Skip to main content

သဘာဝဘေးအန္တရာယ်ကျော်လွှား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားလွယ်သည့်နိုင်ငံဖြစ်သည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြုံတွေ့နိုင်ပြီး အထူးသဖြင့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့လေ့ရှိသည်။ ယခုနှစ်မိုးရာသီတွင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းခဲ့ရာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုနှင့် ရေကျော်စီးဝင်ရေကြီးရေလျှံဖြစ်စဉ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ခဲ့သည့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၈ ရက်က ပုသိမ်မြို့တော်ခန်းမ၌ပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အလှူငွေလက်ခံပြီး “မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ အဓိကရည်မှန်းချက်ဖြစ်သည့် ဘေးဒဏ်များမှ ကြံ့ကြံ့ခံနိုင်ရမည်ဟူသည့် အနေအထား ထိရောက်အောင် မိမိတို့အားလုံး အတူတကွဝိုင်းဝန်းဆောင်ရွက်ကြရန် ထပ်လောင်းမှာကြားလိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝှမ်းကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု စသည့်အမျိုးမျိုးသောအကြောင်းများကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည့်အခါတွင် ထိခိုက်ပျက်စီးမှုများ လျော့နည်းသည်ထက်လျော့နည်းစေရန်အတွက် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ ရည်မှန်းချက်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား နိုင်ရမည်ဆိုသည့် အနေအထားရောက်အောင် အားလုံးဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများကို အလျင်အမြန် ကွင်းဆင်းကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်ကတည်းက ရေဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများ ထောက်ပံ့ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် မြစ်ရေတိုက်စားပြိုကျမှုအန္တရာယ်မှ ကာကွယ်ပေးရေးစသည်တို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် လက်ရှိကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်အပြင် နောင်ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များကိုပါ ကြိုတင်ထည့်သွင်းတွက်ဆပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်အတွက် ပိုမိုတည်တံ့ခိုင်မြဲအောင်၊ ဒေသတွင်းစီးပွားရေး ထိခိုက်မှုမရှိအောင် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လူတို့၏ ကြိုတင်ပြင်ဆင်မှုများဖြင့် ထိခိုက်သေကျေ ပျက်စီးဆုံးရှုံးမှုများလျော့ပါးအောင် ဆောင်ရွက်နိုင်သည်။ ယခင်အချိန်ကာလများက ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများနှင့် အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် သေကျေပျက်စီးမှုကြီးမားစွာဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျစောင့်ကြည့်လေ့လာ သုံးသပ်ဆန်းစစ်ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့်စပ်လျဉ်း၍ အတွေ့အကြုံများစွာရရှိခဲ့ပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်မဖြစ်မီ၊ ဖြစ်ပေါ်နေစဉ်၊ ဖြစ်ပြီးကာလများနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်စီမံခန့်ခွဲမှု၊ အလျင်အမြန်လှုပ်ရှားဆောင်ရွက်မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်မှုနှင့် မူလအခြေအနေထက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်သည် မလွန်ဆန်နိုင်သော သဘာဝတရားကြီး ဖြစ်သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် လျှော့ချနိုင်သဖြင့် မဖြစ်မီက ကြိုတင်ပြင်ဆင်စောင့်ကြည့်သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ ထိခိုက်မှုမဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင် စီမံခန့်ခွဲမှုလုပ်ငန်းများကို အားလုံးဝိုင်းဝန်း၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။    ။