ရက်စွဲ။ ၂၁-၂-၂၀၂၁
၁။ မဲမသမာမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာ၍၊ ဖေဖော်ဝါရီလ၁ရက်နေ့မှစပြီး နိုင်ငံတော်တာဝန်အားရယူခဲ့ရပါသည်။
၂။ ၎င်းအခြေအနေတွင် NLD ပါတီဝင်များနှင့် NLD ပါတီကိုထောက်ခံသူများအနေဖြင့် ဆန္ဒပြမှုများပြုလုပ်ခဲ့ခြင်း၊ နိုင်ငံ့ဝန်ထမ်း များအား ဖိအားမျိုးစုံပေး၍ CDM လှုပ်ရှားမှု၌ ပါဝင်စေခြင်း၊ လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူသုံး လမ်းများပေါ်၌ ကားများရပ်တန့်ပိတ်ဆို့ခြင်းအပါအဝင် နည်းလမ်း မျိုးစုံဆောင်ရွက်ခဲ့ရာ အချို့နေရာများတွင် ဆန္ဒပြမှုတွင် မပါဝင်သော ပြည်သူလူထုနှင့် ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခြင်းများပါ ပေါ်ပေါက် လာခဲ့သည်။ ကျန်းမာရေးဝန်ထမ်းအချို့ CDM တွင် ပါဝင်မှုကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအချို့ ရပ်တန့်ခဲ့ပြီး ဒေသခံပြည်သူလူထုမှ ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှု၊ အကြမ်းဖက်ဆူပူမှု (Riot)များ ဖြစ်ပွားနိုင်သည်ဟု ယုံကြည်ယူဆရသော မြို့နယ် ၁၄၆ မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ သို့သော် NLD ပါတီဝင်များနှင့် ၎င်းပါတီကို ထောက်ခံသူများအနေဖြင့် ဆန္ဒပြနေမှုများကို အရှိန်မြှင့်တင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်လိုသောအပြုအမူများ ကျူးလွန်ခြင်း၊ ရန်စခြင်းများပြုလုပ်၍ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းပေါ်သို့ တွန်းတင်လျက်ရှိသည်။ နေပြည်တော်၊ သပြေကုန်းအဝိုင်းဖြစ်စဉ်၊ မန္တလေးမြို့၊ ၇၆ x ၇၈ လမ်းကြား၊ ၃၈ လမ်းဖြစ်စဉ်၊ ၇၈ x ၇၉ လမ်းကြား၊ ၃၄ လမ်းအနီး ရထားသံလမ်းဖြစ်စဉ်၊ ဂေါဝန်ဆိပ်ကမ်းဖြစ်စဉ်၊ မော်လမြိုင်မြို့၊ ဈေးချို ရပ်ကွက်ဖြစ်စဉ်တို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ရန်စခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းတို့ဖြင့် အကြမ်းဖက်ဆူပူမှု (Riot) သို့ ဦးတည်ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရသည်။
၄။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကဲ့သို့ အကြမ်းဖက် ဆူပူမှုများအား ထိန်းသိမ်းနိုင်ရေး "အနည်းဆုံးအင်အား၊ အနိမ့်ဆုံး အဆင့်"ဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ ဥပဒေနှင့် အညီ ဆောင်ရွက်ချက်များကြောင့် ဆူပူဆန္ဒပြမှုအများစုမှာ လူစုကွဲခြင်း၊ ၎င်းတို့၏ ရည်မှန်းချက်မအောင်မြင်ခြင်းများ ဖြစ်ခဲ့သော်လည်း အချို့နေရာများတွင်မူ ရပ်ကွက်၊ မြို့ရွာအတွင်းရှိ ယခင် ရာဇဝတ်မှုများဖြင့် ကျော်ဇောသတင်းရှိသူများ၊ ပြစ်မှုကျူးလွန်ခဲ့သူများ၊ လူဆိုး၊ လူမိုက်ဂိုဏ်းပုံစံဖွဲ့၍ လုပ်ဆောင်နေသူများကို အသုံးချ၍ ဂျင်ကလိ၊ သံကုံးသီး၊ ဓာတ်ဆီပုလင်း၊ တုတ်၊ ဓား၊ လှံကဲ့သို့သော လူ့အသက်အန္တရာယ်ကို ထိခိုက်စေသည့် လက်နက်များကိုပါ အသုံးချ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်လာစေရေး ရန်ပြု ဆောင်ရွက်ခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်မှုကြောင့် ဆန္ဒပြသူများ ထိခိုက်သေဆုံးခြင်းဖြစ်လာစေရန် နှင့် အကြမ်းဖက်ဆူပူမှု (Riot)မှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု(Anarchy Mob) အသွင်ဖြစ်လာစေရေး ဦးတည်ဆောင်ရွက်လာကြောင်း တွေ့ရှိရပါသည်။ ။ ၅။ ဖေဖော်ဝါရီလ၂၂ရက်နေ့တွင်လည်း ဆန္ဒပြမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ၎င်းမှ တစ်ဆင့် အကြမ်းဖက်ဆူပူမှု (Riot) ဖြစ်ပေါ်လာစေရေး၊ ၎င်းမှသည် မင်းမဲ့စရိုက်ဆန်သော လူအုပ်စု (Anarchy Mob) အသွင် ဖြစ်ပေါ်လာစေရေးတို့ကို ဆက်တိုက်လှုံ့ဆော်လျက်ရှိသည်ကို တွေ့ရသည်။ လှုံ့ဆော်သူများအနေဖြင့် နောက်ကွယ်မှနေ၍ ပြည်သူလူထုကို ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းပေါ်သို့ မရောက်ရောက်အောင် တွန်းပို့၍ စိတ်လှုပ်ရှားခံစားလွယ်သော လူငယ်လူရွယ်များကို ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်လာအောင် လှုံ့ဆော်ဆောင်ရွက်လျက် ရှိသည်။
၆။ ၎င်းကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူလှုံ့ဆော်မှုများ၊ ရာဇဝတ်မှုများဖြင့် ကျော်ဇောသတင်း ရှိသူများ၊ လူဆိုးလူမိုက်ဂိုဏ်းပုံစံဖွဲ့၍ ဆောင်ရွက်မှုများ၏ အသုံးချခံများမဖြစ်စေရေး လူငယ်လူရွယ် များအနေဖြင့် သတိရှိကြပါရန်နှင့် မိဘပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် တည်ငြိမ် အေးချမ်းရေးကို အထောက်အကူပြုကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့