Skip to main content

တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်း ဖော်ဆောင်ရေး

ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိသည့်အနက် ၄၃ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၃ ဒသမ ၄ ဘီလီယံကျော်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်ဟုဆိုသည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကြိုးပမ်းဆောင်ရွက်နေကြရခြင်းအပေါ် ကမ္ဘာတစ်ဝန်းလုံးက သတိတရနှင့် အသိအမှတ်ပြုနိုင်ရေး တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” (World Rural Development Day) အဖြစ် ကျင်းပရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံတွင် ချမှတ်ခဲ့သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ၂၀၂၅ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခုနှစ်သည် ဒုတိယမြောက်နှစ်ပင် ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့၏ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး” " Towards Vibrant, Prosperous and Happy Rural Communities" ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် တစ်နိုင်ငံလုံး လူဦးရေ ၅၁ ဒသမ ၃ သန်းကျော် ရှိသည့်အနက် ၆၉ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည်ဟု ဖော်ပြထားသည်။ နိုင်ငံတော်အစိုးရသည် “ကျေးလက်ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည်” ဟူသော ခံယူချက်ဖြင့် ကျေးလက်ဒေသများအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ယခင်ကဖွံ့ဖြိုးမှုနိမ့်ကျခဲ့သော ကျေးလက်ဒေသများ သိသာစွာဖွံ့ဖြိုးတိုးတက်လာခဲ့သလို ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်သွားရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် သက်တန့်ရောင်စီမံကိန်းဖြင့် သမဝါယမကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခြင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ ကျေးလက်လမ်းနှင့် ကုန်ထုတ်လမ်းတံတားများ ဖောက်လုပ်ခြင်း၊ သန့်ရှင်းသောသောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြင့် ကျေးလက်စီးပွားမြင့်မားရေး ဆောင်ရွက်ခြင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများဖြင့် ရပ်ရွာအခြေပြု ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ်တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်း ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးမှာ အဓိကအရေးကြီးသည်။ ကျေးလက်ဒေသ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားအားကောင်းမှသာ ကျေးလက်လူမှုအသိုက်အဝန်း၏ စီးပွားရေးဝန်းကျင်မှာ အောင်မြင်ကြီးပွားနိုင်မည်ဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေတိုးတက် လာခြင်းနှင့်အတူ ဝယ်ယူသုံးစွဲနိုင်မှုလည်း တိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ကျေးလက်စီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရန် အဘက်ဘက်မှ ကူညီပံ့ပိုးပေးမှုများနှင့် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရန် အပတ်တကုတ် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန်လိုသည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုအတွက် ရေကောင်း၊ မြေကောင်း၊ အခြေခံကောင်းတို့ရှိပြီးဖြစ်ရာ ကာယအား၊ ဉာဏအား၊ ဝီရိယအားတို့ စိုက်ထုတ်၍ အမှန်တကယ် အလုပ်လုပ်ကြရန်သာ လိုသည်။ တစ်ဖက်တွင်လည်း ကျေးလက်ဒေသများသည် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုအစီအမံများဖြင့် အချိန်တိုင်းတွင် နိုးကြားနေကြရန်လိုသည်။ ကျေးရွာများ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသပ်ရပ်သာယာလှပရေး၊ လမ်းတံတားဆက်သွယ်ရေးများ ခေတ်မီရေးတို့တွင် ကျေးလက်နေပြည်သူများကသာ အဓိကဖော်ဆောင်ကြ ရမည့်သူများဖြစ်သည်။ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့၏ တာဝန်ဟူ၍ ကျေးရွာစိတ်ဓာတ်ကို ကျေးရွာနေပြည်သူတိုင်းက ခံယူချက်အပြည့်အဝထားကာ မိမိတို့၏ကျေးလက်အသိုက်အဝန်းကို တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော အသိုက်အဝန်းအဖြစ် ကိုယ်တိုင်ပါဝင်တည်ဆောက်ကြရပါမည့်အကြောင်း။ ။