Skip to main content

ဓာတ်အားပိတ်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

နေပြည်တော် ဇွန် ၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် လွိုင်လင်ခရိုင်အတွင်းရှိ ၆၆ ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသော ၆၆/၃၃ ကေဗွီ ဝမ်ကုန်း၊ လဲချား၊ မိုင်းကိုင်ဓာတ်အားခွဲရုံတို့ရှိ ဓာတ်အားလက်ခံစက်ပစ္စည်းများနှင့် ပါဝါထရန်စဖော်မာတို့ကြား ချိတ်ဆက်ထားသောပစ္စည်းများ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ဓာတ်အားထိန်းချုပ်ခန်း အတွင်းရှိ စက်ပစ္စည်းများကို လိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဇွန် ၂၇ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ်အတွင်း ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပိတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူအများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်သည်။

အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် မဟာဓာတ်အားလိုင်းကွန်ရက်အတွင်းရှိ ဆက်သွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် အဆင့်မြှင့်တင်လျက်ရှိပြီး ၂၃၀ ကေဗွီ ဓာတ်အားပို့လွှတ်ရေး တာဝါတိုင်အချို့၌ လက်ရှိတပ်ဆင်ထားသော မြေစိုက်ကြိုးများကို ဓာတ်အားလိုင်းဆက်သွယ်ရေးစနစ်သုံး ဖိုက်ဘာကြိုးများဖြင့် အစားထိုးလဲလှယ်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၃၀ ကေဗွီ ဝါးတရာ - လှိုင်သာယာ၊ အနောက်ပိုင်းတက္ကသိုလ် - ရွာမနှင့် ရွာမ - လှိုင်သာယာ ဓာတ်အားလိုင်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းသွားမည်ဖြစ်သဖြင့် ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် ဝန်အားထိန်းညှိမှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် အချို့နေရာများတွင် ဓာတ်အားယာယီပြတ်တောက်နိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်သည်။

ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အောင်လံမြို့တွင် ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၅၅ အမ်ဗွီအေ အောင်လံပင်မဓာတ်အားခွဲရုံသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အောင်လံပင်မဓာတ်အားခွဲရုံသစ်ကို လက်ရှိ ၂၃၀ ကေဗွီ တောင်တွင်းကြီး-ရွှေတောင် မဟာဓာတ်အားလိုင်းကြီးနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

ထိုသို့ ချိတ်ဆက်ရာတွင် ဓာတ်အားလိုင်းလုံခြုံရေးနှင့် ဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်စေရန် တောင်တွင်းကြီးဓာတ်အားခွဲရုံနှင့် ရွှေတောင်ဓာတ်အားပေးစက်ရုံတို့၌ လိုအပ်သော နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တောင်တွင်းကြီးဓာတ်အားခွဲရုံမှ ရွှေတောင်ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်း နှစ်လိုင်းအနက် ဓာတ်အားလိုင်း တစ်လိုင်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက် နှင့် ဇူလိုင် ၄ ရက်တို့တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းသွားမည်ဖြစ်ရာ ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် လျှပ်စစ်သုံးစွဲမှုအများဆုံးအချိန်များတွင် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဓာတ်အားယာယီပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်