Skip to main content

ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ အရာရှိများ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၁၆

ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိ များ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦးက တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မျက်နှာစုံညီ ပြုလုပ် နိုင်ခြင်းမရှိသဖြင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးအနေဖြင့် “တရားဥပဒေစိုးမိုး ရေးဆီသို့” ၂၀၁၅-၂၀၁၉ မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ “တရားမျှတ ရေးအတွက် ဥပဒေဝန်ဆောင်မှု” ၂၀၂၀- ၂၀၂၄ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းမဟာဗျူဟာစီမံကိန်းတွင် ဥပဒေ အကြံဉာဏ်ပေးခြင်း၊ တရားစွဲ အမှုလိုက် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တရားမျှတမှု ကဏ္ဍတိုးတက်ရေးတို့ကို အထောက်အကူပြုရန် ရည်မှန်းချက် ပန်းတိုင်ငါးရပ် ချမှတ်ထားပါကြောင်း၊ ၂၀၁၉-၂၀၂၀ ကာလအတွင်း တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့သို့ တင်ပြချက်များနှင့်စပ်လျဉ်း ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး နိုင်ခဲ့ ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေ ချုပ်ရုံးများအနေဖြင့် ဥပဒေမူကြမ်းများ စိစစ်အကြံပြုရာတွင် အထောက်အကူ ပြုရန် ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်ကို ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများတွင်လည်း ဥပဒေ မူကြမ်းနှင့် တစ်ဆင့်ခံဥပဒေမူကြမ်း များကို စိစစ်ရန် ပြဋ္ဌာန်းချက်များပါရှိ ပါကြောင်း၊ ဥပဒေမူကြမ်းများ စိစစ် အကြံပြုရာတွင် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာချက် နှင့်စပ်လျဉ်းသည့် စိစစ်ချက်များကို ထပ်မံ ဖြည့်စွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီးပွားရေးဆိုင်ရာ စာချုပ် စာတမ်းများ စိစစ်အကြံပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ မြေယာကိစ္စများ အကြံပေးရာတွင် အထောက်အထား များကို ပြည့်ပြည့်စုံစုံ လေ့လာရန် လိုအပ်ပြီး တည်ဆဲဥပဒေများ၊ မူဝါဒ များကို သိရှိရန်လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိများသည် ပြင်ဆင်၊ ဖျက်သိမ်း၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေ များကို မျက်ခြည်မပြတ် လေ့လာရန် လိုအပ်ပါကြောင်း၊ အယူခံမှုနှင့် ပြင်ဆင်မှုများ တင်သွင်းရာတွင် ကာလ စည်းကမ်းသတ် မကျော်လွန်စေရေး နှင့် တရားရုံးစီရင်ချက် မိတ္တူမှန်များ အချိန်မီရရှိစေရေး ဂရုပြုဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်ကို လိုက်နာကြရန်နှင့် အရည်အသွေးပြည့်ဝသူများ ဖြစ်စေ ရေး ကိုယ်တိုင်ကြိုးစားလေ့လာ သင်ယူကြရမည် ဖြစ်ပါ ကြောင်း မှာကြားသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယ ရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ယင်းဆွေးနွေးပွဲ ကို နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်