Skip to main content

အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များထုတ်ပြန်မှုအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အရှေ့တောင်အာရှ ပညာရေးဝန် ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပသော အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူ တတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့မှ ပညာရေးဝန်ကြီးများက မိန့်ခွန်းပြောကြားခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (SEA-PLM) သည် ဒေသတွင်းကျယ်ပြန့်သော လေ့လာမှုစစ်တမ်းတစ်ခုဖြစ်ပြီး စစ်တမ်းကောက်ယူသည့် ကမ္ဘော ဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများအနက် မြန်မာနိုင်ငံသည် ကျောင်းများတွင် အချက်အလက်စစ်တမ်းကောက်ယူသော ဒေသတွင်းပထမ ဆုံးနိုင်ငံ ဖြစ်ပါကြောင်း၊ SEA-PLM သည် မြန်မာနိုင်ငံတွင် ကောက်ယူသော စစ်ဆေးအကဲဖြတ်မှု ၂ ခုဖြစ်သည့် ရှေးဦးအရွယ် စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Reading Assessment – EGRA) နှင့် ရှေးဦးအရွယ် သင်္ချာစွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Mathematics Assessement – EGMA) တို့အနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။

SEA-PLM ၏ မျှော်မှန်းချက်မှာ ဒေသတွင်း ကလေးအားလုံးအတွက် ပိုမိုမျှတ၍ အဓိပ္ပာယ် ပြည့်ဝသည့် ပညာရေးဆီသို့ဦးတည်သော လေ့လာသင်ယူမှုရလဒ်ကောင်းများ ပုံဖော်ရေးတွင် ပူးပေါင်းပါဝင် ရန်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် ရေးပန်တိုင်-၄ ၏ အညွှန်းကိန်း ၄.၁ နှင့် ၄.၇ တို့ကို ပံ့ပိုးပေး နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် KG+12 ပညာရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးလျက်ရှိရာတွင် SEA-PLM ၏ ရလဒ်များသည် မူလတန်း Grade-5 ပြီးဆုံးသော ကလေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေးကို ထင်ဟပ်ပေးနိုင်သဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အထောက်အကူပြုပါ ကြောင်း၊ မြန်မာကျောင်း သား ၅၇၁၅ ဦး၏ အရေး၊ အဖတ်နှင့် သင်္ချာတတ်မြောက်မှုစွမ်းရည် တို့ကို နမူနာပြု၍ အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း၏ တတ်ကျွမ်းမှုတိုင်း တာရေးစံနှုန်းများအပေါ် မြန်မာနိုင်ငံအမျိုးသားအဆင့်စွမ်းဆောင်မှု (Myanmar National Performances on SEA-PLM Proficiency Scales) အဖြစ် စစ်ဆေးအကဲ ဖြတ်ရလဒ်များကို ထုတ်ပြန်ပေးခဲ့သော ပညာရေးသုတေသနဆိုင်ရာ ဩစတြေးလျကောင်စီ (Australian Council for Education Research – ACER) အား ကျေးဇူးတင်ရှိပါကြောင်း၊ ဤရလဒ်များသည် အမျိုးသား ပညာရေးမူဝါဒနှင့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) တို့ ပြုစုအကောင်အထည်ဖော်ရာတွင်လည်း အထောက်အကူပြုပါ ကြောင်း၊ SEA-PLM ၂၀၁၉ ရလဒ်များ ထုတ်ပြန်မှုအခမ်းအနားကို ပူးတွဲကျင်းပပေးသော ယူနီဆက်နှင့် ဆီမီယိုတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုမှ တွေ့ရှိချက်များအရ အားသာချက်များအဖြစ် SEA-PLM သည် စစ်တမ်းကောက်ယူသည့် ဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံသည် ပထမဆုံး နိုင်ငံဖြစ်ခြင်း၊ မြန်မာကျောင်းသားများသည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ၆ ခုအနက် အခြားနိုင်ငံ ၃ ခုထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားခြင်း၊ စစ်တမ်းကောက်ယူသော အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်၌ ကျား/မ ကွာဟချက် မရှိသလောက်နည်းပါး ခြင်း၊ ကျောင်းအရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှုစီးပွားအခြေအနေတို့ ကွဲပြားသော် လည်း သင်ယူတတ်မြောက်မှုစွမ်းရည် ကွာဟချက်နည်းပါးခြင်း၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံ သာလျှင် စစ်တမ်းကောက်ယူသော ၆ နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဖတ် စာအုပ်တစ်စုံနှုန်း ထောက်ပံ့ပေးခြင်း၊ ကျောင်းသား ၃ ပုံ ၁ ပုံ၏ သင်္ချာတတ် မြောက်မှုစွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၄ ပုံ ၁ ပုံ၏ စာဖတ်စွမ်းရည်မှာ  ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား ၅ ပုံ ၁ ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ရှိခြင်းတို့ကို စစ်တမ်းများမှ တွေ့ရှိရသည်။

စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံတွင်ပိုမိုကောင်းမွန်သည့် လေ့လာသင်ယူတတ် မြောက်ရေး အတွက် ကျောင်းသားများ၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များကို မြှင့်တင် ပေးရန် လိုအပ်ခြင်း၊ ကျောင်းသားများ၏  လေ့လာသင်ယူမှုမြှင့်တင်ရန်အတွက် မိဘများ ၏ပူးပေါင်းပါဝင်မှုပိုမိုလိုအပ်ခြင်း၊ မူလတန်းကြိုကျောင်းတက်ရောက်မှုမရှိသည့် ကျောင်းသား ဦးရေအများဆုံးဖြစ်သော်လည်း KG+12 အခြေခံပညာရေးစနစ်သစ်အရ အခွင့်အလမ်းရှိခြင်း၊ ကျောင်းပညာရေးမတိုင်မီ ကျောင်းသားများ၏ အတွေးအမြင်ဗဟုသုတ နည်းပါးခြင်းနှင့်ပညာ ဆည်းပူးရာတွင် စိတ်ဝင်စားမှုနည်းပါးခြင်းတို့ကို တွေ့ရှိရသည်။

အခမ်းအနား၌ မူဝါဒများ၊ အလေ့အကျင့်များနှင့် သုတေသနတို့နှင့်စပ်လျဉ်း၍ SEA-PLM (၂၀၁၉) ရလဒ်များအပေါ် အကြံပြုချက်များကိုဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)