Skip to main content

အိမ်နီးချင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရလဒ်ကောင်းများခိုင်မာစွာပေါ်ထွက်

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၆ ရက်နေ့က “မြန်မာ-ထိုင်း စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၏ အနာဂတ်နှင့်စာမျက်နှာသစ်” ဟူသည့်ခေါင်းစဉ်ဖြင့်ကျင်းပသည့် “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သို့တက်ရောက်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးပြုမည့် မိတ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပေါ်နေသည့် ခန့်မှန်းရခက်ပြီး အပြောင်းအလဲမြန်ဆန်လွန်းသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်သည့် စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးနိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တိုင်းတွင် ထိုင်းနိုင်ငံအနေဖြင့် မိတ်ဆွေကောင်းအဖြစ် အစဉ်ရပ်တည်ပေးခဲ့ပြီး နားလည်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကိုအခြေခံကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးဖော်ဆောင်ပေးနိုင်သဖြင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတက “စုပေါင်းစွမ်းအားကနေ တစ်ဆင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှုအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးပြုစေမည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ဖော်ဆောင်သွားနိုင်မည်ဟု အပြည့်အဝယုံကြည်ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်အားသာချက်များကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၏နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံ စသည်များနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေမည့် (Win-Win) စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုများ ပိုမိုအားကောင်းပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများနှင့် ရလဒ်ကောင်းများ ပိုမိုခိုင်မြဲစွာတိုးတက်စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများရှိပြီး အခွင့်အလမ်းကောင်းများ အမြောက်အမြားရှိသည်ကို ထိုင်းနိုင်ငံအနေဖြင့် သိရှိပြီးသားဖြစ်ပြီး နှစ်နိုင်ငံအကြား၊ နှစ်နိုင်ငံပြည်သူများအကြားတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ရှည်လျား ခိုင်မာစွာဆောင်ရွက်နေဆဲဖြစ်သည်။ လက်ရှိတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ၌ မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်အသုံးပြုပေးချေမှုကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပြီးဖြစ်သည်။ ယခုစနစ်သည် နှစ်နိုင်ငံကုန်သွယ်ရေးသာမက နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အထူးဖိတ်ခေါ်လျက်ရှိရာ ရေရှည်တည်တံ့ဟန်ချက်ညီမှုရှိစေရန်အလေးထား ဆောင်ရွက်လျက် ရှိသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံအတွင်းစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဥပမာအားဖြင့် လျှပ်စစ်သုံးယာဉ်များ တိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိသည်။ အထူးသဖြင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းများသည် နှစ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားများဖြစ်ပြီး လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူချောမွေ့လျင်မြန်စေရန် ဒီဂျစ်တယ်စနစ်အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာတွင် မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကိုရေးဆွဲဖော်ဆောင်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ရှည်လျားသည့် ကုန်းမြေရေပြင် ထိစပ်သည့် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းဝင်ချစ်ကြည်ရင်းနှီးမှုအခြေခံကောင်းများရှိသည့် အိမ်နီးချင်းကောင်းမိတ်ဆွေစစ်နိုင်ငံများဖြစ်သဖြင့် ယခုကျင်းပသည့် မြန်မာ-ထိုင်းစီးပွားရေးဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် အခန်းကဏ္ဍသစ်တစ်ခုကို တက်လှမ်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်ကောင်းမွန်ခိုင်မာလာစေရန် အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။          ။