မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရှေးနှစ်ပေါင်း ထောင်ချီကတည်းကပင် အတူလက်တွဲ၍ ရင်းနှီးချစ်ခင်စွာ စုပေါင်းနေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားအချင်းချင်း အေးအတူ၊ ပူအမျှ စိတ်ဝမ်းမကွဲပြားဘဲ ကူးလူးဆက်နွှယ်ဆက်ဆံခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ခဲ့သည့်အချိန်တွင် တိုင်းရင်းသားမျိုးချစ်များ အတူလက်တွဲ၍ ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်ခဲ့ကြသည်။ ဤသို့သော စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစွာတည်ရှိနေမှုကို သက်သေအမျိုးမျိုးပြနိုင်ခဲ့သည်။