ရန်ကုန် ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ရေးဌာနသို့ ရောက်ရှိပြီး ဆေးဝါးများ စနစ်တကျသိုလှောင်ထားရှိမှုနှင့် အဆိုပါဝင်းအတွင်းရှိ အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး အစဉ်တစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတစ်ရုံး၊ ခရိုင်လူမှုဖူလုံရေးရုံးနှစ်ရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံး ၁၅ ရုံး ဖွင့်လှစ်ထားရှိပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၄/၂၀၂၆ လမှ ၆/၂၀၂၆ လအထိ ငွေကြေးအကျိုးခံစားခွင့်ငွေပေါင်း ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်း ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
