နေပြည်တော် ဇွန် ၃
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၈ ဦးတက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ ဆိုလာဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာခလျှော့ပေါ့ကောက်ခံရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ခန္တီးမြို့အား ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် နေရောင်ခြည်စွမ်းအင်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိသဖြင့် ဆိုလာဓာတ်အားပေးစက်ရုံတွင် Hybrid စနစ် ထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ခန္တီးမြို့အား ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက ဘက်ထရီသက်တမ်းနှင့် ဆိုလာသက်တမ်း အပြည့်အဝသုံးစွဲနိုင်ရန်အတွက် နေရောင်ခြည်ကောင်းစွာမရရှိသောနေ့များနှင့် ဘက်ထရီအား ၅၀ ရာခိုင်နှုန်းအောက် ရောက်ရှိချိန်များတွင် ဒီဇယ်ဓာတ်အားပေးစက်များ မောင်းနှင်ရန်လိုအပ်မည် ဖြစ်ပါကြောင်း။
ခန္တီးမြို့သည် မိုးရာသီနှင့်ဆောင်းရာသီကာလများတွင် နေရောင်ခြည်ကောင်းမွန်စွာမရရှိသဖြင့် အဆိုပါကာလများတွင် ဆိုလာမှဓာတ်အားထုတ်လုပ်ပေးနိုင်မှုနည်းပါးနိုင်ပြီး ဘက်ထရီအားသွင်းရန်လည်း နည်းပါးနိုင်သဖြင့် အဆိုပါရက်များတွင် အချိန်အနည်းငယ်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆိုလာနှင့်ဘက်ထရီမှ ထုတ်လုပ်သော ဓာတ်အားဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးမည်ဆိုပါက ခန္တီးမြို့တွင် လျှပ်စစ်မီးအသုံးပြုနိုင်မှုသည် နေရောင်ခြည်ရရှိမှုပေါ်တွင် အဓိကမူတည်နေမည်ဖြစ်၍ အရေးကြီးနေရာများအား ၂၄ နာရီ ဓာတ်အားမပေးနိုင်ပါကြောင်း၊ ၂၄ နာရီ ဓာတ်အားရရှိလိုပါက ဒီဇယ်ဓာတ်အားပေးစက်များကို တစ်နေ့လျှင် အနည်းဆုံး ၂ နာရီခန့် မောင်းနှင်ဓာတ်အားပေးရန်လိုအပ်မည်ဖြစ်ပြီး ဒီဇယ်ဆီ တစ်ဂါလန်ဖြင့် စက်မောင်းနှင်ပါက စက်ထွက် ၁၄ ယူနစ်ခန့်သာ အများဆုံးအသုံးပြုနိုင်ပြီး ဒီဇယ်ဆီ တစ်ဂါလန်လျှင် ဒေသပေါက်ဈေး ၄၄၀၀၀ ကျပ်ခန့်ရှိခြင်းကြောင့် တစ်ယူနစ် ဈေး ၃၁၄၃ ကျပ်ခန့် ကျသင့်မည်ဖြစ်ပါကြောင်း။
သို့ပါ၍ ဆိုလာနှင့်ဘက်ထရီကိုသာအသုံးပြု၍ ခန္တီးမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ပါက ၂၄ နာရီ ဓာတ်အားရရှိနိုင်မည်မဟုတ်ပါကြောင်း၊ ဓာတ်အားထုတ်လုပ်နိုင်မှုသည် နေရောင်ခြည်ရရှိမှုအပေါ်တွင် အလုံးစုံမှီခိုနေရခြင်းကြောင့် တစ်ရက်နှင့်တစ်ရက် ဓာတ်အားရရှိရန် မတူညီနိုင်ပါကြောင်း၊ နေရောင်ခြည်လုံလောက်စွာမရရှိသော အချိန်များတွင် ဓာတ်အားပြတ်တောက် မှုများရှိနိုင်ပါကြောင်း၊ အဆိုပါအခြေအနေဖြင့် ဓာတ်အားခတစ်ယူနစ် (တစ်ကီလိုဝပ်နာရီ) ဈေးနှုန်းကို ၉၀၀ ကျပ်ဖြင့် လျှော့ချကောက်ခံနိုင်ရန်အတွက် ခန္တီးမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရောင်းချခြင်းဆိုင်ရာသဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုသွားရန် အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်းလေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်းလေးရွာဖြစ်သော ဆီဆုံဂနိုင် ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာတို့သည် အင်တောမြို့နှင့် ကျောက်ဂူကျေးရွာအကြားတည်ရှိပြီး ကျောက်ဂူကျေးရွာမှ ၈ မိုင်အတွင်း တည်ရှိသော ကျေးရွာများ ဖြစ်ပါကြောင်း၊ ယင်းကျေးရွာများ ဓာတ်အားရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့် တောင်ထိပ်ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၅၂ မိုင်၊ တောင်သူကုန်းကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ မိုင်၊ စံပယ်ကုန်းကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင်နှင့် ဆီဆုံဂနိုင်ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂ ဒသမ ၅ မိုင်တို့အား တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
သို့သော် ဇော်ဂျီအမှတ် (၂) ဓာတ်အားပေးစက်ရုံရှိ ၁၁/၁၁ ကေဗွီ၊ ၂ အမ်ဗွီအေ Isolation Transformer သည် အမြင့်ဆုံးဝန်အား ၁ ဒသမ ၄ မဂ္ဂါဝပ်အထိရှိနေပြီဖြစ်သည့်အတွက် အဆိုပါကျေးရွာ လေးရွာအား ထပ်မံဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း။
ဇော်ဂျီ(၂) ကျောက်ဂူ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှသာ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်းလေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာတို့အား ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာ လေးရွာတွင် ထပ်မံတည်ဆောက်ရန် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမည့် ကာလနှင့်ကိုက်ညီအောင် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် နှစ်အလိုက် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးဇော်ဇော်မြင့်၏ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (OFF Grid) ဖြင့် နေစွမ်းအင်သုံးစီမံကိန်း (Solar Power Project) ကဲ့သို့ စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံ KOICA တို့ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာမှုအရ အဆင့်သုံးဆင့်ဖြင့် Solar Power Plant များ တည်ဆောက်၍ ဓာတ်အားပေးနိုင်ရန် စီမံချက်ရေးဆွဲ ခဲ့ပါကြောင်း။
ပထမဆင့်အနေဖြင့် မာန်အောင်ကျွန်း၊ ခအုန်းမော်ကျေးရွာ မြေဧက ၁၅ ဧကပေါ်တွင် ၀ ဒသမ ၅ MW Solar Power Plant (Solar+ Battery+ Diesel Generator) စနစ်အား မြေဧက ၂ ဧကကို အသုံးပြု၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Posco Daewoo Co.,Ltd. ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ပြီး မာန်အောင်မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ လေးရွာအား ၂၀၁၉ ခုနှစ် နိုဝင်ဘာမှစ၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါကြောင်း။
ဒုတိယအဆင့်အနေဖြင့် ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်၍ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃၄ ဒသမ ၄ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၄၃ ဒသမ ၆ မိုင်၊ ထရန်စဖော်မာ ၅၃ လုံးအား ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ကြိုတင်တည်ဆောက် ထားပြီးဖြစ်ပြီး ကျန်ရှိသည့် ၂ ဒသမ ၅ MW Solar Power Plant (Solar+ Battery+ Diesel Generator) စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ခအုန်းမော်ကျေးရွာရှိ ၀ ဒသမ ၅ MW Solar Power Plant မှ ကျန်မြေဧက ၁၃ ဧကပေါ်တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
သို့ပါ၍ ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေးအတွက် ၂ ဒသမ ၅ MW Solar Power Plant (Solar+ Battery+ Diesel Gene-rator) စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ နှစ်အလိုက် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဒုတိယအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ကျန်ရှိသည့် တတိယအဆင့်အား အဆင့်အလိုက် ဆက်လက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးဇော်ဇော်မြင့်၏ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည်စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီးတပ်ဆင်ပေးသွားနိုင်ရေး အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အတွင်း လမ်းမီးလုံးရေ ၂၀၀၀ ခန့် တပ်ဆင်ရန်ရှိသည့်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေ ခွဲဝေပေးချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကုန်ကျစရိတ်ဖြင့် ဦးဥတ္တမလမ်း၊ ဈေးလမ်း၊ ငလပွေ့လမ်းဟောင်း၊ ငလပွေ့လမ်းသစ်၊ ပိတောက်ရွှေဝါလမ်း၊ ရုံးတက်လမ်း၊ ကမ်းနားလမ်း စသည့်လမ်းများနှင့် စေတီယျရပ်ကွက်နှင့် ပြင်ဖူမော်ရပ်ကွက် စသည့်နေရာများတွင် ဝပ် ၂၀၀ ဆိုလာ လမ်းမီး အလုံးရေ ၁၀၀၀ အား တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
တပ်ဆင်ရန်ကျန်ရှိသည့် ဆိုလာလမ်းမီးများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်း၍ လာမည့် ဘဏ္ဍာနှစ်များတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက်တပ်ဆင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရန်နိုင်ဝင်းက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဒေါ်မီမီကျော်ထွန်းနှင့် အတွင်းရေးမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ချစ်လွင်တို့ကို တာဝန်ပေးအပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့တင်ပြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများသည် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ ကြီးကြပ်မှု များဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (Anti-Scam Centre) ကို ဖွဲ့စည်းပြီး ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများ၊ အီလက်ထရောနစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများအကြား သံသယဖြစ်ဖွယ်အကောင့်များ၏ ငွေကြေးစီးဆင်းမှုများနှင့် ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များကို ဒီဂျစ်တယ်စနစ်များ အချက်အလက်ဖလှယ်မှုနည်းပညာ (Application Programming Interface-API) မှတစ်ဆင့် အပြန်အလှန်ချိတ်ဆက်၍ သတင်းအချက်အလက်များ ဖလှယ်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုများကို ကြိုတင်တားဆီးကာကွယ်နိုင်မည်ဖြစ်သည့်အပြင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရ၍ နစ်နာသူဆုံးရှုံးသွားသည့် ငွေကြေးစီးဆင်းမှုများကို အာဆီယံရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့တို့နှင့်ချိတ်ဆက်၍ သတင်းအချက်အလက်ဖလှယ်ပြီး အချိန်မီပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင် မည်ဖြစ်သဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးစဉ်းစား ဆောင်ရွက်ပေးနိုင်ပါရန် အဆိုတင်သွင်းသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၇) ဦးဇင်မင်းထက်က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို ဇွန် ၈ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
