Skip to main content

နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို Virtual စနစ်ဖြင့် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂

နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ် အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို Virtual စနစ်ဖြင့် ယနေ့မွန်းလွဲ(၂) နာရီတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့်အမှာ စကား ပြောကြားပြီး “၁၉၂၀ မြန်မာနိုင်ငံ လူမှုစီးပွားရေး အခြေအနေ” ခေါင်းစဉ်ဖြင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လည်းကောင်း၊ “၁၉၂၀ မြန်မာ့ နိုင်ငံရေး အခြေအနေ” ခေါင်းစဉ်ဖြင့် စာတည်း ဒေါ်သင်းသင်းဦးက လည်းကောင်း စာတမ်းများ ဖတ်ကြား ကြသည်။

အဆိုပါ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

( MOI )