နေပြည်တော် နိုဝင်ဘာ ၂၄
တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၈ နာရီ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ရှိ ရုံးအမှတ်(၄) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်၏ ဝန်ကြီးဖြစ်သူ ဒေါက်တာ မာရှောက်ဝေ၊ ဂွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ကျွင်းဟွာ၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Mr. Anutin Charnvirakul၊ ဘရူနိုင်းနိုင်ငံ ကျန်းမာ ရေးဝန်ကြီး Dato Seri Setia Dr. Haji Mohd Isham bin Haiji Jaafar၊ ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး မစ္စတာ Mam Bun Heng၊ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီး Ltg. (Ret) ဒေါက်တာ Terawan Agus Putranto၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကျန်းမာရေး ဝန်ကြီး Dr.Bounkong Syhavong၊ မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး YB Dato' Sri Dr. Adham Bin Baba တို့က မိန့်ခွန်းပြောကြားကြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အာဆီယံအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအကြား ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာနှင့် အတွေ့အကြုံ ဖလှယ်ခြင်းများ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် ဒေသ တွင်း ကျန်းမာရေးလုံခြုံမှု (Health Security)အတွက် အရေးပါပုံများကို ထည့်သွင်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ကူညီထောက်ပံ့ မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများကို အထူးအလေးထား ပါကြောင်း၊ လတ်တလော ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ဦးဆောင်၍ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ခြင်းဖြင့် ဒေသတွင်း ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ် မှုများ ပိုမိုတိုးမြှင့်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ ကျန်းမာရေး အတွင်းဝန် ဒေါက်တာ Francisco T. Duque III၊ စင်ကာပူ သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး မစ္စတာ Gan Kim Yong၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေး ကော်မရှင် ဒုတိယဝန်ကြီး ဒေါက်တာ Yu Xuejun၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ Lim Jock Hoi၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ အနောက်ပစိဖိတ်ဒေသကြီး၏ ညွှန်ကြားရေးမှူး ဒေါက်တာ Takeshi Kasai တို့က မိန့်ခွန်းပြောကြားကြ သည်။
အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးဝန်ကြီးများ၊ အတွင်းဝန် များ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနောက်ပစိဖိတ်ဒေသကြီး၏ ညွှန်ကြားရေးမှူး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ယင်းဖိုရမ်ကို နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်များတွင် Disease Prevention and Control၊ Dentistry၊ Traditional Medicine၊ Hospital Management Cooperation၊ Health Emergency Cooperation နှင့် Food Safety and Nutrition Health စသည့် ခေါင်းစဉ် ခြောက်ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဘာသာရပ် အလိုက် သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်