မြန်မာနိုင်ငံအတွင်း ဒေသအချို့တွင် မိုးရာသီသဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ နိုင်ငံအထက်ပိုင်း မြစ်ညာဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်း၊ မုတ်သုံလေအားကောင်းနေခြင်း စသည့်သတင်းများအရလည်း မိမိတို့ နေထိုင်ရာဒေသများ၏ ပထဝီအနေအထားအရ ရေကြီးရေလျှံမှုဖြစ်လာနိုင်သည့် အခြေအနေများရှိပါက ကြိုတင်ပြင်ဆင်မှုဖြင့် သတိပြုနေထိုင်ကြရမည်ဖြစ်သည်။
ရေကြီးရေလျှံမှုနှင့် စပ်လျဉ်း၍ မိုး/ဇလမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာသည့် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် အခြားသူများကိုလည်း မျှဝေအသိပေးရန်လိုသည်။ တောင်ပေါ်ဒေသများ၊ မြစ်ဖျား၊ ချောင်းဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် လျှပ်တစ်ပြက်ရေကြီးနိုင်ကြောင်း သတိပြုကြရမည်ဖြစ်သည်။ ရေကြီးခြင်း သတိပေးချက်ရပါက အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများ မိမိနှင့်အတူ ထားရှိရန်၊ မိသားစုများ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့ကို ရေးသားပြီး မိသားစုဝင်တိုင်းဆောင်ထားရန်တို့ကို ကြိုတင်စီစဉ်ထားကြရန်လိုသည်။ သက်ဆိုင်ရာဌာန၊ အာဏာပိုင်အဖွဲ့အစည်း၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခိုလှုံကြရမည်ဖြစ်သည်။
မိမိတို့ နေထိုင်ရာဒေသ၌ ရေကြီးမှုဖြစ်ပေါ်နေချိန်တွင် မိုး/ဇလမှ ထုတ်ပြန်ကြေညာသည့် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကြရန်လိုပြီး အိမ်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်များကို ပိတ်ထားကြရမည်ဖြစ်သည်။ သောက်ရေသန့် သို့မဟုတ် ကျိုချက်ထားသည့်ရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ သောက်သုံးကြရန်နှင့် အိမ်၊ ခြံ အတွင်း အဆိပ်ရှိ သတ္တဝါများ ရှိ မရှိ စစ်ဆေးရန်လည်း လိုအပ်သည်။ ထို့အပြင် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်း၊ မြစ်ချောင်းကမ်းပါးများ အနီးသို့သွားခြင်း၊ ရေထဲတွင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ရေစိုနေသည့် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်လည်း လိုသည်။
ရေကြီးပြီးချိန်တွင် မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ အမှိုက်များ၊ တိရစ္ဆာန်အသေကောင်များ စနစ်တကျ ရှင်းလင်းခြင်း၊ မီးရှို့/မြေမြှုပ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့် ဓာတ်ကြိုးများ၊ ဓာတ်တိုင်သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားခြင်း၊ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကူညီရှင်းလင်းခြင်း၊ ရေကြီးခြင်း၏ နောက်ဆက်တွဲဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများကို ဂရုပြုနေထိုင်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။
ရေကြီးရေလျှံခြင်းကြောင့် ဖြစ်လာနိုင်သည့် ကျန်းမာရေးပြဿနာများမှာ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်အသားဝါ (အေ) ရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ဝဲ၊ ပွေးစသည့် အရေပြားရောဂါများဖြစ်ရာ မသန့်ရှင်းသော ရေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများပင်ဖြစ်သည်။ ကာလဝမ်းရောဂါခေါ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါသည် Vibrio Cholerae ကဲ့သို့သော ရောဂါပိုးများ ပါရှိနေသည့် ရေနှင့် အစားအစာများကို စားသောက်မိခြင်းကြောင့် ကူးစက်ဖြစ်ပွားနိုင်သည်။ အဆိုပါ ရောဂါပိုးမှာ မစင်များတွင် ပါဝင်နေပြီး ရေကြီးရေလျှံချိန်တွင် ရေထဲ၌ ရောဂါပိုးများ ပျံ့နှံ့နေနိုင်သည်။ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားသည်လည်း ကာလဝမ်းရောဂါကဲ့သို့ပင် မစင်ထဲ၌ ပါဝင်နေပြီး မသန့်သည့် ရေနှင့် အစားအသောက်တို့ကို စားသောက်မိရာမှ ကူးစက်ခြင်းဖြစ်သည်။ ကာလဝမ်းရောဂါနှင့် တိုက်ဖွိုက်ရောဂါတို့သည် အချိန်မီကုသမှုမခံယူနိုင်ပါက အသက်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရောဂါများ ဖြစ်သည်။
အသည်းရောင်အသားဝါ (အေ) သည် ရောဂါရှိသူ၏ အညစ်အကြေး၊ ရေနှင့် အစားအသောက်တို့မှတစ်ဆင့် အလွယ်တကူကူးစက်နိုင်ပြီး ရံဖန်ရံခါအသက်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရောဂါမျိုးဖြစ်သည်။ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့မှာ ရေပြန်ကျသွားပြီးနောက် တင်ကျန်ရစ်ခဲ့သည့်ရေများ၊ အမှိုက်သရိုက်များနှင့် မသန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေတွင် ခြင်များ ပေါက်ပွားရာမှ ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများပင်ဖြစ်သည်။ ဝဲနှင့်ပွေး စသည့်အရေပြားရောဂါများမှာ မသန့်ရှင်းသည့် ရေနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ရာမှ ဖြစ်ပွားရခြင်းဖြစ်ရာ ရေကြီးရေလျှံချိန်တွင် ရေထဲ၌ အချိန်ကြာမြင့်စွာနေခြင်း၊ ရေကူးခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် မဖြစ်မနေ ရေနှင့်ထိတွေ့ရပါကလည်း ဆပ်ပြာ၊ သန့်ရှင်းသည့် ရေတို့အသုံးပြု၍ ဆေးကြောသန့်စင်စေရမည်ဖြစ်သည်။
ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကို မိမိတို့နိုင်ငံတွင် မုတ်သုံရာသီတိုင်း သတိပြုကြရမည်ဖြစ်ပြီး အဘက်ဘက်မှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်ပါက ကောင်းစွာရင်ဆိုင် ကျော်လွှားနိုင်ကြမည်ဖြစ် သကဲ့သို့ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ဆောင်ရန်ရှောင်ရန်တို့ကို အသိပညာဗဟုသုတ ပြည့်စုံထားခြင်းဖြင့် ဘေးအန္တရာယ်လျော့ပါးသက်သာအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲအနေဖြင့် ပါရှိလာတတ်သည့် ကျန်းမာရေးပြဿနာများကိုလည်း သတိပြုရှောင်ရှားနိုင်ကြပါမည့်အကြောင်း။ ။
