နေပြည်တော် ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ရှေးဉီးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Video ဖြင့် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကို အားထားလုပ်ဆောင်ရသော နိုင်ငံဖြစ်ပြီး ဆန်စပါးသည် တောင်သူ လယ်သမားများ အတွက်လည်းကောင်းပြည်သူများ ဖူလုံစွာ စားသုံးရန်အတွက် လည်းကောင်း၊ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရန် အတွက်လည်းကောင်း အရေးပါအဓိက ကျသော လယ်ယာထွက်ကုန် သီးနှံတစ်မျိုးဖြစ်ပါ ကြောင်း၊ လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရေးတို့အတွက် ပေါ်ထွက်လာ နိုင်မည့် အခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ သီးနှံများအထွက်နှုန်းနှင့် ထုတ်လုပ်မှုနှုန်း တိုးတက်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းစေရေး၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသည့် ထောက်ပံ့ပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်စေရေး၊ ထုတ်လုပ်မှု အရည်အသွေး တိုးတက်စေရေး၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချ စားသုံး နိုင်ရေးတို့သည် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ ပြည်တွင်းထုတ်လုပ်မှု အရည် အသွေး တိုးတက် လာခြင်း၊ သန့်ရှင်းလတ်ဆတ် ဈေးသက်သာစွာ စားသုံးနိုင်ခြင်းတို့အပြင် အရည် အသွေးအရ၊ ဈေးနှုန်းအရကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်နိုင် ရန်၊ ပြည်ပနိုင်ငံများမှ နည်းပညာအကူ အညီများရရှိရန်နှင့် ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် အလေး ထား ဆောင်ရွက်နေပါကြောင်း။
ထို့ပြင် နိုင်ငံတကာကုန်စည်ပြပွဲများသို့ သွားရောက်ပြသခြင်း၊ ခေတ်မီအိုင်တီနည်း စနစ်ကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများကို အွန်လိုင်းစနစ်ဖြင့် ပြသဈေးကွက် ရှာဖွေခြင်း၊ ပုဂ္ဂလိက ကုန်သည်အသင်းအဖွဲ့များကလည်း အင်တိုက်အားတိုက် ဈေးကွက် ရှာဖွေကြသကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများနှင့် ချိတ်ဆက်ဆွေးနွေး ညှိနှိုင်း၍ ဈေးကွက် တိုးချဲ့ ရှာဖွေလျက်ရှိရာ ဆန်စပါးကဲ့သို့သော သမရိုးကျ တင်ပို့နေသည့် လယ်ယာထွက်ကုန် သီးနှံများအပြင် သီးနှံပို့ကုန် အမယ်သစ်များ၊ ဈေးကွက် အသစ်များရရှိခြင်း အစရှိသည့် အောင်မြင်မှုများ ရလျက်ရှိပါကြောင်း။
အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ တွင်လည်း ဆန်စပါးကဏ္ဍကို ဦးစားပေး အနေဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီ (၄၃) ခုနှင့် ဆန်စက်ပေါင်း (၇၉) စက်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် GACC တွင် မှတ်ပုံတင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ သို့ ဆန်တန်ချိန် (၂၀၀) လှူဒါန်းခဲ့ပြီး ဘမ်ကိုမုန်တိုင်းဒဏ်ခံရသည့် ဖိလစ်ပိုင် နိုင်ငံသို့လည်း ဆန်တန် ချိန် (၂၀၀) လှူဒါန်းနိုင်ရန် ပူးပေါင်း စီစဉ်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း ပြည်သူများ ရိက္ခာ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန်ဝယ်ယူ ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့မှု၊ ပြည်သူများသို့ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့မှု၊ ဆန်နှင့်အခြေခံစား ကုန်များ လှူဒါန်းသည့် လုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုများကို မှတ်တမ်း တင်ဂုဏ်ပြုအပ်ပါ ကြောင်း။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများ အကျိုးကို ယခုထက် ပို၍ဆောင်ရွက် နိုင်ပါစေကြောင်းနှင့် ဆန်စပါးကဏ္ဍနှင့် သက်ဆိုင်သော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေး လုပ်ငန်းများ၊ သတင်းအချက် အလက် နှင့်နည်းပညာ စုဆောင်းဖြန့်ဝေရေးလုပ်ငန်းများကို ဆန်စပါး ဆိုင်ရာအသင်းများ၊ တောင်သူ လယ်သမားများနှင့် နီးနီးကပ်ကပ်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဆန်စပါး လုပ်ငန်းကဏ္ဍ စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက် ရေးကို ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ဦးဇော်မင်းဝင်း တို့က Video Message ဖြင့် အမှာ စကားများ ပြောကြားခဲ့ကြပြီး အခမ်းအနား၏ သဘာပတိနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဥက္ကဋ္ဌတို့က နှုတ်ခွန်း ဆက်စကားပြောကြားခြင်း၊ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်း စဉ်များ ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ အသင်းချုပ် နာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဆန်စပါး ဆိုင်ရာ ပညာရှင်များ၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ် များနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက အွန်လိုင်း မှ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)