြင်အပေါ် အမြဲဂရုစိုက်လေ့ရှိကြတယ်။ လူတော် (smart guy) တွေကတော့ သူ့အကျိုးကိုယ့်အကျိုးအပေါ်ကို အခြေခံပြီးတော့ပဲ  စဉ်းစားတယ်၊  လုပ်ဆောင်တယ်။ ကျွန်တော်ယူဆတာတော့ ဘာတစ်ခုမှ မလုပ်ဘဲ ဖြူစင်တဲ့ နှလုံးသားတစ်ခုတည်းရှိပြီး လူကောင်းဖြစ်နေရုံနဲ့ ဘာမှ  ပြောင်းလဲလို့ မရဘူး။ ပြဿနာကို အဖြေရှာတတ်တဲ့ လူတော်တစ်ယောက်ဖြစ်မှ ဦးဆောင်သူ တစ်ယောက်ဖြစ် နိုင်တယ်။ (စာ-၅၅)

(၆) ကျောင်းပြီးသွားတဲ့နောက်

ကျွန်တော်ကို မေးတဲ့မေးခွန်းတွေထဲမှာ သတိထားမိတာ တစ်ခုရှိတယ်။ အဲဒါက အခုလုပ်နေတဲ့အလုပ်က တက္ကသိုလ်ကရတဲ့ဘွဲ့နဲ့ မဆိုင်ဘူးဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲပေါ့?။ ရခဲ့တဲ့ဘွဲ့နဲ့ လုပ်နေတဲ့အလုပ် မဆိုင်ဘူး ဖြစ်နေတာက  မြန်မာတစ်နိုင်ငံတည်းမှာ မဟုတ်ဘူး။  UK မှာ ၅၀ ရာခိုင်နှုန်းသော ဘွဲ့ရတွေက သူတို့ရတဲ့ဘွဲ့နဲ့ လုပ်နေတဲ့အလုပ်   မတူကြဘူး။  US  မှာလည်း  ၂၇ ရာခိုင်နှုန်းသော ဘွဲ့ရတွေကပဲ သူတို့ရတဲ့ဘွဲ့နဲ့ အလုပ်နဲ့တူတယ်။  ကျွန်တော်လည်း  အခုလုပ်နေတာတွေက ကျွန်တော်ရတဲ့ဘွဲ့နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်ပျော်လို့ လုပ်တယ်။     အဲတော့   ဘာဘွဲ့တွေရလဲဆိုတာထက် ဘွဲ့ရပြီးတော့ မင်းဘာတွေကို ဆက်လေ့လာနေလဲက အရေးကြီးတယ်။ (စာ-၈၇)

(၇) ဘာတွေကို လေ့လာရမလဲ

ယခုခေတ်မှာ လေ့လာသင်ယူစရာတွေ အများကြီးရှိတယ်။ ကျွန်တော်ကတော့ အသစ်သစ် တွေကို လေ့လာရ တာကြိုက်တယ်။ ဒါပေမယ့် အခြေခံ Criteria ၂ ချက် ရှိတယ်။ ကျွန်တော် လေ့လာရမယ့် အကြောင်းအရာက အနည်းဆုံး တစ်နှစ်အတွင်း တစ်ခုခု ပြန်ရရမယ်။ နောက် တစ်ခုက ဒီပညာရပ်က အနည်းဆုံး ၁၀ နှစ်တော့ခံရမယ်။ ဆိုလိုနေတာက ပြောင်းလဲနေတဲ့ ခေတ်နဲ့ လျော်ညီရမယ်။ ကျွန်တော်လေ့လာနေတာက အင်္ဂလိပ်စာလေ့လာတယ်။ နည်းပညာနဲ့ ကွန်ပျူတာ သိပ္ပံလေ့လာတယ်။ တရုတ်စာ လဲ လေ့လာဖို့ စဉ်းစားတယ်။ MBA တက်တယ်။ ဒါတွေက အနာဂတ်မှာ ဆက်ရှိမှာ။ နောက် ၁၀ နှစ်ထိလည်း ရှိနိုင်ဦးမယ်။ (စာ-၉၁)

(၈) မမွဲအောင် ဘယ်လိုလုပ်မလဲ?

ကျွန်တော်ယုံကြည်တာက ပိုက်ဆံဆိုတာ ဘယ်တော့ မှ လိုက်လို့ ဆုံးတဲ့အရာမဟုတ်ဘူး။ လစာတွေများလာ တယ်။ တစ်ချိန်တည်းမှာပဲ ဈေးပိုကြီးတဲ့ ပစ္စည်းတွေ ဝယ်လာတယ်။ ဒါက Marketing သမားတွေနဲ့ စီးပွားရေး သမားတွေ ကျွန်တော်တို့ အိတ်ကပ်ထဲက ပိုက်ဆံထွက် အောင် လှည့်စားတဲ့ ထောင်ချောက်ထဲကို ရောက်နေတာ။ မသုံးမဖြုန်းနိုင်တာ ကိစ္စမရှိပါဘူး။ ပိုက်ဆံသုံးနိုင်လို့ အနားကပ်နေတဲ့လူတွေက ကျွန်တော်တို့ မွဲသွားရင်လည်း  ကျွန်တော်တို့အနားက ခွာသွားဖို့ ရာခိုင်နှုန်း များတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပဲ  ရေးရမှာ။ ဒီစာက ကပ်စေးနှဲဖို့ ပြောတာမဟုတ်ဘူး၊ လိုအပ်တာထက် ပို မသုံးမိဖို့ အသိပေးတာပါ။ (စာ-၁၁၆)

(၉) Relationship တစ်ခုမှာ ဘာအရေးကြီးဆုံးလဲ

လူတစ်ယောက်ကို တခြားသူတစ်ယောက်က ချစ် လိုက်ပြီဆိုတာနဲ့ အဲဒီလူကို ပိုင်ဆိုင်ချင်လာတယ်။ “ပိုင်ဆိုင်လိုခြင်း ရဲ့နောက်မှာ ပူလောင်မှုတွေ ဖြစ်လာ တယ်။ ဒါက အတ္တတစ်ခုပဲ လူတစ်ယောက်ရဲ့ လွတ်လပ် ခွင့်ကို ထိန်းချုပ်ချင်တဲ့ အတ္တတစ်ခုကြောင့်ဖြစ်လာတဲ့ စိတ်ကို     လူတွေက   စကားလုံးလှလှလေးတွေရွေးပြီး သုံးလိုက်ကြတယ်။ အဲဒါ “အချစ် ။ အချစ်စစ်၊ အချစ်မှန်ဆိုတာ တကယ်တမ်းတော့ စိတ်လှုပ်ရှားနေတဲ့ အချိန်မှာ ပြောတဲ့စကားတစ်ခုပါပဲ။ ဒါက လူတစ်ယောက်ရဲ့ အကောင်းတွေကိုပဲမြင်ပြီး။ အမှောင်ဘက်အခြမ်းကို မမြင်ဘဲ ပြောလိုက်တဲ့စကား တစ်ခုပဲ။ (စာ-၁၃၇)

(၁၀) Internet ပေါ်က အဆိပ် 

 “အင်တာနက်ပေါ်ကနေ ဗဟုသုတလေ့လာမှုတွေကို အဆိပ်အတောက်ဖြစ်စေမယ့် အမှိုက်တွေကို ရှင်းလင်းဖို့ အင်တာနက်အသုံးပြုသူတိုင်းမှာ    တာဝန်ရှိတယ်လို့ ကျွန်တော်ခံယူထားတယ်။  အဲတော့    ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တဲ့   နည်းလမ်းကတော့  အကျိုးရှိတဲ့  အကြောင်းအရာတွေကိုသာ  များများမျှဝေဖို့ပါပဲ။ (စာ-၁၄၈)

ဆက်လက်ဖတ်ရှုနိုင်ပါရန်

ကျန်သော စိတ်ဝင်စားဖွယ်ရာ စာစုများကို ဆက်လက် ဖတ်ရှုနိုင်ပါရန်  တိုက်တွန်းပါသည်။

နိဂုံး

(၁) “ဒီစာအုပ်က ဖတ်ရင် အချိန်အားဖြင့် မိနစ် ၉၀ လောက်ပဲ ကြာနိုင်ပါတယ်။ ဒါပေမယ့် . . . ၂၁ ရာစုမှာ လှုပ်ရှားရုန်းကန်ပြီး အောင်မြင်မှု အိပ်မက်တွေ နောက် လိုက်ဖို့ ကြိုးစားနေတဲ့ မင်းရဲ့ ဘဝတစ်ကွေ့ကွေ့အတွက် အပြောင်းအလဲတစ်ခုဖြစ်နိုင်ပါတယ် ” ဟု   စာအုပ်ပြုစုသူ  ဝင်းကိုကိုအောင်က  ရေးသားစိန်ခေါ်ထားသည်။

(၂) ဖတ်ကြည့်ပါလား လူငယ်များ . . . ။     ။

ဦးဟန်ညွန့် (ဥပဒေ)