နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာ၌ အစိုးရ-ပုဂ္ဂလိကကဏ္ဍနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းခိုင်မာစွာ တည်ဆောက်နိုင်မည်ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်း သစ်များ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုများကို ပြည်သူများအတွက် ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၌ အလုပ်အကိုင် အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးပြီး အချို့လည်း ရပ်ဆိုင်းသွားကြသည်ကို မြင်တွေ့ရပေသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ အထိုက်အလျောက် ထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။ ကူးစက်မြန်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် လူမှုစီးပွား ဘဝများတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း ဗုန်းဗုန်းလဲပြိုကျသည့် အခြေအနေမရှိပါ။ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် အလားအလာကောင်းများ ရှိနေပါသည်။
အလားအလာကောင်းများ ရှိနေသည့်အကြောင်းများတွင် နိုင်ငံ၏ ပထဝီဝင် အနေအထားအရ မဟာဗျူဟာကျပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အမြန်ဆုံးဒေသ၌ တည်ရှိခြင်း၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ နက်ရှိုင်းခိုင်မာ အားကောင်းနေခြင်းနှင့် လက်တွေ့နယ်ပယ်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ပေါ်နေခြင်း၊ ဖြစ်ပေါ်နေကြောင်းကိုလည်း အသိအမှတ်ပြု ထားခြင်းတို့ရှိသည်။ ယင်းရလဒ်ကောင်းများတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းမှုများ ခိုင်မာစွာရရှိထားသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုများ ပြည်သူများအတွက် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လူမှုစီးပွား ထိခိုက်နစ်နာမှုများ ကြီးကြီးမားမား ကြုံတွေ့ကြ ရသည်မှာ အထူးအထွေ ပြောစရာလိုမည် မဟုတ်ပေ။ သို့သော် အစိုးရနှင့်ပြည်သူအကြား၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများအကြား၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် ပြည်သူအကြား နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံသည့် အလားအလာကောင်းများရှိခဲ့သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်နေ ချိန်၌ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍကို ဦးဆောင်သည့် UMFCCI အဖွဲ့အစည်းကြီးနှင့် ပူးပေါင်းပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် တက်တက်ကြွကြွ လက်တွဲဆောင်ရွက် နိုင်မှုများမှာ အကျိုးရလဒ် ကောင်းများ ဖြစ်စေသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ စားနပ်ရိက္ခာ လှူဒါန်းခြင်း၊ ကုန်ဈေးနှုန်း ထိန်းချုပ်ခြင်း၊ ကုန်ပစ္စည်းများ မပြတ်လပ်အောင် ဆောင်ရွက် ပေးခြင်းစသည့် နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများအပြင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာသွားသော မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ မျက်မှောက်ကာလနှင့် အနာဂတ် ကာလတွင် ပြန်လည်ဦးမော့လာရေး၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးအရွယ်အစား အမျိုးမျိုး ဆက်လက်ရှင်သန်လာစေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ဖြေလျှော့ပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ဖော်ထုတ်ပေးခြင်း တို့သည် နိုင်ငံတွင် ကြီးမားသော ခွန်အားများဖြစ်စေခဲ့ပြီး အနာဂတ်ကာလ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါခဲ့သည်။
ကမ္ဘာ့ဘဏ်မှ ယခင်အပတ် သတင်းထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအသီးသီး စီးပွားရေး ထိခိုက်နစ်နာ မှုများ ရှိနေသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အခြေအနေကောင်းတစ်ခုကို ထိန်းထား နိုင်ကြောင်း သိရသည်။ ထို့အပြင် လာမည့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေး တဖြည်းဖြည်း ပြန်လည်နာလန် ထူနိုင်မည်ဖြစ်ကြောင်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသော်လည်း လာမည့် ၂၀၂၁ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းရှိမည်ဟု ထုတ်ပြန်ထားမှုများသည် လက်ရှိခွန်အားများဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေး ပြန်လည်ဦးမော့ လာပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုတို့ကို ဆောင်ကြဉ်းပေး နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ လက်တွဲပူးပေါင်း ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းခိုင်မာ အားကောင်းစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။