ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝတံတားအနီးရှိ ရေနက်ကွင်းနေရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ထိုစီမံကိန်းဆောင်ရွက်စဉ်အတွင်း တွင်လည်း အလုပ်အကိုင်များ ရရှိမည်ဖြစ်ပြီး စက်မှုဇုန်များ အသက်ဝင်ပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များကို နိုင်ငံတော်က တည်ဆောက်လျက်ရှိရာ သီလဝါစက်မှုဇုန်နှင့် ဆိပ်ကမ်း မှာ ဂုဏ်သတင်း ကောင်းမွန်ပြီး ပင်လယ်ကူးသင်္ဘောကြီးများ ပိုမိုဆိုက်ကပ်နိုင်နေပြီဖြစ်သည်။
ယခုအခါ ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရန် ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝမြစ်နံဘေးရှိ ရေနက်ကွင်းတွင် စက်မှုဇုန်ကြီး တည်ဆောက် ရန် ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
“ရေနက်ကွင်းမှာရှိတဲ့ လယ်သမားတွေအားလုံး သဘောတူပြီးပါပြီ။ ကျွန်တော်တို့တစ်ဦးတည်း ဖြစ်နေတဲ့အတွက် အများပြိုင်ဖြစ်အောင် ကျွန်တော်တို့ထက် ပိုပြီးလုပ်ပေးနိုင်မယ့်ကုမ္ပဏီကို သတင်းစာမှာ တင်ဒါပုံစံတစ်မျိုး ခေါ်ပြီးဆောင်ရွက်မယ်လို့ သိရပါတယ်။ အဲဒီအတွက် Third party ဖြစ်တဲ့ ကျွမ်းကျင်အဖွဲ့ကစိစစ်ပြီး ကျေနပ်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ဖို့ရှိတယ်။ အဲဒီလိုအဖွဲ့က သိချင်တဲ့ အချက်အလက်တွေ၊ မေးခွန်းတွေ၊ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းဖြစ်ကြောင်းကို ကျွန်တော်တို့ ဖြေကြားပြီးပါပြီ။ ကျွန်တော်တို့ထက် လုပ်ဆောင် နိုင်တဲ့သူမရှိရင် ကျွန်တော်တို့ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ စက်ရုံတည်ဆောက်ရေးမှာ အလုပ်အကိုင် ရရှိတဲ့အပြင် စက်ရုံလည်ပတ်ရင် လုပ်သားတစ်သိန်းကျော် အလုပ်အကိုင် ရရှိစေမှာပါ” ဟု ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးဝေက ပြောသည်။
စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၁ မြို့နယ်တွင် ထန်းတပင်စက်မှုဇုန်နှင့် ရေပေါ်ဈေးလည်း တစ်ခု အပါအဝင်ဖြစ်ပြီး အဆိုပါစီမံကိန်းတွင် လယ်ဧက ၄၀၀ ကျော်၌ ငါးဧကလျှင် တောင်သူအား စက်မှုမြေတစ်ဧကပြန်လည် ပိုင်ဆိုင်ခွင့် ပေးထားရာ လယ်သမားများသဘော တူညီမှုဖြင့် ကျန်မြေဧက ၁၆၀၀ ကျော်နှင့်အတူ ထန်းတပင်စက်မှုဇုန်ကို တည်ဆောက်ခြင်းဖြစ်သည်။ ထိုဇုန်များတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး စသော အခြေခံအဆောက်အအုံများ အပါအဝင် စက်ရုံပေါင်း၂၀၀၊ ရေဆိုးသန့်စင်စက်ရုံ၊ အလုပ်သမား နေထိုင်မည့်အဆောက်အအုံ၊ လုံးချင်းအိမ်ရာ၊ စာသင်ကျောင်း၊ ပန်းဥယျာဉ်၊ စက်မှုဇုန်ရုံးများ တည်ဆောက်မည်ဖြစ်ပြီး ထိုစက်မှုဇုန်ရှိ လမုတန်း ကျေးရွာနှင့် လှိုင်မြစ် တစ်ဖက်ကမ်းရှိ မှော်ဘီမြို့သို့ ဆက်သွယ်နိုင်မည့် (ပြည်လမ်းနှင့် ချိတ်ဆက်နိုင်) မြစ်ကူးတံတား တစ်စင်းကို တည်ဆောက်မည်ဖြစ်ရာ တရုတ်(တိုင်ပေ)နှင့် ပူးပေါင်းဆောင်ရွက် မည်ဟု သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်တာပါ။ နိုင်ငံတော်အနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ရရှိရေးကို ဆောင်ရွက်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုလည်း ဆောင်ရွက်နေတာကြောင့် ဒီစက်မှုဇုန်ကြီးပြီးသွားရင် ဒီဒေသဟာ သိသိသာသာ တိုးတက်သွားမှာပါ။ ရေနက်ကွင်းမှာတောင်သူတွေ စိုက်ပျိုးရေး အဆင်မပြေပေမယ့် စက်မှုဇုန်ကြီး ပေါ်ထွန်းလာရင် တောင်သူ တွေ ကအစ အလုပ်အကိုင်တွေ ရလာမှာပါ။ အောက်ဆုံးအဆင့်မှာရှိတဲ့ ထန်းတပင်ဟာ စက်မှုဇုန်ပေါ်လာရင် နိုင်ငံတော်အတွက် အခွန်ရတဲ့ မြို့နယ်တစ်ခုအဖြစ် တွေ့မြင်ရမှာပါ”ဟု ထန်းတပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောသည်။
စက်မှုဇုန်နှင့် မြစ်ကူးတံတားအပါအဝင် တည်ဆောက်ရေးအသေးစိတ် မြေပြင်ကွင်းဆင်း ဆောင်ရွက်မှုကို ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်း မြန်ဆန်စွာ အကောင်အထည်ပေါ်ပါက ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုကဏ္ဍနှင့် ပြည်ပပို့ကုန် ပိုမိုတိုးမြင့်ရရှိပြီး တိုင်းဒေသကြီးအနေဖြင့်အခွန်ငွေပိုမိုရရှိကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်သည်။ ကုက္ကိုလ်ဝတံတားအဆင်း ဘယ်ဘက်ခြမ်း ရေနက်ကွင်းသည် ထန်းတပင် စက်မှုဇုန် တည်ဆောက်မည်ဖြစ်ပြီး ညာဘက်ခြမ်း ပန်းလှိုင်မြစ်နှင့် ကုက္ကိုလ်ဝ မြစ်ဆုံနေရာ၌ ရေပေါ်ဈေးတည်ဆောက်ရန်လျာထားရာ ကနဦး စက်မှုဇုန်ကိုတည်ဆောက်ရန် လျာထားခြင်း ဖြစ်သည်။ ရေနက်ကွင်းဧရိယာဧက ၂၀၀၀ ကျော်တွင် သဲနှင့်မြေကြီး ငါးပေအမြင့် မြှင့်တင်မည်ဖြစ်ပြီး စက်မှုဇုန် တည်ဆောက်ရေးကို ရန်ကုန်ဝဲလ်ဒဲက်ပလော့မန့်ကုမ္ပဏီ၊ ဝီဝက်ဒ် (ဟောင်ကောင်) အင်တာနေရှင်နယ်ကုမ္ပဏီနှင့် ဂိုးဒင်းမြန်မာ(ဟောင်ကောင်)အင်ဗား စမန့်ကုမ္ပဏီ သုံးခုပေါင်း၍ ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီ ဖြစ်သော ပြည်တွင်းကုမ္ပဏီ တစ်ခုအနေဖြင့် ထန်းတပင်စက်မှုဇုန်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စက်မှုဇုန်အသက်ဝင်လာပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက် ၊ ဓာတ်ပုံ-သန်းစိုး