နေပြည်တော် ဩဂုတ် ၇
အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၃၈၃ ဒသမ ၁၄၀ ဖြင့် အလျား ပေ ၂၀၀၊ အနံပေ ၁၅၀ ရှိ မြသီတာအားကစားခန်းမနှင့် အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ရှိ ငါးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာတို့ကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ ယနေ့ဖွင့်လှစ်လိုက်သည်။
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က အားကစားခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုလို အားကစားခန်းမများတည်ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေပြီး တိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မြသီတာအားကစားခန်းမ ရေရှည်တည်တံ့ရေး၊ ခန်းမပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နွေရာသီအားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး အားကစားခန်းမ တည်ဆောက်ခဲ့သည့် ကုမ္ပဏီမှ တာဝန်ရှိသူက စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍ မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့်ကျွမ်းဘား အားကစားအဖွဲ့များ၏ သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍ အနုပညာရှင်များအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတို့ ချစ်ကြည်ရေးယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
