နေပြည်တော် ဒီဇင်ဘာ ၁၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ နိုင်ငံတကာလုပ်သား များ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလတစ်ဝက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် လေ့လာစောင့်ကြည့် သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Format ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့အစည်းအဝေးကို အမျိုးသားအဆင့် ဒုတိယ (၅) နှစ် စီမံချက်၏ ကာလတစ်ဝက်တာတွင် ဦးစားပေးဆောင်ရွက်ခဲ့ သည့်လုပ်ငန်းများမှ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ် လေ့ လာရန်၊ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေးအစီအစဉ်များ ဖော်ထုတ်သတ်မှတ်ရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဒုတိယ(၅) နှစ်တာ လုပ်ငန်းစီမံချက်ကို ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အစည်း အဝေးများ အကြိမ်ကြိမ်ကျင်းပကာ ညှိနှိုင်းရေးဆွဲခဲ့ပြီး စီမံချက်ကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ စီမံချက်အရ ရွှေ့ပြောင်းသွားလာမှု အများဆုံးရှိသည့် ဒေသများတွင် ILO၊ IOM တို့နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) ၁၉ ခုထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်သားစုဆောင်း ပို့ဆောင်ပေးသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအတွက် ဂုဏ်သိက္ခာရှိသည့် နိုင်ငံတကာလုပ်သား စုဆောင်းသည့်စနစ် ကျင့်သုံးရေးဆိုင်ရာဆွေးနွေးပွဲကို ၇ ကြိမ် ပြုလုပ်ခဲ့ရာ အေဂျင်စီ ၂၀၇ ခုမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့ကြောင်း။
ဆက်လက်၍ အနာဂတ်အလုပ်အကိုင်နှင့်ပတ်သက်၍ တိုးတက်လာသည့် နည်းပညာများ နှင့်အညီ အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းအစီအစဉ် များ ဆောင်ရွက်နိုင်ရန်၊ ကိုဗစ်-၁၉ အလွန်တွင် ပြည်ပသို့ သွားရောက် လုပ်ကိုင်မည့် ရွှေ့ပြောင်း အလုပ်သမားများ လုံခြုံစိတ်ချစွာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝနေထိုင်မှု ဖွံ့ဖြိုးတိုးတက် ရေးအစီအမံများ ဆောင်ရွက်နိုင်ရန်စသည့် လုပ်ငန်းအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ယနေ့အချိန်တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် စီးပွားရေး၊ လူမှုဘဝ၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံ အပေါ် ထိခိုက်သက်ရောက်မှုများအပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရ၍ ယင်းကိစ္စ ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးလာကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံနိုင်ငံများက ပြန်လည်ပို့ဆောင်ခြင်းနှင့် စေလွှတ် နိုင်ငံများက လက်ခံခြင်းများ ဆောင်ရွက် လျက်ရှိပြီး ပြန်ရောက်လာသည့် ရွှေ့ပြောင်းအလုပ် သမားများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကိုပါ ရေရှည်တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်ထားရန် ထည့်သွင်းစဉ်းစားရ မည်ဖြစ်ကြောင်း၊ လူသားအားလုံး၏ နေထိုင်မှု ပုံစံပြောင်းလဲမှုအနေဖြင့် မိမိတို့အားလုံးသည် Technology Platform ဖြင့် ဆက်သွယ်ဆောင်ရွက် နေရသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရာတွင် နည်းပညာကိုအသုံးပြု၍ လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်း မီရရှိစေရေး Digital Platform ထားရှိဆောင်ရွက် ရေးသည် ထင်ရှားလာကြောင်း၊ ယခုလို Digitalization ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်တည်း သာမဟုတ်ဘဲ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း အသိုက် အဝန်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission က အမှာစကား ပြောကြားပြီး အစည်းအဝေးအစီအစဉ်အတိုင်း ဆက်လက် ကျင်းပရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်က အမျိုးသား ၅ နှစ်တာလုပ်ငန်းစီမံချက်၏ နောက်ခံအကြောင်းအရာ၊ ရည်ရွယ်ချက်များနှင့်မျှော်မှန်းရလဒ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ IOM စီမံကိန်းမန်နေဂျာက လုပ်ငန်းစီမံချက်ကို Global Compact for Migration မျှော်မှန်းချက်များနှင့် ချိတ်ဆက်ခြင်းတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများက လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလ တစ်ဝက်တာအတွင်း ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများအပေါ် ပြန်လည်သုံးသပ်တင်ပြခြင်း နှင့် စီမံချက်အရ ၂၀၂၁ ခုနှစ်တွင် လုပ်ဆောင်ရမည့် အဓိက ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ လိုအပ်သည်များ အကြံပြုတင်ပြခြင်းတို့ ဆောင်ရွက်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြော ကြားသည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ IOM မှ Chief of Mission နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)