နေပြည်တော် ဇွန် ၃၀
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကွန်ကရစ်တံတားတည်ဆောက်ပေးနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်ရေး၊ ကျောင်း မြေနေရာကို ဂရန်မြေအဖြစ် သတ်မှတ်ပေးနိုင်ရေး၊ ကျောင်းအဆောက်အအုံ တည်ဆောက်ပေးနိုင်ရေး၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တစ်ခု တည်ဆောက်ပေးနိုင်ရေး၊ ဆရာအတတ်သင် သိပ္ပံ/ပညာရေး ကောလိပ်ဖွင့်လှစ်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၉ ခု မေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်မြို့နယ် ဟွေဖယ်ရွာမှ ပါပီကျေးရွာသွား လမ်း ၃/ဝ မိုင် မြေလမ်းပေါ်တွင် အရှည်ပေ ၂ဝ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်ရှိလျှင် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် မြေလမ်း ၃/၀ မိုင် ဖောက်လုပ်ထားသည့်လမ်းဖြစ်ပြီး ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၁၆၀ နှင့် လူဦးရေ ၈၀၀ တို့ကို အကျိုးပြုလျက်ရှိပါကြောင်း၊ အဆိုပါလမ်းပိုင်းပေါ်ရှိ ပေ ၂၀ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် ပြည်နယ်ရန်ပုံငွေမှ အဆိုပြုလျာထား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်၏ တာချီလိတ်မြို့ အောက်မိုင်းဟဲကျေးရွာအုပ်စု သွားလမ်းမကြီးကို အရှည်(၂၂)မိုင်ကျော်ခန့် အကျယ်ပေ (၂ဝ) ရှိ မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်သို့ ပြုပြင်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် ယင်း လမ်းမကြီးကောင်းမွန်စေရန် မည်သို့စီမံဆောင်ရွက်ပေးသွားမည်တို့ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက အဆိုပါလမ်းပိုင်းသည် တာချီလိတ်ခရိုင် တာချီလိတ်-ဘိုရှီး-မိုင်းခုတ် ၆၉/၅ မိုင် လမ်းပိုင်းတွင်ပါဝင်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းရန်နှင့် တံတားများဆောက်လုပ်ရန် အင်ဂျင်နီယာအကြို လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်းအပ်နှံခဲ့ကာ မြေပြင်တွင် စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှတာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၁၁၆၇ အိမ်နှင့် လူဦးရေ ၆၁၈၄ ဦး တို့ကိုအကျိုးပြုလျက်ရှိသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်း နှစ်စဉ်အပိုင်းလိုက် အဆိုပြုလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင်(ခ)ဦးဒီလုံး၏ နမ့်စန်မြို့နယ်အတွင်းရှိ နမ့်စန်- မိုးနဲသွား လမ်းမကြီးကတ္တရာလမ်း (၁၉ ဒသမ ၅) မိုင်အနက် ဆောင်ရွက်ရန်ကျန်ရှိသော ကတ္တရာလမ်း (၁၆) မိုင်အားဆောင်ရွက်ပေးနိုင်ပါရန် သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက နမ့်စန်-မိုးနဲသွားလမ်းမကြီး လွိုင်စန့်ရွာလမ်းခွဲမှ နားရိုင်းရွာဟောင်းလမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့် ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၀၄၃ အိမ်နှင့်လူဦးရေ ၄၈၈၂ ဦးတို့အား အကျိုးပြုလျက်ရှိပါကြောင်း၊ အဆိုပါလမ်း ၁၉/၄ မိုင်ပေါ်တွင် ပြင်/ထိန်းလုပ်ငန်းအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းအား ၁/၀ မိုင် နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၂/၄ မိုင် စုစုပေါင်း ကတ္တရာထပ်ပိုးလွှာ ၃/၄ မိုင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကတ္တရာပြင်/ထိန်းလုပ်ငန်းဆောင်ရွက်ရန် ၁၆/၀ မိုင် ကျန်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာ ၃ ဖာလုံခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရန် ရန်ပုံငွေခွင့်ပြုပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် လမ်းပိုင်းများကိုလည်း လာမည့်ဘဏ္ဍာနှစ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးဆင်ဆုန်း၏ ခေါင်လန်ဖူးမြို့နယ် မထီစွတ်-ဒါဘန်-မရန်ထ- ဆရဲဖါနှင့် အဘွမ်ထန်လမ်းပိုင်း ၃၅ မိုင်မှ ကျန်ရှိသောလမ်းပိုင်း ၂၁ မိုင်အား ဆက်လက်ဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက အဆိုပါလမ်းပိုင်း ၃၅ မိုင်အနက်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားလမ်းအား ၁၄ မိုင်အထိဆောင်ရွက်ခဲ့ပြီး ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၅၄၂ အိမ်နှင့် လူဦးရေ ၃၅၀၈ ဦးတို့ကို အကျိုးပြု လျက်ရှိပါကြောင်း၊ အဆိုပါလမ်းပိုင်းသို့ ဆက်သွယ်ထားသည့် ခေါင်လန်ဖူး-ဆရမ်ဖာ လမ်း ၁၂/၄ မိုင်သည် မိမိဝန်ကြီးဌာနက ဖောက်လုပ်လျက်ရှိသည့် လမ်းပိုင်းဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ၇/၄ မိုင် ဖောက်လုပ်ခဲ့ပြီး ဖောက်လုပ်ရန် ၅/၀ မိုင် ကျန်ရှိသည့်အတွက် ခေါင်လန်ဖူး-ဆရမ်ဖာလမ်းပိုင်းပြီးစီးအောင် ဖောက်လုပ်ပြီးမှသာ မထီစွတ်-ဒါဘန်-မရန်ထ-ဆရဲဖါနှင့် အဘွမ်ထန်လမ်းပိုင်းကို ဆက်လက်ဖောက်လုပ်ရမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းသည် လုံခြုံရေးအခြေအနေအရ စက်သုံးဆီနှင့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရန်အတွက် ကန့်သတ်ချက်များရှိနေသည့်အတွက် ကျန်ရှိသည့် ၂၁/၀ မိုင်ကို ခေါင်လန်ဖူး-ဆရမ်ဖာလမ်းပိုင်း ဖောက်လုပ်ပြီးချိန်နှင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း လုံခြုံရေးကောင်းမွန်သည့်အချိန်များတွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး သင့်လျော်သည့် ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းကိုင်မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းမွှေး၏ မိုင်းကိုင်မြို့နယ်တွင် ကျောင်းပေါင်း ၁၉ ကျောင်းမှ ဆရာ ဆရာမများလစ်လပ်နေခြင်း၊ ဆရာ (၁)ဦးတည်းသာ တာဝန်ထမ်းဆောင်နေရခြင်းများကြောင့် လစ်လပ်နေသောနေရာများကို အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ဆရာ ဆရာမများ လုံးဝလစ်လပ် နေသည့်ကျောင်း ၁၉ ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု မဆုံးရှုံးစေရန်အတွက် မြို့နယ်အတွင်းရှိ ကျောင်းအုပ်စုအလိုက် ဆရာအင်အား ပြည့်မီသောကျောင်းများမှ ဆရာ ဆရာမများအား အဆိုပါကျောင်းများတွင် တွဲဖက်သင်ကြားရန် ဆောင်ရွက်ထားရှိပါကြောင်းနှင့် ဆရာလစ်လပ်လျက်ရှိသော ကျောင်းများတွင် ယခင်နှစ်များအတိုင်း ဆက်လက်တွဲဖက် တာဝန်ထမ်းဆောင်စေပြီး ကျောင်းနေအရွယ်ကလေးသူငယ်များ၏ ပညာရေးနှောင့်နှေးမှုမရှိစေရန် ပညာရေးဒီဂရီ ကောလိပ်များမှ သင်တန်းဆင်းဆရာ ဆရာမများအား သတ်မှတ်မူနှင့်အညီ လစ်လပ်နေရာများ ဖြည့်ဆည်းခန့်ထားပေးခြင်းနှင့် ရာထူးတိုး/ပြောင်းကိစ္စများ ဆောင်ရွက်ချိန်တွင် လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ငပုတောမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၏ မြန်မာနိုင်ငံအနှံ့ ကျေးလက်ကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ ဆရာမများအတွက် လုံခြုံစိတ်ချရသော ဝန်ထမ်းအိမ်ရာများ နှစ်အလိုက် စီမံကိန်းချ၍ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံကျောင်း၊ ရုံးများတွင် ဝန်ထမ်းအိမ်ရာများကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံ ပညာကျောင်း၊ ရုံး ၃၅ ခုအတွက် ဝန်ထမ်းအိမ်ရာ ၃၅ လုံး တည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေ ရရှိထားပြီး ဖြစ်သည့်အတွက် ဝန်ထမ်းအိမ်ရာများ စီစဉ်ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ လာမည့်ဘဏ္ဍာ ရေးနှစ်များတွင်လည်း ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လက်တွေ့မြေပြင်အခြေအနေများကို စိစစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစားပေးအစီအစဉ်အရ ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အောင်မြေသာစံမဲဆန္ဒနယ်မှ ဦးတေဇကျော်၏ အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ အမက(၁၆)အမည်ပေါက် နှစ်(၃၀) ဂရန်မြေပေါ်တွင် ရပ်ကွက်လမ်းအဖြစ် အသုံးပြုနေမှုအား ဆက်လက်အသုံးပြုမည်ဆိုပါက ကျောင်းမြေနေရာကို ဂရန်မြေအဖြစ် သတ်မှတ်ပေးရန်နှင့် မြို့အင်္ဂါရပ်နှင့်ညီသော ကျောင်းအဆောက်အအုံများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယခုလက်ရှိသင်ကြားလျက်ရှိသည့် မြေနေရာသည် မန္တလေးမြို့တော်စည်ပင်သာယာ ပိုင်မြေဖြစ်ပြီး ၁၉၅၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်းဖြစ်ပါကြောင်း၊ လက်ရှိကျောင်းမြေနေရာသည် အလျား(၁၀၆)ပေ၊ အနံ(၃၆)ပေရှိသော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေးပိုင် လမ်းမြေဖြစ်နေခြင်း၊ လျှပ်စစ်ဓာတ်အား မိန်းကြိုးကြီးများ ကျောင်းအလယ်ဗဟိုမှ ဖြတ်သန်းသွားခြင်းများ ရှိနေသော်လည်း ပညာရေးဌာနပိုင်မြေမဟုတ်သည့်အတွက် ကျောင်းဆောင်ပြုပြင်ခြင်း၊ အသစ်ထပ်မံ ဆောက်လုပ်ခြင်းများပြုလုပ်ရန် အခက်အခဲရှိပါကြောင်း၊ အမက(၁၆)ကျောင်း အမည်ပေါက်နှစ် (၃၀) ဂရန်ရရှိထားသော ၁၁ X ၁၂ လမ်းကြား၊ ၈၇ X ၈၈ လမ်းကြား၊ ဦးပိုင်အမှတ်(၉/ဈ) အလျား ၁၈၅ ပေ၊ အနံ ၄၃ ပေ ရှိမြေနေရာအား ရပ်ကွက် လမ်းအဖြစ် အသုံးပြုထားသောကြောင့် ကျောင်းဆောင် ဆောက်လုပ်ရန် အခက်အခဲရှိနေပါသဖြင့် ခြံစည်းရိုးကာရံရန်အတွက် မြေတိုင်းတာပေးနိုင်ပါရန်ဌာနမှူး၊ မြေယာဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြထားပြီးဖြစ်ပါကြောင်း။
ရပ်ကွက်လမ်းအဖြစ် အသုံးပြုထားသည့် ဌာနပိုင်မြေပေါ်တွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါမြေအား ကနဦးခြံစည်းရိုး ကာရံနိုင်ရေးအတွက် မြေတိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ ထပ်မံ၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ဌာနပိုင်(ကျောင်းပိုင်) မြေနေရာအဖြစ်သတ်မှတ်ထားသည့် မြေနေရာတွင်သာ အဆောက်အအုံ ဆောက်လုပ်ခွင့်ရှိပါသဖြင့် ရပ်ကွက်လမ်းအဖြစ် အသုံးပြုလျက်ရှိသည့် ဌာနပိုင်မြေအား မြေတိုင်းတာခြင်းနှင့် ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြို့အင်္ဂါရပ်နှင့်ညီသော ကျောင်းအဆောက်အအုံကို ဘတ်ဂျက်လျာထားမှုအတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သာယာဝတီမဲဆန္ဒနယ်မှ ဦးဝင်းဇော်ဦး၏ သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးလိုလျှင် ဖွင့်လှစ်မည့်ဒေသနှင့် အနီးဆုံးတက္ကသိုလ် အကွာ အဝေး၊ လမ်းပန်းဆက်သွယ်ရေး၊ အနီးဆုံးတက္ကသိုလ်တွင် ကျောင်းသားဝင်ဆံ့အင်အား (Full Capacity) ပြည့်မီမှု၊ အိပ်ဆောင် Hostel ပေးနိုင်မှု၊ အနီးဆုံး တက္ကသိုလ်တွင်သင်ကြားသည့် အထူးပြုဘာသာရပ်များနှင့် မတူညီသော အထူးပြုပညာရပ်နယ်ပယ်များ သင်ကြားမှု၊ လူသားအရင်းအမြစ်နှင့် အရည်အသွေးမြှင့်တင်မှု အထူးအစီအစဉ်အရလိုအပ်မှု၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူ အရေအတွက်၊ ပထမနှစ် တက်ရောက်မည့် ကျောင်းသားအရေအတွက်၊ နှစ်စဉ်တက်ရောက်မည့် ကျောင်းသားအရေအတွက်၊ နောင် ၅ နှစ်တွင် ဖြစ်ပေါ်လာမည့် ခန့်မှန်းကျောင်းသား ဦးရေ (Projection)၊ အထူးပြုဘာသာရပ်တစ်ခုစီ တွင် တက်ရောက်မည့် ကျောင်းသားဦးရေ၊ ဆရာ၊ ကျောင်းသားအချိုး၊ ဆရာတစ်ဦး၏ တစ်ပတ်သင် ကြားချိန် Workload၊ သင်ကြားရေး ဆရာလိုအပ်ချက်၊ အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်၊ တက္ကသိုလ်အင်္ဂါရပ် (University Characteristics)များ၊ နိုင်ငံတကာ အဆင့်မီသင်ကြားသင်ယူမှု နည်းစနစ်များ၊ နည်းပညာအထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းရေး အစရှိသည့်လိုအပ်ချက်များကို ထည့်သွင်းစီမံ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်ရပါကြောင်း။
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)ရှိ ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်များရှိ မြို့နယ်များမှ ကျောင်းသား ကျောင်းသူများသည် ပြည်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူလျက်ရှိသည့်အတွက် သာယာဝတီခရိုင်မြို့၌ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ချထားဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် အစီအစဉ် မရှိသေးပါကြောင်းနှင့် နောင်လိုအပ်သောအချိန်တွင် ဖွင့်လှစ်နိုင်ရေးအတွက် သာယာဝတီခရိုင်မှ အဆင့်မြင့် ပညာဆည်းပူးသူ ကျောင်းသား ကျောင်းသူများစွာ ပေါ်ထွက်လာရေးကို မိဘပြည်သူများက တိုက်တွန်းပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ သာယာဝတီခရိုင်မှ ပြည်တက္ကသိုလ်တက်ရောက်လိုသော ကျောင်းသားကျောင်းသူတစ်ဦးတိုင်း တစ်ယောက်တိုင်းအတွက် အစိုးရအိပ်ဆောင် Hostel ချထားပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မြန်အောင်မဲဆန္ဒနယ်မှ ဦးအောင်ဝင်းဆွေ၏ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ဆရာ အတတ်သင် သိပ္ပံ/ပညာရေးကောလိပ် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ဘိုကလေး ပညာရေးဒီဂရီကောလိပ်တို့ကို ဖွင့်လှစ်ထားပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သည် ၆၉ မိုင်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် ၂ နာရီခွဲခန့် ခရီးအတွင်းတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ကြောင်း၊ ကျောင်းသား ကျောင်းသူများက ပြည်ပညာရေးဒီဂရီကောလိပ်သို့ တက်ရောက်ခွင့်လျှောက်ထားပါက တက်ရောက်ခွင့်ပြုလျက်ရှိပါကြောင်း၊ ပြည်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၏ စာသင်ဆောင်နှင့်အိပ်ဆောင် ဝင်ဆံ့အင်အားအရ လက်ရှိအခြေအနေတွင် Full Capacity ပြည့်မီစေရန် ကျောင်းသားအင်အား ထပ်မံလက်ခံသင်ကြားပေးနိုင်သော အနေအထားတွင်ရှိနေသည့်အတွက် မြန်အောင်မြို့တွင် ဆရာအတတ်သင်သိပ္ပံ/ ပညာရေးကောလိပ် ဖွင့်လှစ်ပေးရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်တွင် မြန်အောင်ခရိုင်မှ ဆရာအတတ်ပညာ ဆည်းပူးလိုသော ကျောင်းသား ကျောင်းသူအရေအတွက်နှင့် နောင်ဖြစ်ပေါ်လာမည့် ခန့်မှန်းကျောင်းသားဦးရေ (Projection) များပြားလာပြီး ပညာရေးဒီဂရီ ကောလိပ်အသစ်တစ်ခု တည်ထောင်ရန်လိုအပ်လာချိန်တွင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ဇူလိုင် ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
