နေပြည်တော် ဇွန် ၆
သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁၄၀၀ တန်ဖိုးနှင့် တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် ည ၉ နာရီခွဲ တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက်နေ သက်ကို ဝင်း (၃၆) နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ (တစ်ပြား လျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၃၅၀)၊ မြန်မာငွေကျပ် ၃၀၀၀၀ တို့ကို ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန် ၅ ရက် နံနက် ၄ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခိုင်းသူ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၇)နေ စိုင်းညွန့် (ခ) မင်းညွန့် (၃၁) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်နယ်မြေ (၁၅)နေ အောင်ကိုကို (ခ) သားငယ် (၄၁)နှစ်တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀) နှင့်အတူ ဖမ်းဆီးရမိသဖြင့် သက်ကိုဝင်း၊ စိုင်းညွန့် (ခ) မင်းညွန့်နှင့် အောင်ကိုကို (ခ) သားငယ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပါဘီး (၃) ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာနေ လော်ပီး (၃၃) နှစ် မောင်းနှင်လာသော WAVE I 110 အမျိုးအစား ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၆၀) အား ဖမ်းဆီးရမိသဖြင့် လော်ပီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်
