Skip to main content

ဇီဝမျိုးစုံမျိုးကွဲရေရှည်တည်တံ့ဖို့ ရေဝပ်ဒေသများအား ထိန်းသိမ်းစို့

 

 

သတင်းဆောင်းပါး - ဖြိုးသူဇာဝင်း (သဘာဝ)

 

ရေဝပ်ဒေသဆိုသည်မှာ “ ဒီရေကျချိန်တွင် ခြောက်မီတာ ထက် ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန် သို့မဟုတ် ဆားငန်ရေဖြစ်သော ယာယီသို့မဟုတ် အမြဲတမ်းဖြစ်သော သဘာဝ သို့မဟုတ် လူတို့မှပြုလုပ်သော ရွှံ့နွံမြေ၊ သစ် ဆွေးမြေ၊ စိမ့်မြေ သို့မဟုတ် ရေပြင်ဧရိယာများ” ကို ဆိုသည်။ ထို့ကြောင့် ရေဝပ်ဒေသများသည် နေရာဒေသ အပေါ်လိုက်၍ ဖွဲ့စည်းပုံအမျိုးမျိုးဖြင့် တည်ရှိနိုင်ပြီး ရေဝပ်ဒေသများတွင် ကန်)အိုင်နှင့် မြစ်အားလုံး၊ ရေအောင်းလွှာများ၊ ခွံပျောင်းနှင့် ရွှံ့မြေများ၊ စွတ်စိုသည့် မြက်ခင်းလွင်ပြင်များ၊ သစ်ဆွေးမြေများ၊ ပင်လယ်ဝများ နှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်းဒေသများ၊ သန္တာကျောက် တန်းများနှင့် လူတို့ဖန်တီးသည့် ငါး/ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ရေလှောင်ကန်များနှင့် ဆားတွင်းများကဲ့သို့ နေရာများ ပါဝင်ပါသည်။ ရေဝပ်ဒေသများသည် တွားသွား သတ္တဝါများ၊ ရေနေကုန်းနေသတ္တဝါများ၊ ရေပျော်ငှက်များ၊ နို့တိုက်သတ္တဝါများ စသဖြင့် ကမ္ဘာ့မျိုးစိတ်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ပေါက်ဖွားကျက်စားရာ နေရင်းဒေသဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၃၀ဝ အတွင်း ကမ္ဘာ့ရေဝပ်ဒေသ၊ များ၏ ၈၅ ရာခိုင်နှုန်းသည်ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

 

ငှက်မျိုးစိတ်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိသည့် ရေဝပ်ဒေသများကို ကမ္ဘာ့နိုင်ငံများမှ စုပေါင်း၍ ထိန်းသိမ်း ကာကွယ်နိုင်ရန် ရမ်ဆာကွန်ဗင်းရှင်း ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်နိုင်ငံ ရမ်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ကိုအစွဲပြု၍ ကမ္ဘာ့ရေဝပ်ဒေသများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ရမ်ဆာကွန်ဗင်းရှင်းတွင် အဖွဲ့ဝင် ၁၇၁ နိုင်ငံရှိပြီး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ အသီးသီးက နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာနှင့်တစ်ဝှမ်း ကျင်းပ လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်း သို့ ၂၀ဝ၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဝင်ရောက်ခဲ့ပါ သည်။ ထိုအချိန်မှစ၍ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ရမ်ဆာကွန်ဗင်းရှင်း အကောင်အထည်ဖော်ခြင်းကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ရေဝပ်ဒေသများ အား ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်းတို့ကို မြှင့်တင်နိုင်ရန် နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသ အမည်စာရင်း အဆိုပြု သတ်မှတ်လျက်ရှိရာ မြန်မာနိုင်ငံ တွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၁၇-၁၁-၂၀၁၄)၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေး မဲ့တော (၂-၂-၂၀၁၆)၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂-၂-၂၀၁၇)၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော (၁၀-၈-၂၀၁၈) နှင့် မုတ္တမပင်လယ် ကွေ့ဒေသ (တိုးချဲ့) (ပဲခူးတိုင်းဒေသကြီးအပိုင်းနှင့် မွန် ပြည်နယ်အပိုင်း) (၂-၂-၂၀၂၀) စသည်တို့အား နိုင်ငံတကာ အဆင့် အရေးပါသော ရမ်ဆာရေဝပ်ဒေသ ငါးနေရာအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဖြစ်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ နံ့သာကျွန်း နှင့် မေယုမြစ်ဝတို့ကို ရမ်ဆာ ရေဝပ်ဒေသအဖြစ် သတ်မှတ် ခံရရေး ရမ်ဆာအတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။

 

ရေဝပ်ဒေသများသည် အစားအစာ၊ ရေသယံဇာတများ သန့်စင်ပေးခြင်း၊ ရေသံသရာလည်ပတ်ခြင်း၊ အလုပ် အကိုင် စီးပွားရေးအခွင့်အလမ်း ဖန်တီးပေးခြင်းနှင့် ရာသီဥတုဘေး မုန်တိုင်းဒဏ်တို့မှ အကာအကွယ်ပေးခြင်း စသဖြင့် လူတို့အတွက်အလွန်အရေးပါသည့် အကျိုးကျေးဇူးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ယင်း ဂေဟစနစ်ဝန်ဆောင်မှု များအပြင် ရေဝပ်ဒေသများသည် ရေလုပ်ငန်း၊ ငါးမွေးမြူရေး၊ စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း စသည့် လူမှုစီးပွားရေး အကျိုးအမြတ် အများအပြားကို အဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါသည်။ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်၏ အလုပ်အကိုင်ရရှိမှုသည် ရေဝပ်ဒေသများ အပေါ်တွင် မူတည်နေရပြီး နှစ်စဉ် အမေရိကန် ဒေါ်လာ ၄၇ ထရီလီယံတန်ဖိုး ထုတ်လုပ်ပေးလျက်ရှိပါသည်။ မြန် မာနိုင်ငံ၏ အခြေခံအ စားအစာဖြစ်သည့် ဆန်စပါးကိုလည်း မြစ်ဝကျွန်းပေါ်ဒေသများတွင် အဓိက စိုက်ပျိုးကြပါသည်။ ပေါင်းစည်းလယ်ယာစနစ်အရ စပါးခင်းများတွင် ငါးမွေးခြင်းဖြင့် လယ်ယာစီးပွားတန်ဖိုး မြင့်တက်စေသည်။ ကမ္ဘာပေါ်ရှိ လူဦးရေခုနစ်ပုံ တစ်ပုံသည် အဓိကအသား ဓာတ်ရရှိအောင် ငါးကိုသာ အားထား စားသုံးကြပါသည်။

 

ရေသည် လူသားတို့အတွက် မရှိမဖြစ်အရေးပါပြီး ရေဝပ်ဒေသရှိ စုံလင်လှသော ဇီဝမျိုးစုံမျိုးကွဲ အပင်၊ တိရစ္ဆာန်နှင့် ကောင်းကျိုးပြုသော ပိုးမွှားတို့သည် ရေထဲ တွင်ပါဝင်သော နုန်းအနည်များ၊ စွန့်ပစ်ပစ္စည်းများနှင့် ရောဂါ ပိုးမွှား အညစ်အကြေးများကို ဖယ်ရှားစစ်ထုတ်ပေးခြင်းဖြင့် ရေကို သန့်ရှင်းစေပါသည်။ ရေဝပ်ဒေသများသည် ရေကို စုပ်ယူ၍ သိုလှောင်ထိန်းထားနိုင်သည့် ရေအရင်းအမြစ် ဖြစ်ပြီး ရေကြီးရေလျှံခြင်းကို ကာကွယ်ပေးပါသည်။ ရေဝပ် ဒေသများသည် ရေသံသရာလည်ခြင်းကို ပိုမိုကောင်းမွန် စေသဖြင့် ရာသီဥတု သမမျှတစေသည်။ ဒီရေရောက်တော များနှင့် သန္တာကျောက်တန်းများသည် ကမ်းရိုးတန်းဒေသ အား မုန်တိုင်းဒဏ်မှလည်း ကာကွယ်ပေးသည်။ ကုန်းမြေ အခြေခံ သစ်ဆွေးမြေများသည် ကမ္ဘာ့ကာဗွန် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို သိမ်းဆည်းသိုလှောင်ပေးထားပါသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ဆက်စပ်နေသည့် သဘာဝဘေးအန္တရာယ်တားဆီးရေး၊ ဘေးဒဏ်လျော့နည်းသက်သာ စေရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခံနိုင်ခြင်း စသည် တို့သည် ရေဝပ်ဒေသများမှရရှိသည့် ဂေဟစနစ် ဝန်ဆောင်မှုများကို ထင်ဟပ်ပေါ်လွင်စေပါသည်။

 

မြန်မာနိုင်ငံသည် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စသည့် အဓိကမြစ်ကြောင်းများတစ်လျှောက် ရှိ မြစ်ဝှမ်းဒေသတို့ တွင် ရေဝပ်ဒေသများ အများအပြား ပိုင်ဆိုင်သည့် နိုင်ငံတစ်ခုဖြစ်သည်။ သစ်တောဦးစီးဌာနနှင့် နော်ဝေပတ်ဝန်းကျင်ရေးရာ အေဂျင်စီတို့ပူးပေါင်း၍ မြန်မာ နိုင်ငံရှိ ရေဝပ်ဒေသများစာရင်းကို ကောက်ယူခဲ့ရာ ရေဝပ် ဒေသ အများအပြားဖော်ထုတ်နိုင်ခဲ့ပြီး ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်ခံရရန် အလားအလာရှိသည့် ရေဝပ်ဒေသ စာရင်း ၉၉ ခုကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ယင်းတို့တွင် ကုန်းတွင်းသဘာဝရေဝပ်ဒေသ၊ ကမ်းရိုးတန်း နှင့် အဏ္ဏဝါသဘာဝရေဝပ်ဒေသနှင့် လူတို့ဖန်တီးပြုလုပ် ထားသည့် ရေဝပ်ဒေသများ ပါဝင်ပါသည်။

 

၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်မှာ “ရေဝပ်ဒေသနှင့် ဇီဝပျိုးစုံမျိုးကွဲ” ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲ ရေရှည်တည်တံ့စေရေး ရေဝပ်ဒေသများ ထိန်းသိမ်းရန် တိုက်တွန်းအားပေးထားပါသည်။ မြန်မာ နိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသ ငါးခုနှင့် နံ့သာကျွန်းနှင့် မေယု မြစ်ဝတို့အား ရုရှားနိုင်ငံမြောက်ဖျားစွန်းမှ ဩစတြေးလျ နိုင်ငံတောင်ပိုင်းအထိ ပြောင်းရွှေ့ ကျက်စားသည့် အရှေ့ အာရှ-သြစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway Site Network) တွင် လုံခြုံရသည့် ရပ်နားရာနေရာအဖြစ် ထိန်းသိမ်းမှုမြှင့်တင်နိုင်ရေး အရှေ့အာရှ- ဩစတြေးလျအာရှ ငှက်ပျံသန်းရာ လမ်းကြောင်း ကွန်ရက်နယ်မြေများအဖြစ်လည်း သတ်မှတ် ခြင်းခံထားရပြီး ဖြစ်ပါသည်။ အဆိုပါ ရေဝပ်ဒေသများသည် ဆောင်းခိုငှက်များ၊ ဘဲချပ်၊ ဒေသမျိုးရင်းငှက်များ၊ ငါးဖိန်းနှင့် ဧရာဝတီလင်းပိုင်တို့၏ ကျက်စားရာနေရာ ဖြစ်သည်။ ရုရှားနိုင်ငံ ဆိုက်ဗေးရီးယားတွင် နေထိုင်ကျက် စားပြီး မျိုးသုဉ်းရန် လုံးဝအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည့် ရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed sandpiper)သည် ဆောင်းရာသီ၌ မြန်မာနိုင်ငံအတွင်းရှိ မုတ္တမပင်လယ်ကွေ့ အပါအဝင် မိန်းမလှကျွန်းနှင့် နံ့သာကျွန်းများသို့ လာရောက်ကျက်စား လေ့ရှိပါသည်။ ယင်းငှက်ငယ်မျိုးစိတ်တို့သည် ကမ္ဘာပေါ်တွင် ကောင်ရေ ၄၀ဝ ခန့်သာကျန်ရှိတော့ကာ ကမ္ဘာ့ကောင်ရေ၏ ၅၀ ရာခိုင်နှုန်းခန့် မြန်မာနိုင်ငံသို့ လာရောက်ဆောင်းခိုလေ့ ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

 

ယခုအခါ မြန်မာနိုင်ငံ ရေဝပ်ဒေသများ၏ ရေပြင် ဧရိယာနှင့် ရေအရည်အသွေးတို့အား နိုင်ငံခြားကျူးကျော် မျိုးစိတ်များ ဝင်ရောက်လာမှု၊ ညစ်ညမ်းမှု၊ ရေစီးရေလာ စနစ်ပိုမိုကောင်းမွန်ရန်လိုအပ်ခြင်းနှင့် မြေအသုံးချမှု ပြောင်းလဲခြင်းစသည့် အကြောင်းရင်းလေးခုက ဆိုးကျိုး သက်ရောက်စေပြီး ယင်းတို့သည် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရေဝပ်ဒေသများအပေါ် သက်ရောက်လာ သည့်အခါ ဇီဝမျိုးစုံမျိုးကွဲ စုံလင်မှုတန်ဖိုးကို လျော့ကျ စေသကဲ့သို့ အစားအစာ၊ ရေနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါသည်။ နိဂုံးချုပ်အားဖြင့် ရေဝပ်ဒေသမှရရှိသော အစားအစာ၊ ရေနှင့် အလုပ်အကိုင် စသည့် လူမှုစီးပွားရေးအခွင့်အလမ်း များပေးစွမ်းနိုင်သော ဇီဝမျိုးစုံမျိုးကွဲများ ရေရှည် တည်တံ့နိုင်ရန် ရေဝပ်ဒေသများကို အားလုံးမှ ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ ရေဝပ်ဒေသများနေ့”ကို ဂုဏ်ပြုသောအားဖြင့် ရေးသား ဖော်ပြလိုက်ရပါသည်။ ။