Skip to main content

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အထူးပြပွဲနောက်ဆုံးနေ့ လေ့လာကြည့်ရှုသူများ အထူးစည်ကား

နေပြည်တော် မေ ၁၀

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပတ်လမ်းတွင် ‌မေ ၃ ရက်မှ ၁၀ ရက်အထိ အများပြည်သူလာရောက်လေ့လာနိုင်ရန် ပြသခဲ့သည်။

ယနေ့သည် နောက်ဆုံးနေ့၊ အများပြည်သူ့ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ၊ သီလရှင်စာသင်တိုက်များမှ သီလရှင်များ၊ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ လှိုင်၊ သန်လျင်၊ ခရမ်း၊ သာကေတ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရွှေပေါက္ကံမြို့နယ်တို့မှ လာရောက်ကြည့်ရှုသူပြည်သူများ အထူးစည်ကားလျက်ရှိရာ ပြပွဲနှင့်ပတ်သက်၍ ရှုမြင်သုံးသပ်မှုသဘောထားအမြင်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

အရှင်ဝီရိယ ရှင်မတောင်သရက္ခန်ကျောင်း ရေစကြိုမြို့နယ် မကွေးတိုင်းဒေသကြီး

ဆဋ္ဌသင်္ဂါယနာတင် (နှစ် ၇၀ ပြည့်) အထိမ်းအမှတ်ပြပွဲမှာ ဆဋ္ဌသင်္ဂါယနာတင်ရာ သမိုင်းဝင်နေရာနဲ့ သာသနာ့သမိုင်း အသေးစိတ်အကြောင်းအရာတွေကို လေ့လာလိုက်ရတဲ့အတွက် လူငယ်တွေအတော်များများသိသွားတယ်။ သာသနာအတွက်၊ နိုင်ငံအတွက်၊ မျိုးဆက်သစ်လူငယ်တွေအတွက် အလွန်အကျိုးကျေးဇူးကြီးပါတယ်။ ဒီကနေ့ ကမ္ဘာ့အနေအထားအရ တင်းမာမှုတွေ ခံစားချက်တွေအလွန်များနေတဲ့အချိန်မှာ ဗုဒ္ဓရဲ့အဆုံးအမတွေကို သိရှိလိုက်နာကြမယ်ဆိုရင် မြန်မာပြည်အပါအဝင် တစ်ကမ္ဘာလုံးငြိမ်းချမ်းလာမှာဖြစ်ပါတယ်။

အိန္ဒိယက သာသနာစတင်ခဲ့ ထွန်းကားခဲ့ပေမယ့် မြန်မာနိုင်ငံလိုမျိုး ပရိယတ္တိ၊ ပဋိပတ္တိ အပြည့်အစုံမရှိတော့ဘူး။ မြန်မာနိုင်ငံမှာ သင်္ဂါယနာနှစ်ကြိမ် တင်ခွင့်ရခဲ့တယ်။ နှစ်ကြိမ်စလုံး တန်ဖိုးဖြတ်လို့မရဘူး။ ဘုန်းကံရှိတဲ့ တိုင်းပြည်နဲ့ ဘုန်းကံရှိတဲ့ဒေသမှာ ဘုန်းကံရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဦးဆောင်နိုင်စွမ်းရှိလို့သာသနာကြီးတည်တာပါ။ ဒါက သာသနာတော်အတွက် အလွန်အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာတွေဖြစ်ပါတယ်။ နောင်လာနောက်သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်။

ဦးစိန်လင်း ညွှန်ကြားရေးမှူး၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယရေးရာဌာနခွဲ ၊ သာသနာရေးဦးစီးဌာန

ပဉ္စမသင်္ဂါယနာနဲ့ ဆဋ္ဌသင်္ဂါယနာကို ​ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်လို့ မြန်မာနိုင်ငံသား ရဟန်းရှင်လူပြည်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။ သင်္ဂါယနာ အဆင့်ဆင့်တင်လာတဲ့ အကျိုးဆက်တွေကြောင့် ထေရဝါဒနိုင်ငံအနေနဲ့ ဆဋ္ဌမူအဖြစ် သာသနာတော်ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

​အချုပ်အားဖြင့် ပြောရရင် ဒီဆဋ္ဌသင်္ဂါယနာ နှစ် (၇၀) ပြည့် အောင်ပွဲက ပရိယတ္တိစာပေဆိုင်ရာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွေအနေနဲ့ သာသနာတော်ကို ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်။ ဒီဆဋ္ဌ သင်္ဂါယနာ နှစ် (၇၀) ပြည့် အောင်ပွဲကို နိုင်ငံတော်အကြီးအကဲတွေရဲ့ မျှော်မှန်းမှု၊ သာသနာအတွက် အထင်ကရဖြစ်တာကြောင့် ကျင်းပဖို့ ကုသိုလ်စိတ်တွေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တယ်။ သဘာပတိ ဆရာတော်တွေရဲ့ အမေးအဖြေတွေက လွန်ခဲ့တဲ့ နှစ် (၇၀) ပြည့်က ပုံရိပ်တွေကို ပြန်လည်ထင်ဟပ်စေပြီး ကြည်ညိုစရာ ကြည်နူးကုသိုလ် သဒ္ဓါတရားပွားရပါတယ်။ ရဟန်းရှင်လူ ပြည်သူအများလည်း ထပ်တူရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဦးတင်သိန်း ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ၊ သာသနာရေးဦးစီးဌာန

ကျွန်တော်တို့ သာသနာရေးဦးစီးဌာနက နေ့စဉ်ပြခန်းတွေမှာ တာဝန်ချထားပြီး ပြကွက်တစ်ကွက်ချင်းစီအလိုက် ရဟန်းရှင်လူပြည်သူတွေကို ရှင်းလင်းပြသပေးပါတယ်။ ရဟန်းရှင်လူ ပြည်သူအများလည်း အားတက်သရော ကြည်ညိုသဒ္ဓါပွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်းတောက်ပပြီး အများပြည်သူတွေ ကြည်ညိုသဒ္ဓါတရားပွားများခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။

ကိုစိုးဝေလွင် မရမ်းကုန်းမြို့နယ် 

မြန်မာနိုင်ငံမှာ သင်္ဂါယနာ တင်ခဲ့တဲ့သမိုင်းဝင်နေရာနဲ့ အချက်အလက် ပြခန်းပြကွက်တွေက တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေအများကြီးရတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဒီလိုပြပွဲတွေ ပြသပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

ဒေါ်ဆုနွယ်ဝင်း ဒဂုံဆိပ်ကမ်းမြို့နယ်

စာပေထဲမှာ ဖတ်ရတာက ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ ကမ္ဘာအေးကုန်းမြေက ပထမ သင်္ဂါယနာ တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက သတ္တ ပဏ္ဏိလိုဏ်ဂူနဲ့ ပုံစံတူတည်ဆောက်ထားတာဖြစ်တဲ့အတွက် ကျွန်မ တို့အနေနဲ့ ပထမသင်္ဂါယနာကို မမီခဲ့သလို၊ အိန္ဒိယနိုင်ငံကို မသွားရောက်နိုင်သေးတဲ့အတွက် ဒီဆဋ္ဌသင်္ဂါယနာတင် လိုဏ်ဂူကြီးက ပထမသင်္ဂါယနာကိုပါ အမှတ်ရစေပါတယ်။ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) အထိမ်းအမှတ် အခမ်းအနားမှာ ဆရာတော်ကြီးတွေ ဆဋ္ဌသင်္ဂါယနာတင်တာကို ကျွန်မတို့ ကြည်ညိုခွင့်ရခဲ့တယ်။ ခေတ်အဆက်ဆက် တင်ခဲ့သမျှ သင်္ဂါယနာမှာ ကျွန်မတို့မမီခဲ့ဘူး။ စာပေကနေတစ်ဆင့်ပဲ လေ့လာခဲ့ရတယ်။ အခု ဆရာတော်ကြီးတွေ သင်္ဂါယနာတင်တာ ဒီလိုပါလားဆိုပြီး ကြည်ညိုခွင့်၊ နာယူခွင့်ရတယ်။ အခုလို လာရောက်လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတအများကြီး ရပါတယ်။

သတင်းအဖွဲ့