ငါးသိုင်းချောင်း ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာတာမိုင် ၂၅/၃ အနီး တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ငါးသိုင်းချောင်းမြို့ရှိ ရွှေဘိုရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အတွင်းသို့ ယနေ့နံနက်ပိုင်းက ရေများထပ်မံဝင်ရောက်လျက်ရှိသည်။
ထိုသို့ ဝင်ရောက်ခဲ့သောကြောင့် ရွှေဘိုရပ်ကွက်အတွင်းရှိ အိမ်ထောင်စု၁၆၇စု၊ လူဦးရေ ၆၁၁ဦးနှင့် မြို့သစ်ရပ်ကွက်ရှိအိမ်ထောင်စု ၁၀၉ စု၊ လူဦးရေ၃၅၆ဦး စုစုပေါင်းအိမ်ထောင်စု ၂၇၆စု၊ လူဦးရေ ၉၆၇ဦးအား ယာယီရေရှောင်စခန်း(၅)ခုသို့ ထပ်မံရွှေပြောင်းထားသည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ နေအိမ်များပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ရှိ ငဝန်မြစ်ရေ၏လက်ရှိရေအမှတ်မှာ ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေ အမှတ်အောက် ၂ ပေသို့ ပြန်လည်ကျဆင်းနေပြီး ထပ်မံရောက်ရှိလာသောရေများသည် လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာတမံနိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာမှ စီးဝင်လာခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးပရဟိတ အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများပူးပေါင်း၍ ရေဘေးသင့်ပြည်သူပျားအား ကူညီကယ်ဆယ်ရေးကွပ်ကဲရေးရုံးဖွင့်လှစ်ကာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)
