နေပြည်တော် ဇူလိုင် ၂၇
ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်း) ကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေကို ဟယ်လ်ဒီယာမြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့် ရှိနိုင်သည်။
မိုး/ဇလ
