နေပြည်တော် ဇူလိုင် ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အတူ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းခန်းမ၌ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ နှစ်ရှည်သီးနှံပင်များ၊ ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဆိုက်ခေါင်) ၌ သင်တန်းသူများ၏ လက်တွေ့သင်ကြားနေမှုများ၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဥစားကြက် မွေးမြူရေးခြံဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ရိက္ခာစတိုဆောင်၊ ဥစားကြက်မွေးမြူရေးခြံတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဇူလိုင် ၁၇ ရက်တွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လွိုင်ကော်) တို့ကိုလည်းကောင်း၊ နောင်ယား (က) ရပ်ကွက်ရှိ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ စက်မှုဇုန်-လင်ဖုံလေး ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာခင်းခြင်းနှင့် လွယ်တမူ-ဖားတီမော ကျေးရွာချင်းဆက်လမ်း ၆ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကိုလည်းကောင်း၊ ဇူလိုင် ၁၈ ရက်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလုပ်ငန်းဆောင်ရွက်မှု၊ ပင်းတယမြို့နယ် သစ်အယ်ပင်-ထယ်သွန်းလမ်း ၁၉၈၅ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ရွှေပုထိုး ကျေးရွာ (တောင်ပိုင်း-၁) နှင့် (တောင်ပိုင်း-၂) တို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုနှင့် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
