Skip to main content

ဇေယျာသီရိမြို့နယ်အတွင်း ရေနုတ်မြောင်းတူးဖော်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇူလိုင် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် မိုးရာသီမတိုင်မီ တူးဖော်ပြီးစီးခဲ့သည့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၁၀ ခုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်ကြီး-ညောင်ပင်သာရွာအနီး ဆင်သေချောင်းတစ်လျှောက် နှစ်စဉ်ရေလျှံမှုဖြစ်ပေါ်တတ်သည့် အနိမ့်ပိုင်းနေရာများအား တာပေါင်ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆင်သေချောင်း ရေစီးရေလာအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ချောင်းကမ်းကြီးကျေးရွာအနီး ကျွန်းရောင်း - အိုင်စောက်-ပေါင်းလောင်း ရေနုတ်မြောင်းမှ ရေထုတ်နုတ်စီးဆင်းမှု၊ ပင်လောင်းလမ်းဆုံ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် နရဘန်ချောင်းအား ပင်လောင်းလမ်းအောက်ပိုင်းမှ ပေါင်းလောင်းတမံသွားသည့်လမ်းအထိ ချောင်းချဲ့ထွင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပင်လောင်းလမ်းဆုံမှ နေပန်လပန် ဘုရားသွားသည့်လမ်းအထိ ရန်ကုန် - မန္တလေးကားလမ်းနှင့်အပြိုင် ရေနုတ်မြောင်း တူးဖော်ပြီးစီးမှု၊ ရေဆင်းရေလှောင်တမံသို့ စီးဝင်သည့် ရေဆင်းချောင်းသဲနုန်းတူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တက္ကသိုလ်များနယ်မြေ (ရေဆင်း) ရှိ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ၌ ကျင်းပသည့် တက္ကသိုလ်နှင့် သိပ္ပံလက်ရွေးစင်အသင်းများ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်