Skip to main content

အဂတိကင်းသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် - ၂၃ အရ၊ ၂၀၁၃ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ဤဥပဒေကို ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ပြီး ၂၉-၇-၂၀၁၆ ရက်နေ့နှင့် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပြင်ဆင်ခဲ့သည်။ ၂၁-၆-၂၀၁၈ ရက်နေ့တွင် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေအမှတ်(၂၀/၂၀၁၈)အဖြစ် တိုင်းပြည်သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်များအတွက် မိမိနိုင်ငံတော်အုပ်ချုပ်မှုယန္တရားနှင့် ဆီလျော်သော ဥပဒေမူကြမ်း အချက်အလက်များကို အချိန်ယူလေ့လာ ဆန်းစစ်တင်ပြခဲ့ရာမှ ဒီမိုကရေစီအစိုးရနှင့် ယှဉ်တွဲပေါ်ပေါက် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကုလ သမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း -၂၀၀၃ ( United Nations Convention Against Corruption - 2003) တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခံခဲ့ရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတကာ အဂတိလိုက်စား မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်း အချက်အလက်များ ဖလှယ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိ ပါသည်။ ၁၇-၉-၂၀၁၃ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် အခန်း(၁၁)ခန်း၊ ပုဒ်မ ပေါင်း(၇၃)ခု ပါဝင်ပါသည်။ ဤဥပဒေသည် ယခင်အစိုးရများ လက်ထက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကျင့်သုံးဆဲဥပဒေ ဖြစ်ပါသည်။
Subscribe to အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ