မိုးကြိုရာသီများတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် သီးနှံများ ထိခိုက်ပျက်စီးရလေ့ရှိပါသည်။ မုန်တိုင်းဖြစ်ပေါ်ပါက ရွာသွန်းသောမိုးရေကြောင့် မိုးကြိုနှမ်း၊ ပဲတီစိမ်း၊ ဝါသီးနှံများအပါအဝင် မိုးကြိုသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန် စိုက်ခင်းများအတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများ တူးဖော်ထားရန် အသိပေးထားရှိပြီးဖြစ်ပါသည်။ စိမ့်မြောင်း၊ ပတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် တောင်သူများအနေဖြင့် အမြန်ဆုံးတူးဖော်ထားကြပါရန်နှင့် တူးဖော်ပြီးပျက်စီးနေသည့် စိမ့်မြောင်း၊ ပတ်မြောင်းများကိုလည်း ပြန်လည်ပြင်ဆင်ထားကြပါရန် နှိုးဆော်အပ်ပါသည်။ နွေစပါးရိတ်သိမ်းလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့်လည်း လေလွင့်ဆုံးရှံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်