အဂတိကင်းသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ
သန္ဓေတည်ကာလ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် - ၂၃ အရ၊ ၂၀၁၃ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ဤဥပဒေကို ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ပြီး ၂၉-၇-၂၀၁၆ ရက်နေ့နှင့် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပြင်ဆင်ခဲ့သည်။ ၂၁-၆-၂၀၁၈ ရက်နေ့တွင် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေအမှတ်(၂၀/၂၀၁၈)အဖြစ် တိုင်းပြည်သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်များအတွက် မိမိနိုင်ငံတော်အုပ်ချုပ်မှုယန္တရားနှင့် ဆီလျော်သော ဥပဒေမူကြမ်း အချက်အလက်များကို အချိန်ယူလေ့လာ ဆန်းစစ်တင်ပြခဲ့ရာမှ ဒီမိုကရေစီအစိုးရနှင့် ယှဉ်တွဲပေါ်ပေါက် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကုလ သမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း -၂၀၀၃ ( United Nations Convention Against Corruption - 2003) တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခံခဲ့ရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတကာ အဂတိလိုက်စား မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်း အချက်အလက်များ ဖလှယ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိ ပါသည်။ ၁၇-၉-၂၀၁၃ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် အခန်း(၁၁)ခန်း၊ ပုဒ်မ ပေါင်း(၇၃)ခု ပါဝင်ပါသည်။ ဤဥပဒေသည် ယခင်အစိုးရများ လက်ထက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကျင့်သုံးဆဲဥပဒေ ဖြစ်ပါသည်။
အဂတိပယ်ခွာ ပြည်သာယာ
အဂတိလိုက်စားမှုများ ပယ်ခွာခြင်းဖြင့် သာယာသော လူ့ဘောင် ပတ်ဝန်းကျင် လူနေမှု၊ အုပ်ချုပ်မှုစနစ်တို့ ဥပဒေဘောင်အတွင်း တိုး တက်ကောင်းမွန်စေမည်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ် မှုစနစ်တို့ ဖြစ်ထွန်းစေရန် ဖြစ်ပါသည်။ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်စေ ရန်လည်း ရည်ရွယ်ပါသည်။ ကော်မရှင်၏ ရည်ရွယ်ချက်များအနက် “အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့ အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်” နှင့် “အဂတိ လိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်” တို့မှာလည်း အဓိကဖြစ်ပါသည်။
ဥပဒေလိုက်နာ ဘေးကင်းကွာ
လူတို့က ဥပဒေကို ပြဋ္ဌာန်းခဲ့ကြသည်။ ဥပဒေက လူတို့ကို ပြန်၍ ထိန်းကျောင်းပေးသည်။ ဥပဒေဘောင်အတွင်း လိုက်နာကြခြင်းဖြင့် ဘေးကင်းကြမည်သာဖြစ်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများအား အကြိမ်ကြိမ်စိစစ်အတည်ပြုခဲ့ကြပြီး အစိုးရနှစ်ဆက် တွင် (၄)ကြိမ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုခဲ့ကြသည်။ ဤပြဋ္ဌာန်းပြီး ဥပဒေများကို အခြေခံ၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်များ ခိုင်မာစွာပေါ်ထွန်းလာရေး တည့်မတ်ပေးရန်လိုအပ်ပါသည်။ အနာဂတ်တိုင်းပြည်တည်ဆောက် ရေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်၊ ပြစ်မှု ပြစ်ဒဏ်များကို အများပြည်သူအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားရန်လည်း လိုအပ်ပါသည်။
ကော်မရှင်၏ လုပ်ငန်းတာဝန်ကောက်နုတ်ချက်များ
ကော်မရှင်၏ တာဝန်များတွင် ပဏာမစိစစ်ရေးအဖွဲ့ နှင့် စုံစမ်း စစ်ဆေးရေးအဖွဲ့များကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ် နိုင်သည်။ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ကြိုတင်ထောက်လှမ်းစုံစမ်းစေခြင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ပဏာမစစ်ဆေးရေးအဖွဲ့တို့နှင့် စုံစမ်းစေ၍ တွေ့ရှိချက်အစီရင် ခံစာတင်ပြစေခြင်းများ ပြုလုပ်နိုင်သည်။ တိုင်ကြားစာများ စိစစ်လက်ခံ ခြင်း၊ ပယ်ခြင်း၊ မမှန်မကန်တိုင်ကြားသူကို ဥပဒေအရ အရေးယူခြင်း၊ တိုင်ကြားခံရသူသည် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိပါက သက်ဆိုင်ရာ ဌာနသို့ လွှဲပြောင်းပေးပို့အရေးယူစေခြင်းများ တာဝန်ရှိသည်။ “တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း
ကြောင့် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ | ပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးခြင်း” တာဝန်တစ်ရပ်မှာလည်း အဓိကတစ်ချက် ပါဝင်သည်။
အဂတိလိုက်စားမှုဆိုသည်မှာ
မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်း ဖြင့်ဖြစ်စေ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်ကို ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေး ကိုပေးရန်သို့မဟုတ် ဥပဒေနှင့်အညီရထိုက်သောအခွင့်အရေးကို မမှန် မကန်ပိတ်ပင်ရန် အတွက်တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ သက်ဆိုင်ရာအစိုးရဌာန၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူ ခြင်း၊ စီမံခန့်ခွဲခြင်း၊ သဘောတူစာချုပ်တစ်ခုတွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေခြင်းတို့သည်လည်း အဂတိလိုက်စားမှု ထမြောက်ပါသည်။
ပြစ်မှုနှင့် ပြစ်ဒဏ်များ သတိပြုဖွယ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူ မဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင်ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းဖြစ် သည်ဟုသော်လည်းကောင်း မမှန်မကန်သတင်းပေးပို့ခြင်း၊ တိုင်တန်း ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
တိုင်ကြားခံရသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ အရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ အရေးယူစေရန် ဆက်လက်အကြောင်းကြားရပါသည်။
ဥပဒေအထက်တွင် မည်သူမျှမရှိ
အဂတိလိုက်စားမှုများကို ဥပဒေအထက်တွင် မည်သူမျှမရှိစေရဘဲ ပိုမိုကျယ်ပြန့်ထိရောက်စွာ တိုက်ဖျက်အရေးယူဆောင်ရွက်နိုင်ရေး အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ၂၅-၇-၂၀၁၃ ခုနှစ်တွင် ကျင်းပသော ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမအစည်းအဝေးက ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်-၂၃ အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေက လူတို့ကို ပြန်လည် ထိန်းကျောင်းပေးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ ဂုဏ်ရည်ကိုမြှင့်တင်ကြရပါမည်။ ထို့ကြောင့် ယခင်အစိုးရအဆက်ဆက်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သောအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖော်ဆောင်နိုင်ရေး ပြည်သူများပါ ပူးပေါင်းပါဝင်ရန် အရေးကြီးသောကာလ ဖြစ်ပါတော့သည်။ ။
မောင်ချစ်အေး