မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ရာ ပြန်လည်ပြင်ဆင်ရေးဆွဲမှုများပြုပြီးနောက် ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေအရ စားသုံးသူအခွင့်အရေးများဖြစ်သည့် လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ခွင့်၊ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်ခွင့်၊ အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိခွင့်၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိနိုင်ခွင့်၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရပိုင်ခွင့်၊ စားသုံးသူရေးရာကိစ္စနှင့်ပတ်သက်၍ သိရှိလေ့လာနိုင်ခွင့်၊ ကောင်းမွန်ရှင်သန်နိုင်သော ပတ်ဝန်းကျင်ကို ရရှိနိုင်ခွင့်တို့ကို စားသုံးသူတိုင်း ရရှိနိုင်ကြသည်။
စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို လွယ်လင့်တကူတိုင်ကြားနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိရာ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊ အွန်လိုင်းမှဆက်သွယ်၍ဖြစ်စေ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြသည်။ စားသုံးသူတိုင်ကြားမှုများတွင် ကုန်စည်များအနက် အစားအသောက်၊ ဆေးဝါး၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်၊ လူသုံးကုန်ပစ္စည်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စက်မှုလက်မှုနှင့် လုပ်ငန်းသုံးကုန်စည်များ၊ အထွေထွေကုန်စည်များနှင့်စပ်လျဉ်း၍ နစ်နာမှုများကိုတိုင်ကြားခဲ့ကြပြီး ဝန်ဆောင်မှုများတွင်လည်း အင်တာနက်ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု၊ Online Shopping ဆိုင်ရာဝန်ဆောင်မှု၊ After Sale Service ဆိုင်ရာဝန်ဆောင်မှု၊ ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှု၊ ကြော်ငြာလုပ်ငန်း၊ စားသောက်ဆိုင်၊ အထွေထွေစသည့် ဝန်ဆောင်မှုတို့နှင့်စပ်လျဉ်း၍ တိုင်ကြားကြသည်ကို တွေ့ရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အင်တာနက်ဝန်ဆောင်မှု ပေးသူများ၏စွမ်းဆောင်ရည်ကို စစ်ဆေးထုတ်ပြန်ပေးရန်နှင့် စာချုပ်ပါစွမ်းဆောင်ရည်ထက် ကျဆင်းနေသောကုမ္ပဏီများကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းမေးမြန်းခဲ့သည်။ မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ‘‘ အင်တာနက်အသုံးပြုသူများအနေဖြင့် အင်တာနက်လိုင်းဝန်ဆောင်မှုရယူရာတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသည့်ကုမ္ပဏီများနှင့် ရယူအသုံးပြုရန်၊ အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီသို့အကြောင်းကြားရန်၊ ပြင်ဆင်ပေးခြင်းမရှိပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန်ဆောင်မှုပေးအပ်ရေး ညှိနှိုင်းတောင်းဆိုရန်၊ လိုက်နာဖြည့်ဆည်းမှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm email သို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားရန်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကြောင့် အသုံးပြုသူများက ဆုံးရှုံးနစ်နာမှုများအား တိုင်ကြားလာလျှင်ဖြစ်စေ၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ ပြဋ္ဌာန်းထားသောဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေပုဒ်မ ၄၁ (က) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း’’ ပြန်လည်ဖြေကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်လိုသည်။ မိမိတို့၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးနိုင်ကြရမည်ဖြစ်သည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးကြရမည်လည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ သန်းနှင့်ချီ၍ရှိနေပြီး တစ်ဦးချင်းအနေဖြင့် နစ်နာဆုံးရှုံးမှုမှာ အနည်းငယ်မျှသာဖြစ်၍ တိုင်ကြားမှုမပြုကြသော်လည်း စိတ်ကျေနပ်မှုအရမူ စစ်တမ်းကောက်ကြည့်မည်ဆိုပါက အဖြေတစ်ခုထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ အင်တာနက်ဝန်ဆောင်မှုပေးသည့် service provider များအနေဖြင့် ဈေးကွက်မြှင့်တင်ရေးဗျူဟာအမျိုးမျိုးဖြင့် ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများ လွယ်ကူအဆင်ပြေစေရန် ဂရုပြုဆောင်ရွက်ပေးကြရန်လိုသည်။ ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ စီးပွားရှာဖွေကာ နိုင်ငံ၏ ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးမှုကို အကျိုးပြုနိုင်ကြပါစေကြောင်း။ ။
