နေပြည်တော် ဇွန် ၂၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ ချောင်းကူးနှင့် မြစ်ကူးတံတားများ တည်ဆောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၈ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကော့မှူးမြို့နယ် တလုတ္တော်၊ ကရင်စု၊ အုတ်ကျင်း ကျေးရွာချင်းဆက်လမ်းသည် ပေ ၄၆၂ဝ ရှည်လျားပြီး ၎င်းလမ်းအား ၂၂ ပေ မြေသားတာပေါင်တိုးချဲ့ရန်နှင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက အဆိုပါလမ်းအရှည် ၇ ဖာလုံအား ကွန်ကရစ်လမ်းခင်းပေးမည်ဆိုပါက ခန့်မှန်းငွေကျပ် ၁၂၃၄ ဒသမ ၅၆၄ သန်း ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၃၆၆ အိမ်၊ လူဦးရေ ၂၇၁၄ ဦးကို အကျိုးပြုမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာ ဗျူဟာအပေါ်အခြေခံပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများပူးပေါင်း၍ ကျေးရွာ၊ အိမ်ခြေ၊ ဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ လမ်းလွှာအဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သာစည်မဲဆန္ဒနယ်မှ ဒေါ်ကြူကြူမော်၏ သာစည်မြို့မြောက်ဘက် ၈ မိုင်ခန့်ရှိ ဝမ်းသာ-ဟံဇား- သာဂရ ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက သာစည်မြို့နယ် ဝမ်းသာ-ဟံဇား-သာဂရလမ်းသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class (A) အဆင့်လမ်းဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကတ္တရာလမ်း ၂ မိုင် ၂ ဒသမ ၅၇ ဖာလုံ၊ ကျောက်ချောလမ်း ၆ မိုင် ၀ ဒသမ ၉၇ ဖာလုံ၊ အမာခံလမ်း ၁ မိုင် ၀ ဒသမ ၄၆ ဖာလုံ၊ စုစုပေါင်းလမ်းအရှည် ၉ မိုင် ၄ ဖာလုံရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝမ်းသာရွာနှင့် ဟံဇားရွာကြားရှိ ၄ ဖာလုံအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ် အခြေခံပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော အမာခံလမ်းပိုင်း ၄ ဒသမ ၄၆ ဖာလုံအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်၏ မတ္တရာမြို့နယ် ရွှေချောင်းကျေးရွာအုပ်စုနေပူရွာမှ ရွှေတချောင်းမြောင်းပေါင်လမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးရာသီကာလအတွင်း သွားလာမှုအတွက် အခက်အခဲများစွာဖြစ်ရပါသဖြင့် ပြုပြင်ပေးမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မတ္တရာမြို့နယ် နေပူကျေးရွာနှင့် ရွှေတချောင်းမြောင်းပေါင်လမ်း လမ်းအရှည် ၁ မိုင် ၂ ဖာလုံအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၁၃၆၁ ဒသမ ၀၄ သန်း ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၁၂၅၃ အိမ်၊ လူဦးရေ ၅၇၆၀ ကို အကျိုးပြုမည်ဖြစ်ပါကြောင်း။
အဆိုပါလမ်းသည် လက်ရှိတွင် ကျောက်ချောလမ်းအဆင့်ဖြစ်ပြီး လမ်းပြတ်တောက်မှုမရှိဘဲ ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရရှိရန်ပုံငွေအပေါ် မူတည်၍ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ခြင်းလုပ်ငန်းကို ဦးစားပေးလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်သွားလာနိုင်မည့်ကူးတို့လှေငယ်များဖြင့် သွားလာနေကြရသောနေရာတွင် ဇမိမြစ်ကူးတံတား (ကြာအင်းဆိပ်ကြီး) ကို ၂ဝ၂၆ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်မတိုင်မီ ကာလအတွင်း သင့်လျော်မည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇမိမြစ်ကူးတံတား (ကြာအင်းဆိပ်ကြီး) တည်ဆောက်မည်ဆိုပါက Google map တွင် တိုင်းတာချက်အရ မြစ်ကမ်းပါးနှစ်ဖက်အကွာအဝေးမှာ ပေ ၆၀၀ ခန့် ရှိပြီး ချဉ်းကပ်တံတားအပါအဝင် စုစုပေါင်း တံတားအရှည်မှာ ပေ ၂၅၀၀ ခန့်ရှိမည်ဖြစ်ပါကြောင်း၊ သင်္ဘောကြီးများ ဖြတ်သန်းသွားလာသည့်မြစ်ဖြစ်၍ ရေလမ်းကင်းလွတ်အကျယ် ပေ ၂၄၀ နှင့် ရေလမ်းကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေ level မှ ပေ ၃၀ ခန့် အနည်းဆုံးရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း ဆက်သွယ်သွားလာနိုင်မည့် ဇမိမြစ်ကူးတံတား (ကြာအင်းဆိပ်ကြီး) ကို လတ်တလောနယ်မြေအခြေအနေအရ တံတားမတည်ဆောက်မီ လိုအပ်သော ပဏာမကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုလုပ်ငန်းများဖြစ်သည့် တံတားအူကြောင်းရွေးချယ်ခြင်း၊ မြေစမ်းသပ်ခြင်းနှင့် တံတားပုံစံထုတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်းနှင့် နယ်မြေအေးချမ်းတည်ငြိမ်လာသည့် အချိန်မှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆန်စိန်၏ ဟိုယ-တန့်ယန်းလမ်း မိုင်းရယ်မြို့နယ်အပိုင်း လွယ်ပန်တောင်ကြောအတက်အဆင်းမှ လမ်းကွေ့ ၅ ခုအား ကွန်ကရစ်လမ်းဖြင့် အစားထိုးပေးရန်၊ တန့်ယန်းမြို့နယ် ကတ္တရာလမ်းအား ၁၂ ပေမှ ၁၈ ပေ တိုးချဲ့ခြင်းကို ၄ မိုင်ခန့် ဆက်လက်လုပ်ဆောင်ပေးရန်နှင့် မြို့အဝင်မုခ်ဦးအနီး အောင်တော်မူစေတီမှ မြို့အတွင်း မိုင်းကောင်လမ်းအပိုင်းရှိ “ပတ္တမြား” စက်သုံးဆီဆိုင် အထိနှင့် နောင်ဖောလမ်းအပိုင်းရှိ “ပြည့်ဝ” စက်သုံး ဆီဆိုင်အနီးအထိ ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဟိုယ-တန့်ယန်းလမ်းနှင့်စပ်လျဉ်းပြီး ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာ ရေးနှစ်တွင် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာမျက်နှာပြင်လွှာညှိခြင်း ၇ ဒသမ ၅ ဖာလုံ၊ ကတ္တရာလမ်းများပြုပြင်ခြင်း ၅ ဒသမ ၇၅ ဖာလုံနှင့် သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လွယ်ပန်တောင်ကြောအပိုင်း မတ်စောက်သော လမ်းကွေ့နေရာ ၅ ကွေ့အား ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်မှ စတင် ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ဟိုယ - တန့်ယန်းလမ်း၏ တန့်ယန်းမြို့နယ်အပိုင်း ကတ္တရာလမ်းချဲ့ရန် ၇ မိုင် ၅ ဖာလုံကို ၂ဝ၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ဟိုယ-တန့်ယန်းလမ်း ၃၀ မိုင် (တန့်ယန်းမြို့အဝင် အောင်တော်မူစေတီ) မှ ၃၂ မိုင် ၂ ဒသမ ၅ ဖာလုံအထိ ၂ မိုင် ၂ ဒသမ ၅ ဖာလုံသည် ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး ၃၂ မိုင် ၂ ဒသမ ၅ ဖာလုံမှ ၃၃ မိုင် (ထွန်းခမ်းဟိုတယ်ရှေ့) အထိ ၅ ဒသမ ၅ ဖာလုံကို ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းပြီးဖြစ်ပါကြောင်း။
တန့်ယန်း - မိုင်းကောင် - တာမဆွန်လမ်း၏ တန့်ယန်းမြို့တွင်း လမ်းအပိုင်းဖြစ်သည့် (၀) မိုင် (ထွန်းခမ်းဟိုတယ်ရှေ့) မှ (ပတ္တမြားဆီဆိုင်) ရှေ့အထိ ၇ ဖာလုံမှာ ၁၈ ပေအကျယ် လမ်းပိုင်းပေါ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၊ ၆ ဖာလုံနှင့် ၇ ဖာလုံကြား ကတ္တရာမျက်နှာပြင်လွှာညှိခြင်းလုပ်ငန်း၊ ၂ ဖာလုံနှင့် ၃ ဖာလုံအတွင်း ရေလည် ဘုရားရှေ့နေရာ ပေ ၅၅၀ အား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တန့်ယန်းမြို့တွင်း လမ်းပိုင်းများအား ၂၄ ပေ အကျယ် တစ်စပ်တစ်ဆက်တည်းဖြစ်စေရန် ၂၄ ပေ အကျယ်ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
တန့်ယန်း-နောင်ဖာလမ်း၏ မြို့တွင်းလမ်းပိုင်း ၁ မိုင် ၄ ဖာလုံမှ ၁ မိုင် ၇ ဖာလုံအထိ ၃ ဖာလုံကို ပထမအဆင့်အနေဖြင့် ၁၂ ပေအကျယ်မှ ၁၈ ပေ အကျယ်သို့ ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်နှင့် (၀) မိုင်မှ ၁ မိုင် ၇ ဖာလုံအထိ ၁ မိုင် ၇ ဖာလုံ အား ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ လျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ ဦးနိုင်ဝင်း၏ ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက်နှင့် သနပ္ပင်ချင်းကျေးရွာအုပ်စုတို့အား ဆက်သွယ်မည့် မှော်ဝန်းချောင်းကူးတံတားအား အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက်နှင့် သနပ္ပင်ချင်းကျေးရွာတို့အား ဆက်သွယ်သွားလာနိုင်မည့် မှော်ဝန်းချောင်းတံတားတည်ဆောက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် တံတားများပြုပြင်ခြင်းနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တံတားများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လတ်တလောအနေဖြင့် မှော်ဝန်းချောင်းတံတားအား မဆောင်ရွက်သင့်သေးပါကြောင်း၊ တိုးတက်လာသည့် ခရီးသွား၊ ယာဉ်စီးရေတို့အပေါ် မူတည်ပြီးမှသာ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကိုလည်း ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၏ ရှမ်းတော- မင်းလှ-အင်းဘုတ်ကုန်း- မိုးညိုလမ်း (မိုးညိုမြို့နယ် အပိုင်) အား ၂ဝ၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းရန်အတွက် ကျန်ရှိသော ၅ မိုင် ၁ ဖာလုံအား ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း၏ မိုးညိုမြို့နယ်အပိုင်းသည် ၁၈ ပေအကျယ်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေဖြင့် သတ်မှတ်အပိုင်းလိုက် ကွန်ကရစ်လမ်းခင်းခြင်း၊ ကတ္တရာလမ်းချိုင့်ခွက်များ၊ လမ်းအနိမ့်အမြင့် ဖြစ်ပေါ်နေသည့်နေရာများအား ကျောက်ဖြည့်ခင်း၍ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန်လိုအပ်သည့် အပိုင်းအား ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏ ဝမ်းတွင်းမြို့နယ် ရွာဝေအုပ်စုရှိ ကျေးရွာ ၄ ရွာ နှင့် မြစ်သားမြို့နယ်ကျေးရွာများတို့မှ ပြည်သူများ သွားလာနေသည့် ကင်းတားလက်ဝဲမြောင်းမကြီး သည် DY- 16 မှ ရွာဝေသွားသင်ပုန်းဆိုင်ဖွန်အထိ ယာဉ် ၂ စီး ရှောင်၍မရဘဲ သွားလာနေကြရပါသဖြင့် အကျယ်ပေ ၃ဝ ကွန်ကရစ်လမ်း ဖောက်လုပ်ပေးရန်နှင့် ဝမ်းတွင်း - ပင်းတလဲလမ်း ၁၄/ဝ မိုင်မှာ နှစ်စဉ်ပျက်စီးမှုဖြစ်ပေါ်နေသဖြင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကင်းတားလက်ဝဲမြောင်းမကြီးအား ပေ ၃ဝ အကျယ် ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်နိုင်ရန်အတွက် လမ်းနယ်နိမိတ်အဖြစ် ရရှိနိုင်ရေးသက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံတောင်သူများနှင့် ဦးစွာညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်းမှုများဆောင်ရွက်ပြီးပါက ကုန်ကျစရိတ်တွက်ချက်ပြီး ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေ (သို့မဟုတ်) သင့်လျော်ရာ ရန်ပုံငွေတွင် လျာထားတင်ပြကာ ရန်ပုံငွေရရှိမှုအခြေအနေပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝမ်းတွင်း-ပင်းတလဲလမ်း၏ ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ကတ္တရာလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ကျောက်လမ်း ၈ မိုင် ၅ ဒသမ ၇ ဖာလုံကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဇွန် ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
