ကျိုင်းလပ် ဇူလိုင် ၂၆
တာချီလိတ်မြို့နယ် မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်း (မိုင်းလန်း) ကျေးရွာတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းစခန်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မျိုးဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဦးစီးမှူးက မိုဘိုင်းစခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဒေသခံပြည်သူများရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
အဆိုပါမိုဘိုင်းစခန်းသစ်သည် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်း ၂၇ ခုအနက် တစ်ခုဖြစ်ပြီး ဆက်သွယ်ရေးလိုင်းအားနည်းနေသည့် နယ်စပ်နှင့် ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ပိုမိုတည်ငြိမ်ကောင်းမွန်စေရန်၊ ဒီဂျစ်တယ်ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှုတိုးမြှင့်ရန်၊ ဒေသခံပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အရေးပေါ်ဆက်သွယ်ရေးကဏ္ဍများတွင် လျင်မြန်ထိရောက်သော ဝန်ဆောင်မှုများရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
