နေပြည်တော် ဇူလိုင် ၃၁
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၏ သဝဏ်လွှာပေးပို့ဖိတ်ကြားမှုအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် နှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေစုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၃၉ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ကြပြီး အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၇/၂၀၂၆) မှ ကြီးကြပ်သူအရာရှိများအပါအဝင် ဧည့်သည်တော် ၆၇ ဦးနှင့် အခြားဧည့်သည်တော် ၁၅၀ တို့က လေ့လာသူအဖြစ် တက်ရောက်ကြကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတပြောကြားခဲ့သည့် နိုင်ငံတော် အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူ မှတ်တမ်းတင်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန် ၄ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မကြာခင်အချိန်ပိုင်းတွင် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်တော့မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကာလတစ်လျှောက်လုံး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
ဒုတိယပုံမှန်အစည်းအဝေး နှစ်လတာကာလတွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၁၂ ရက် ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ဥပဒေပြုရေးအပိုင်းတွင် ပြည်ထောင်စုအဆင့်၊ ဌာနအဖွဲ့အစည်းများက ပေးပို့လာသည့် ဥပဒေကြမ်း ခုနစ်ခုရှိပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်) တို့ကို ဥပဒေအဖြစ် ပြဋ္ဌာန်းထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီး ဥပဒေအဖြစ် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရေးအတွက် ပေးပို့နိုင် ခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးဆောင်ရွက်ဆဲ ဥပဒေကြမ်းနှစ်ခုနှင့် အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးဆောင်ရွက်ဆဲဥပဒေကြမ်းနှစ်ခု စုစုပေါင်းဆောင်ရွက်ဆဲဥပဒေကြမ်းလေးခု ကျန်ရှိနေသေးကြောင်း၊ အဆိုပါဥပဒေကြမ်းများကို တတိယပုံမှန်အစည်းအဝေးကာလတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း၊ လွှတ်တော်များ၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးနှင့် လွှတ်တော်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို ဖွဲ့စည်းပေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင် နိုင်ငံတော်သမ္မတထံက ပေးပို့လာသည့် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စရပ် ကိုးခု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စရပ် ခုနစ်ခုနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်းပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ခြင်းနှင့် အမိန့်အား ဆက်လက်အတည်ပြုခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ထဲမှ ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက် ၄၃ ချက်ဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်သို့ တင်ပြခဲ့ပြီး မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယင်းအချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နောင်လွှတ်တော်အစည်းအဝေးများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်နှင့် အကြောင်းကြားစာကို ပေးပို့နိုင်ရေးကိစ္စ သဘောတူအတည်ပြုခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် သဘောတူအတည်ပြုခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization) ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
“အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်သို့ တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
လွှတ်တော်နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်အဖွဲ့အစည်းများဖြစ်သည့် အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (JCAIPA)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (JCIPU) တို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်၍ ဥပဒေကြမ်းပါ ရငွေသုံးငွေများ စိစစ်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက် အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၆) နှင့် “ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့” ၁၈ ဖွဲ့ကို ကြိုတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်အပါအဝင် လွှတ်တော်အသီးသီး၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်ပါကြောင်း၊ ဥပဒေပြုရေးဆိုသည်မှာ လိုအပ်သည့် ဥပဒေများကို အသစ်ပြဋ္ဌာန်းခြင်း၊ တည်ဆဲဥပဒေများကို ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်သင့်ပါက ပယ်ဖျက်ခြင်းစသည့်လုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို နှံ့နှံ့စပ်စပ်သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်အနေဖြင့် ယခု ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်းတွင် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ နိုင်ငံတော်၏လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်မှ သဘောတူ အတည်ပြုခြင်းကိစ္စရပ်များ၊ နိုင်ငံရေးဖြစ်စဉ်တိုးတက်ဖြစ်ပေါ်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အဆိုများ ပေးပို့နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးရပ်နားထားစဉ်ကာလအတွင်း မိမိတို့၏မဲဆန္ဒနယ်မြေများကို သွားရောက်ပြီး ပြည်သူများ၏အသံကို နားထောင်ကြရန်လိုအပ်ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် မိမိတို့မဲဆန္ဒနယ်က ပြည်သူများ၏ ဘဝတိုးတက်မြင့်မားစေရေးအတွက် တတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့နေထိုင်ရာ နယ်မြေဒေသအသီးသီးကို ပြန်ကြမည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝပြီး ဘေးမသီ ရန်မခဘဲ လိုရာခရီးသို့ ရောက်ရှိကြပါစေ၊ ပြည်သူ့အကျိုးစီးပွားကို ပြည်သူများနှင့်အတူ လက်တွဲညီညီဆောင်ရွက်ပေးနိုင်ကြပြီး လာမည့်တတိယပုံမှန်အစည်းအဝေးတွင် ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည်ဆုံတွေ့နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒုတိယပုံမှန်အစည်းအဝေးအတွက် နိဂုံးချုပ်နှုတ်ဆက်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကျင်းပပြီးစီးပြီဖြစ်ကြောင်းနှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်ပြီးမြောက်ကြောင်း ကြေညာသည်။
သတင်းစဉ်
