Skip to main content

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း မော်လမြိုင်တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေကြသူများအား ကြည့်ရှုအားပေး၊ တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၅

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုရွေးချယ်ကာ နိုင်ငံ၏နယ်မြေဒေသအချို့တွင် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကာ အကြမ်းဖက်သမားများကို တရားဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း။

ပြည်သူတစ်ရပ်လုံးမှ လိုလားတောင့်တသည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီရရှိရေးအတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကျင်းပပေးကာ ပြည်သူလူထု၏ သဘောဆန္ဒအလျောက် ကြိုက်နှစ်သက်ရာပါတီများကို ဆန္ဒမဲများပေးခြင်းဖြင့် အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ကြောင်း၊ ယခုအခါအစိုးရသစ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးများကို အစွမ်းကုန် ကြိုးပမ်းအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်လျက်ရှိကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးများကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်တွင် အင်အားတောင့်တင်းခိုင်မာရမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အား လျော့နည်းလာအောင် ပြည်ပအင်အားကြီး နိုင်ငံအချို့အနေဖြင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အားပေးအားမြှောက်ပြုကာ လိုအပ်သည်များ ထောက်ပံ့ပေးခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်စေရန် အားပေးကူညီခြင်းများ လုပ်ဆောင်နေကြကြောင်း။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် လူမျိုးရေး၊ အယူဝါဒရေးဟူ၍ ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြောင်းပြကာ လက်နက်ကိုင် လုပ်ဆောင်နေကြသော်လည်း မြေပြင်အမှန်မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ မည်သို့ပင်အကြောင်းပြစေကာမူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရရှိပြီးဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး တစ်ဖက်နိုင်ငံမှပစ္စည်းများကို တရားမဝင်တင်သွင်းခြင်း၊ မိမိနိုင်ငံမှအဖိုးတန်သယံဇာတများကိုလည်း တစ်ဖက်နိုင်ငံသို့ ခိုးထုတ်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှရရှိမည့်အခွန်အခများ၊ ဘဏ္ဍာများကို များစွာဆုံးရှုံးနစ်နာရကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများမှ ရရှိလာသည့်ဝင်ငွေများဖြင့် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် အကြမ်းဖက်အဖွဲ့များသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုများအား တားဆီးကာကွယ်နှိမ်နင်းခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးအိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါလုပ်ရပ်များကို လုံးဝအမြစ်ပြတ်ပပျောက်သွားစေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ထိထိရောက်ရောက် တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လုပ်ဆောင်လာသူမှန်သမျှကို တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရန်အတွက် တပ်မတော်အနေဖြင့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်ရန်လိုကြောင်း၊ စွမ်းရည်ထက်မြက်ရန်အတွက် မိမိတို့နှင့် သက်ဆိုင်ရာ နေ့စဉ်လုပ်ဆောင်ရသည့် သမားစဉ်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်အောင် Professional ကျကျ အမြဲမပြတ် လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကို “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်နေမှသာ ကျွမ်းကျင်မှုရှိ၍ မိမိကိုယ့်ကို ယုံကြည်မှုရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် အောင်ပွဲဆင်နိုင်မည်ဖြစ်ကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ၊ စစ်အတတ်ပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရာတွင် အောင်မြင်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။

တပ်မတော်သားများအနေဖြင့် ရန်သူ၏အလေ့အထနှင့် ကျင့်သုံးလျက်ရှိသည့် နည်းပညာများကို မျက်ခြေမပြတ် စောင့်ကြည့်နေရန်လိုအပ်ပြီး ၎င်းတို့ထက်ပိုမိုသာလွန်အောင် ရနိုင်သည့်နည်းလမ်းမျိုးစုံကို ကြိုးစားကြံဆဆောင်ရွက်နေမှသာ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်က အားကိုးယုံကြည်ပြီး ပြည်သူလူထုကအားထားရသည့် စွမ်းရည်ရှိသော တပ်မတော်ဖြစ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားလိုသည့် အောင်စိတ်များလည်းရှိရန်လိုကြောင်း။

ခေါင်းဆောင်မှုကောင်းခြင်းသည် စစ်ပွဲကိုအောင်နိုင်ရန်အတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း၊ အဆင့်ဆင့်သောခေါင်းဆောင်များက မှန်ကန်ကောင်းမွန်သော ခေါင်းဆောင်မှုရှိရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်းများအနေဖြင့် လက်အောက်ငယ်သားများ၏ သက်ဆိုင်ရာနယ်ပယ်အလိုက် စစ်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။

စည်းရုံးရေးအနေဖြင့် တပ်တွင်းစည်းရုံးရေးနှင့် တပ်ပြင်စည်းရုံးရေးဟူ၍ ရှိကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး အထက်နှင့်အောက် အပြန်အလှန် လေးလေး စားစားဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိပါက မည်သို့သောစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များ၊ တပ်မှူးများအနေဖြင့်လည်း တပ်တွင်းစည်လုံးညီညွတ်မှုရှိစေရေး ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကျင့်ကြံနေထိုင်အုပ်ချုပ်ရန်လိုကြောင်း၊ တပ်ပြင်စည်းရုံးရေးအနေဖြင့် လက်တွေ့ပါသော စည်းရုံးရေးနှင့် လက်တွေ့မပါသော စည်းရုံးရေးဟူ၍ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်သည်တော်ကျင့်ဝတ်တွင်ပါရှိသော ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များအတိုင်း နေထိုင်ကျင့်ကြံကြရန်လိုကြောင်း၊ စည်းကမ်းတကျနေထိုင်ကြခြင်းနှင့် ကိုယ်ချင်းစာစိတ်ဖြင့် ပြုမူဆောင်ရွက်ခြင်းသည်လည်း တပ်ပြင်စည်းရုံးရေးကို လုပ်ဆောင်နေခြင်းပင်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးစွမ်းရည်တိုးတက်စေရန် တပ်မှူးများအနေဖြင့် မိမိတို့၏ဦးစီးအဖွဲ့များ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ရုံးလုပ်ငန်းများကို စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်အတွက် မပြတ်ကြပ်မတ်နေကြရန်လိုကြောင်း၊ တပ်မတော်သားများ၏ ရသင့်ရထိုက်သည့် လစာနှင့် စရိတ်များကို မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးကို စေတနာထား၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ စွမ်းရည်(၃)ရပ် တိုးတက်ကောင်းမွန်သော တပ်များဖြစ်လာမည်ဖြစ်ကြောင်း။

တပ်မတော်သားမိသားစုဝင် ပါရမီဖြည့်ဘက်များအနေဖြင့် မိမိကိုယ်တိုင်နှင့် ခင်ပွန်း၊ သားသမီးများ၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိတို့ သား၊ သမီးများ၏ ပညာရည်မြင့်မားရေးကို အလေးပေး၍ ကြိုးစားဆောင်ရွက်အားပေးနေကြရန်လိုကြောင်း၊ မိမိတို့၏သားသမီးများကို မိမိတို့ထက်သာလွန်ကောင်းမွန်သော ပညာတတ်မျိုးဆက်များဖြစ်အောင် မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့၏သားသမီးများ ပညာရေးသာမက မိမိတို့ကိုယ်တိုင်လည်း အသိပညာများ တိုးပွားလာစေရေန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ စာဖတ်ခြင်းသည် ဘဝတိုးတက်ရေးအတွက် အထောက်အပံ့များစွာ ပေးနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိတို့ရရှိသည့် ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့်ထွက်ငွေ မျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် စာအုပ်စာစောင်ပေးအပ်ရာတိုင်းမှူးက လက်ခံရယူသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးက တပ်နယ်ရှိမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လက်ခံရယူသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ယနေ့ နေ့လယ်ပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ ပါရဂူများ၊ ဆေးမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့် ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။