Skip to main content

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့သည် လာအိုသမ္မတအိမ်တော်၌ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးကြရာတွင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကူးသန်းရောင်းဝယ်ရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုတိုးမြှင့်ရေး၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစား မှုများပပျောက်ရေး၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် အဆင့်မြှင့်တင်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အပြင် အာဆီယံသို့ အတူတကွဝင်ရောက်ခဲ့ကြသည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနိုင်ငံများဖြစ်သည်။ အာဆီယံနိုင်ငံများတွင် နိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးအကျပ်ကိုင်နိုင်ရန် ကြိုးစားနေချိန်တွင် လာအိုနိုင်ငံက အိမ်နီးချင်းမိတ်ဆွေ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း မြန်မာနိုင်ငံအပေါ် အမြဲတမ်းထောက်ခံအားပေးလျက်ရှိသည်။ လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသည့် ဆက်ဆံရေးကို အာဆီယံမျက်နှာစာတွင်သာမက ကမ္ဘာ့အလယ်တွင်ပါ ကောင်းမွန်သည့်ပြယုဂ်တစ်ခုအဖြစ် ရောက်ရှိအောင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လာအိုနိုင်ငံသမ္မတက ထောက်ခံအားပေးစကားပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်အပြီးတွင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခြင်းသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း၌သာမက ဒေသတွင်းနိုင်ငံများအတွင်း၌ပါ သံတမန်ရေးအရ ပိုမိုအဓိပ္ပာယ်ရှိသည့် ခရီးစဉ်အဖြစ် ရှုမြင်သုံးသပ်ကြသည်။ ထို့ပြင်မြန်မာနိုင်ငံအစိုးရသည် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ထူထောင်သွားမည်ဖြစ်ပြီး အနာဂတ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လာအိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော်များ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံသမ္မတများရှေ့မှောက်၌ တာဝန်ရှိသူများက လက်မှတ်ရေးထိုးလဲလှယ်ကြသည်။ ထို့နောက်မြန်မာနိုင်ငံက လာအိုနိုင်ငံအတွက် မြန်မာနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်သည်။ အမှန်တကယ်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးဆက်ဆံခဲ့သည့် နိုင်ငံများဖြစ်သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သလို နှစ်ဖက်နိုင်ငံပြည်သူများအချင်းချင်းလည်း ခွဲခြားမရဘဲ ရင်းနှီးချစ်ခင်ကြသည်။ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ယနေ့ထက်တိုင် မပြောင်းလဲသော စိတ်ဓာတ်များဖြင့် ခိုင်မြဲစွာဆက်ဆံလျက်ရှိသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ရွေးကောက်ပွဲများကျင်းပပြီး အစိုးရသစ်များဖွဲ့စည်းပြီး ချိန်များတူညီသည်။ ထို့ကြောင့် အစိုးရသစ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍသစ်များ ဖွင့်လှစ်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ လာအိုနိုင်ငံခရီးစဉ်သည် ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးမှသည် ပိုမိုတိုးတက်ကောင်းမွန်ခိုင်မာလာပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ကာ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း။ ။