ပဲခူး နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရမှ လက်လုပ်လက်စား အိမ်ထောင်စုများသို့ ထောက်ပံ့ပေးမှုများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် စနစ်တကျဆောင်ရွက်ရန်၊ တိုင်ကြားမှုများရှိလာပါက စိစစ်၍ မသမာမှု တွေ့ရှိရပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ် များအပြင် ကိုဗစ်-၁၉ ရောဂါပိုး များပြားစွာ တွေ့ရှိရသည့် မြို့နယ်/ ရပ်ကွက်/လမ်းအလိုက် သီးခြားကိုင်တွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် လိုအပ်ချက်များကို မြို့နယ်အလိုက် တင်ပြပေးရန်နှင့် မြို့နယ်အလိုက် များပြားလာသည့် ပို့တွေ့သူနာများနှင့် ပို့တွေ့လူနာနှင့် ထိစပ်သူများထားရှိရန် သီးခြားနေရာများ စီမံဆောင်ရွက်ထားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ ကာလ ကြာရှည်လာသည်နှင့်အမျှ အချို့ပြည်သူများ လိုက်နာမှု အားနည်းသည်ကို တွေ့ရှိနေရကြောင်း၊ ပညာပေး ကာလများလည်း ကြာမြင့်လာပြီးဖြစ်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကူးစက်မှုများပြားနိုင်သည့် စျေးများအား စနစ်တကျ စျေးရောင်းချခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထောက်ပံ့ကြေးရရှိမည့် လက်လုပ်လက်စားအိမ်ထောင်စု စာရင်းများအား ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အများမြင်သာစေရန် ကပ်ထားဖို့မှာကြားထားသော်လည်း လိုက်နာမှုအားနည်းလျက်ရှိ၍ မသမာမှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လူတစ်ဦးချင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်း လုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်မှသာ ထိန်းချုပ်ရေး လုပ်ငန်စဉ်နှင့် ကုသရေးလုပ်ငန်းစဉ်များအတွက် ကောင်းမွန် သော အကျိုးသက်မှုရှိနိုင်မည် ဖြစ်ကြောင်း၊ ပိုးတွေ့ရှိမှု များပြားသည့် ရပ်ကွက်/လမ်းများအား Mini Lock Down ချထားနိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဆောင်ရွက်သွားရန်၊ စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သော စက်သုံးဆီ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်လျှင် စာရင်းဇယားအတိအကျဖြင့် စနစ်တကျ တင်ပြတောင်းခံပေးရန်၊ ဘာသာရေးပွဲများ အား ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီသာ ဆောင်ရွက်သွားရန်နှင့် နယ်စပ်စစ်ဆေးရေးဂိတ်များ အထူးသတိပြု ကြီးကြပ် ဆောင်ရွက်ကြရန် တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေက ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့် မြို့နယ် များမှ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကော်မတီသို့ တင်ပြထားသည့် တင်ပြချက်အပေါ် ရှင်းလင်းဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက် လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား ပေးအပ်ထားသည့် တာဝန်များအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)