လူမျိုးစုအရေးနှင့်ပတ်သက်သည့် ဝေဒနာတို့သည်ကား နိုင်ငံတိုင်းတွင် ရှိကြသည်သာ။ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများမှသည် သေးသေးငယ်ငယ်နိုင်ငံများအထိ မတူကွဲပြားမှု၊ နည်းမှုများမှုတို့ကို အကြောင်းခံကာ လူမျိုးစုပြဿနာ ကိုယ်စီရှိကြသည်။ သို့ရာတွင် သူတို့နိုင်ငံများမှာဖြစ်သည့် လူမျိုးစုပြဿနာများသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်မှုမဖြစ်။ အချို့နိုင်ငံများတွင်မူ နားလည်မှု၊ ပြေလည်မှု၊ တည်ငြိမ်အေးချမ်းမှုတို့ရကာ နိုင်ငံတည်ဆောက်ရေးကို စိတ်ရောကိုယ်ပါနှစ်၍ လုပ်နိုင်ကိုင်နိုင်ကြပြီ။
မိမိတို့နိုင်ငံတွင် လူမျိုးစုပြဿနာ သို့မဟုတ် တိုင်းရင်းသားအရေးကိစ္စမှာ နယ်ချဲ့ကိုလိုနီစနစ်၏ လက်ကျန်ပြဿနာတစ်ခုဖြစ်သည်။ ဤပြဿနာသည် လွတ်လပ်ရေးရပြီး၍ နှစ်ပေါင်း ၈၀ နီးလာပြီဖြစ်သည့်တိုင်၊ နိုင်ငံတွင်လည်း ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့ပြောင်းလဲ၍ လက်နက်ကိုင်အဖွဲ့များတွင်လည်း ခေါင်းဆောင်အဆက်ဆက်တို့ ပြောင်းသွားပြီဖြစ်သည့်တိုင် ပြေလည်ပြီးဆုံးသွားခြင်းမရှိ။ နိုင်ငံတစ်ဝန်းလုံး အပြည့်အဝငြိမ်းချမ်းမှုမရှိသည့်အခါ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အပြည့်အဝမလုပ်နိုင်။ တည်ငြိမ်သည့် ဒေသများက တိုးတက်ခွင့်ရကြသည်။ မတည်ငြိမ်သည့် ဒေသများမှာမူ နဂိုကပင် ဝေးလံခေါင်ဖျား ဒေသများဖြစ်သည့်အပြင် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများမှာ မြေစာပင်ပမာ ဖြစ်ကြရသည်။
ကုန်လွန်ခဲ့သည့် ၇၈ နှစ်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်တို့က ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများ ကြိမ်ဖန်များစွာရှိခဲ့သည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်မှုများသည် မည်သည့်အကြိမ်တွင်မှ ရာနှုန်းပြည့်အောင်မြင်မှုမရရှိခဲ့။ အစိုးရက ငြိမ်းချမ်းရေးအတွက် ရည်မျှော်၍ ယာယီအပစ်အခတ်ရပ်စဲကာ ခေတ္တစစ်ဆိုင်းပေးထားသည်ကို လက်နက်ကိုင်အဖွဲ့အချို့က အလွဲသုံးစားပြု အခွင့်ကောင်းယူကြသည်။ ထိုကာလအတွင်း ငြိမ်းချမ်းရေးကို မစဉ်းစားဘဲ လူသူလက်နက်စုဆောင်း၍ အင်အားဖြည့်တင်းကြသည်။ တပ်များ ရွှေ့ပြောင်းနေရာချထားခြင်းတို့ လုပ်ကြသည်။ ယင်းနောက် အကြောင်းအမျိုးမျိုးပြ၊ စွပ်စွဲမှုအမျိုးမျိုးပြု၍ ငြိမ်းချမ်းရေးကိစ္စကို ဖျက်လိုဖျက်ဆီး ပြုလိုက်ကြသည်။
“ကွာဟမှုရှိနေတဲ့ နယ်မြေတွေ ကွာဟမှုမရှိအောင် လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှ မထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီး ဆွေးနွေးဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်” ဟူ၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင် ကျင်းပသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မျက်မှောက်ကာလ မိမိတို့ဖြတ်သန်းနေကြရသည့် ကမ္ဘာကြီး၏ အခင်းအကျင်းများမှာ လွန်စွာ ရှုပ်ထွေးထွေပြားသည်။ အပြင်အပမှ အန္တရာယ်တို့များလှသည့် လမ်းဆုံလမ်းခွမှာ မိမိတို့နိုင်ငံ ရောက်ရှိနေသည်။ ယင်းသို့သော အခြေအနေမျိုးတွင် အတွင်း၌ရှိနေသည့် မိမိတို့အားလုံး တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ် နေကြဖို့လိုသည်။ မြန်မာမြေပေါ်ရှိ မြန်မာတို့အားလုံး စည်းလုံးညီညွတ်ကြပြီဆိုလျှင် အကျိုးဖြစ်ထွန်းနိုင်မည့် အခွင့်အလမ်းတို့ကလည်း လက်တစ်ကမ်းမှာပင် ရှိနေသည်။
တော်လှန်ရေး (Revolution) ဟု ဆိုကာ နိုင်ငံရေးကို အကြမ်းပတမ်းလုပ်သည့် လုပ်ရပ်များ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း လုပ်ခဲ့ကြရာ မည်သည့်ရလဒ်မျှထွက်မလာဘဲ နိုင်ငံနှင့်တကွ လူမျိုးအားလုံး လွန်စွာထိခိုက်ခံစားခဲ့ကြရသည်ကို သင်ခန်းစာယူကြသင့်ပြီဖြစ်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အပေါင်းလက္ခဏာဆောင်ကာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သည့် evolution နည်းလမ်းကသာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၊ လူမျိုးစုတိုင်းရင်းသားအားလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ထာ၀ရငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသော စိတ်ရင်းစေတနာမှန်ဖြင့် ကြိုတင်ကန့်သတ်ချက်တို့ကင်းရှင်းသည့် စားပွဲဝိုင်းဆွေးနွေးမှုများတွင် နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးအတွက် ရည်သန်ကာ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ကြပါစေကြောင်း။ ။
