နေပြည်တော် ဇူလိုင် ၈
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ CPU အဖွဲ့ဝင်များ၊ ဌာနဆိုင်များ တက်ရောက်ကြသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်အချက်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
