ပဲခူး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေပိုင်းက သယံဇာတ၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီ မြို့ဟောင်း၊ သိန္နီ တံခါးပေါက်တူးဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းနှင့် သမိုင်းပညာရှင်များက သိန္နီတံခါးပေါက် ရှာဖွေတွေ့ရှိမှု အခြေအနေ၊ ပြန်လည်တူးဖော် ထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ လွန်စွာ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး "နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု"ဟူသည့် ဆောင်ပုဒ်နှင့် အညီ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင် တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည်လည်း နှစ်ပေါင်း (၄၅၄) နှစ်သက်တမ်းရှိပြီး စစ်ဘေး စစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် လူတို့၏ ကျူးကျော် ဖျက်ဆီးမှု ဒဏ်များကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများမှာ တစ်စတစ်စ ယိုယွင်းပျက်စီး ပျက်စီးနေပြီ ဖြစ်ကြောင်း ၊ ဆက်လက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ရှေးဟောင်း အမွေအနှစ် မြို့ရိုးနှင့်ကျုံးများအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ဟံသာဝတီမြို့ဟောင်း ကျုံးများပြန်လည်ဖော်ထုတ် တူးဖော်ခြင်းအားဖြင့် ပြည်သူများ အပန်းဖြေနေရာတစ်ခု ဖန်တီးပေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား နောင်လာ နောင်သားများ တန်ဖိုးထား တတ်စေရန်၊ ရှေးခေတ်က မြို့တစ်ခုတည်ရာတွင် မြို့တော်၏ အကာအကွယ်တစ်ခုအပြင် ရေသွင်း၊ ရေထုတ်စနစ် ဆောင်ရွက် နိုင်ရန် ကျုံးကိုထည့်သွင်း တည်ဆောက်ရေးအား သိရှိစေရန်၊ ပဲခူးတိုင်း ဒေသကြီးတွင် တောင်ငူမြို့နှင့် ပဲခူးမြို့တို့သည် ကျုံးများနှင့် ပတ်လည်ကာရံထားသော ရှေးဟောင်းမြို့တော် ကြီးများပင် ဖြစ်ကြောင်း၊ ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအဖြစ် သန့်ရှင်းသာယာ လှပစေရေး မြို့ရိုးများ၊ ဂိတ်တံခါး ပေါက်များ၊ ကျုံးများနှင့်ကျုံးပတ်လမ်းများ ပြန်လည် ဖော်ထုတ်ရခြင်း ဖြစ် ကြောင်း၊ အဓိကအားဖြင့် ရှေးဟောင်း မူရင်းပုံစံများ မပျက်စီးစေ ရန်လည်း အထူးသတိထား ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့အား ဟံသာဝတီ ရှေးဟောင်းမြို့ရိုး တူးဖော်မှု ကုန်း(BGO-4) တူးဖော်မှုလုပ်ငန်း သုတေသန အစီရင်ခံစာ စာအုပ်အား ပေးအပ်ခဲ့ပြီး တူးဖော် ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုကြ ကြောင်းသိရှိရသည်။
ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့တော်တွင် သိန္နီတံခါး ပေါက်သည် အနောက်ဘက် မြို့ရိုး၏ မြောက်ဘက် အကျဆုံး တံခါးပေါက်ဖြစ်သည်။ ပဲခူးမြို့ ဒေသခံ ပြည်သူများ အနေဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲဆောင် မြောက်ဘက်ရှိ ပြည်တော်သာ လမ်းနေရာအား သိန္နီတံခါးပေါက်ဟု အစဉ်အဆက် လက်ခံယုံကြည် ခဲ့ကြသည်။ သို့သော်လည်း (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် အဆိုပါနေရာအား တူးဖော်ကုန်းအမှတ်(၁) BGO-1ဟု သတ်မှတ်တူးဖော်ခဲ့သည့်အခါ တံခါးပေါက်နှင့် သက်ဆိုင်ရာ ပြအိုး အစရှိသည်တို့ကို မတွေ့ရှိရဘဲ(၁၄.၅)မီတာအရှည်ရှိ ပြကလေးတစ်လုံး၏ အကြွင်းအကျန် ကိုသာ တွေ့ရှိ ရသည့်အတွက် သိန္နီတံခါးပေါက်၏ အထောက်အထားများ ပျောက်ဆုံးလျက်ရှိနေခဲ့သည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တူးဖော်မှုကုန်းအမှတ်-၄ (BGO-4)ကို တူးဖော်သုတေသန ပြုသည့် အခါ ကျင်းကွက်အမှတ် T40 မှ T45 အတွင်း တံခါးပေါက်ပြအိုး(၂)လုံးနှင့် မြို့ဝင်ပေါက်ဟု ယူဆရသည့် အဆောက်အအုံအ ကြွင်းအကျန်များကို တူးဖော်တွေ့ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)