Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့် ရောင်တော်ဖွင့်ဆေးသင်္ကန်းကပ်လှူပြီးစီး

နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများ တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ယခုအခါ လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်း ဒုတိယအကြိမ် ကပ်လှူပြီးစီးပြီ ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဒုတိယအကြိမ် လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်ရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေနေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တ အာဒိစ္စဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး သံဃာတော်အရှင်သူမြတ်တို့က အခမ်းအနားအစီ အစဉ်အတိုင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းပူဇော်ကြသည်။

အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်ကြသည့် ဆရာတော်၊ သံဃာတော်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အတူ ရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်း၊ ဆီမီးနှင့် ရွှေကြာသင်္ကန်းတော်တို့ကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။

 

သတင်းစဉ်