Skip to main content

ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။   ။ ကမ္ဘာပေါ်မှာ ကူးစက်ပျံ့နှံနေတဲ့ ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်ဖို့ဆိုရင် အပြင်ထွက်ရင် Mask မဖြစ်မနေတပ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်ကျဉ်ဖို့ကလည်း အဓိကအရေးကြီးတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကိုလည်း ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ရှာဖွေစမ်းသပ်နေကြပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို မရရှိခင်မှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကို အထူးဂရုပြုဖို့လည်း လိုအပ်ပါတယ်။

ပြည်သူတွေအနေနဲ့ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာထားတဲ့ လမ်းညွှန်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကို အထူးဂရုပြုလိုက်နာဖို့ တိုက်တွန်းချင်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ် - ၁၉ သိကောင်း စရာ အမေး / အဖြေ အစီအစဉ်မှာ မိဘပြည်သူတွေ သိရှိလိုတဲ့ မေးခွန်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ပါရဂူကြီးတွေ၊ သမားတော်ကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ တွေ့ဆုံမေးမြန်းလျက်ရှိရာ ဒီနေ့မှာ ပါမောက္ခဒေါက်တာထင်အောင်စော [ဥက္ကဋ္ဌ - မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဒေါက်တာ သန်းထွန်းအောင် [ဒုတိယညွှန်ကြားရေးမှူးချုပ် - ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာသန်းသန်းမြင့် [ဒုတိယညွှန်ကြားရေးမှူးချုပ် - မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာသန်းသန်းမြင့်။    ။မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပျံ့နှံမှုက ၈ လ ကျော်/ ၉ လ နီးပါးရောက်ရှိနေပါပြီ။ ဒီအချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဌာနပေါင်းစုံနဲ့ပူးပေါင်းပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ဆောင်ရွက် ပေးလျက် ရှိပါတယ်။

ဒီလိုဆောင်ရွက်ပေးတဲ့နည်းတူ မိဘပြည်သူတွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး သိလိုတဲ့အချက် အလက်တွေက အစဉ်အမြဲ သူတို့မှာ ရှိနေကြပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေ ကဏ္ဍကို အပတ်စဉ် ဆောင်ရွက်လျက်ရှိပါတယ်။

ဒီတစ်ပတ်ရဲ့ အမေး/ အဖြေကဏ္ဍကို စတင်နိုင်ဖို့အတွက် ပါမောက္ခဒေါက်တာထင်အောင်စောကို ဖိတ်ခေါ်လိုပါတယ်။ ဆရာကြီးအနေနဲ့ ဆေးတက္ကသိုလ် (၂) မှာ အပူပိုင်းနှင့် ကူးစက်ရောဂါဌာနမှာ ပါမောက္ခ/ ဌာနမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ကိုဗစ် - ၁၉ ကူးစက်ရောဂါ သာမက တခြားကူးစက်ရောဂါတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဆရာကြီးအနေနဲ့ ပြည်သူတွေသိလိုတဲ့ မေးခွန်းတွေနဲ့ ဖြေကြားပေးဖို့အတွက် ဦးဆောင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာထင်အောင်စော။  ။ဒီနေ့ရရှိတဲ့ မေးခွန်းတွေက ကုသမှုပိုင်းဆိုင်ရာ မေးခွန်းတွေဖြစ်ပြီး ဒါတွေကို ကျွန်တော်အနေနဲ့ ခြုံငုံပြီးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးမေးခွန်းက Positive ဖြစ်ပြီးသားသူတွေ ဆေးရုံက ဆင်းတဲ့အခါမှာ အမှန်တကယ် နေကောင်းတာ သေချာပြီးမှ ဆင်းတာ ဟုတ်ရဲ့လား။ ဘယ်လိုမျိုးဆေးတွေပေးလိုက်လို့လဲ။ ပျောက်တဲ့ဆေးတွေ ရှိနေပြီလားဆိုတဲ့ မေးခွန်းရယ်။ အဲဒါနဲ့ တစ်ဆက်တည်း မေးခွန်းဖြစ်တဲ့ တချို့သူတွေက ဆေးရုံက ဆင်းပြီးသော်လည်း နေမကောင်းဖြစ်နေသေးတယ်။ ဒီလို နေမကောင်းဖြစ်တဲ့အတွက် စိုးရိမ်လို့ဆိုတဲ့ မေးခွန်းတွေ မေးလာကြပါတယ်။

ကျွန်တော် ဖြေကြားရမှာက ဆေးရုံတက်နေစဉ်မှာ ကုသမှုဆေးတွေ ပေးပါတယ်။ သို့သော် ပျောက်တဲ့ဆေး မရှိသေးပါဘူး။ အများလည်း သိပြီးသားဖြစ်ပါတယ်။ အဆုပ်ရောင်တာ သက်သာ အောင်ပေးတဲ့ ဆေးတွေရှိပါတယ်။ နှလုံးရောင်တာ သက်သာအောင်ပေးတဲ့ ဆေးတွေရှိပါတယ်။ အောက်ဆီဂျင်တွေ ပေးနေရတာ ရှိပါတယ်။ ဆေးဝါးတွေကို ဆရာဝန်တွေ၊ ဆေးရုံတွေက လိုအပ်တဲ့သူတွေကို ပေးပါတယ်။

သို့သော် မလိုအပ်တဲ့သူတွေကိုလည်း ပေးစရာမလိုပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို အဲဒီ လောက်ကြီး ဆေးဝါးတွေ များများပြင်းပြင်းထန်ထန် ပေးစရာမလိုပါဘူး။ လူ ၁၀၀ မှာ ၈၀ လောက်က သိပ်ပြင်းထန်လေ့ မရှိပါဘူး။ ဆေးရုံတင်ပေးထားရခြင်း အကြောင်းအရင်းသည် သူတို့တွေကနေ တစ်ဆင့် တခြားသူတွေဆီကို ရောဂါကူးစက်မှာ စိုးလို့သာလျှင် ဆေးရုံတင်ပေးထားခြင်း ဖြစ်ပါတယ်။ သူတို့တွေကနေတစ်ဆင့် ရောဂါကူးစက်နိုင်မှု မရှိတော့ဘူးဆိုတဲ့ အချိန်ကျရင် ဆေးရုံက ဆင်းပေးတာဖြစ်ပါတယ်။

ဆေးရုံက ဆင်းပေးပြီးပြီ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ထားပေးပြီးပြီ။ ဆေးရုံကဆင်းပြီး အိမ်မှာလည်း ၇ ရက်နေပြီးပြီဆိုရင် ဒီလူတွေကနေပြီး တခြားသူတွေကို ထပ်ပြီးကူးစက်တော့မှာ မဟုတ်တော့ပါဘူး။ သူတို့ဆီမှာလည်း ရောဂါတွေ ပျောက်သွားပြီ ဖြစ်ပါတယ်။ ဒါက စိတ်ချရတဲ့အခြေအနေဆိုတာကို ဒီနေရာမှာ ကျွန်တော် ထပ်လောင်းပြီး ပြောချင်ပါတယ်။

သို့သော်လည်း တချို့သော သူတွေဟာ ဆေးရုံကဆင်းသော်လည်း သူတို့တွေ မောနေတာ၊ ချောင်းဆိုးနေတာ၊ ကိုယ်လက်ကိုက်ခဲနေတာ တွေရှိကြတော့ စိုးရိမ်ပြီး စိတ်ပူပန်လို့ မေးကြတာရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အရင်တစ်ခေါက်၊ နှစ်ခေါက်မှာလည်း ဆွေးနွေးဖူးပါတယ်။

ဒါကို Long Covid လို့ခေါ်ကြပါတယ်။ Long Haul Covid လို့လည်း ခေါ်ကြပါတယ်။ ရေရှည် ထပ်ပြီး ဖြစ်ပွားသော ကိုဗစ်လို့လည်း ခေါ်ကြပါတယ်။ ဒါမှမဟုတ် ကိုဗစ်နောက်ဆက်တွဲ ရောဂါစုလို့လည်း ခေါ်ကြပါတယ်။ ပထမဦးဆုံး သိပ္ပံပညာရှင်တွေက ကိုဗစ်ကို စသိခါစတုန်းက ဒါသည် ရုတ်တ ရက်ဖြစ်ပွားသော ရောဂါတစ်ရပ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော် နောင်တဖြည်းဖြည်း ကြာလာမှသာလျှင် ကိုဗစ်သည် တချို့သော သူတွေမှာ ရုတ်တရက်ဖြစ်ပွားပြီး ပျောက်သွားတဲ့သူတွေရှိသလို မပျောက်ဘဲနဲ့ နေမကောင်းဖြစ်ပြီး ကျန်ခဲ့နိုင်တဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

ဒါက တကယ်တော့လည်း လူနာတွေကတစ်ဆင့် ဆရာဝန်တွေက ပြန်သိရတာပါ။ ကိုဗစ်သည် ရောဂါပိုးအသစ် တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သည် သူ့အကြောင်းကို အများကြီး မသိပါဘူး။ လူနာတွေ ဆေးရုံက ဆင်းသွားပြီးမှ ဆင်းသွားတဲ့ လူနာတွေကို သုတေသန ပြုရင်းနဲ့မှ သူတို့ဆီက အချက်အလက်တွေကို ကောက်ခံရင်းမှ သိလာရတာဖြစ်ပါတယ်။

သုတေသနပြုတဲ့ ပုဂ္ဂိုလ်တွေဟာဆိုရင် ယူကေနိုင်ငံ၊ ဂျာမဏီနိုင်ငံနဲ့ စပိန်နိုင်ငံတို့က ပုဂ္ဂိုလ်တွေက စုဆောင်းပြီး ပြုလုပ်ထားတဲ့ သုတေသန တွေအရဆိုရင် လူ ၁၀၀ ကိုဗစ်ဖြစ်ပြီး ဆင်းသွားတဲ့အနက် လူ ၁၀၀ ရဲ့ ၁၀ နဲ့ ၂၀ လောက်ကဆိုရင် တစ်လလောက်ကို နည်းနည်းနေမကောင်း ဖြစ်နေနိုင်သေးတယ်။ လူ ၁၀၀ ရဲ့ တစ်ယောက် သို့မဟုတ် ၂ ယောက်က ၃ လလောက်ဆိုရင် အနည်းအကျဉ်းသော ဝေဒနာတွေ ရှိနေနိုင်ပါသေးတယ်။ အဲဒီလိုဖြစ်တာတွေက ဘာတွေဖြစ်နိုင်သလဲဆိုရင် ကိုလက်မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ ကျောအောင့်ခြင်း၊ ရင်တုန်ခြင်း စတာတွေကို ဖြစ်နိုင်တယ်။ တချို့ဆိုရင် ဦးနှောက် မကြည်မလင်ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်ကြတာတွေကို Long Covid သို့မဟုတ် ကိုဗစ်နာတာရှည်ဖြစ်တယ်လို့ ခေါ်ကြပါတယ်။

ဒီလိုဖြစ်တဲ့အခါမှာ ဖျားတဲ့သူက အတော်နည်းတယ်လို့ ပြောကြပါတယ်။ ဖျားတာလည်း နည်းနည်းပါးပါး ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုမျိုးလူတွေမှာ ပိုပြီးအဖြစ်များလည်းဆိုရင် ဆေးရုံမှာ ရောဂါသိပ်ပြင်းပြင်းထန်ထန် ဖြစ်တဲ့သူတွေသာ အဖြစ်များတာ မဟုတ်ပါဘူး။ ရောဂါသိပ် ပြင်းပြင်းထန်ထန် မဖြစ်တဲ့သူတွေမှာလည်း ဖြစ်နိုင်တာရှိတယ်လို့ သိရပါတယ်။ အဲဒီလိုမျိုး လူတွေသည် ဆေးရုံက ဆင်းသွားလို့ ရောဂါဝေဒနာခံစားနေရတုန်းဆိုရင် ဘာဆက်လုပ်သင့် သလဲဆိုတော့ ဆေးဝါးတွေ အများကြီးဆက်သောက်နေစရာ မလိုပါဘူး။

ကိုယ်လက်ကိုက်ခဲရင်သောက်တဲ့ ပါရာစီတီမောလို ဆေးသောက်လို့ ရပါတယ်။ တခြားဟာ အနေနဲ့ဆိုရင် မိမိရဲ့ ကျန်းမာရေးကို မိမိဘာသာ ဂရုစိုက်ဖို့ပဲ လိုပါတယ်။ အဲဒီလို ဂရုစိုက်ဖို့ဆိုတဲ့ အထဲမှာ အိပ်ရေးဝဝ အိပ်တာတို့၊ အဟာရပြည့်အောင် စားသောက်တာတို့၊ နားနားနေနေ နေတတ်တာတို့ဟာ အရေးကြီးတဲ့ အရာတွေဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သိပ်ပြီးအပင်ပန်းမခံရဘူးလို့ ဆိုသော်လည်း ကိုယ်လက်လှုပ်ရှားမှု လုပ်ချင်တယ်ဆိုရင် တဖြည်းဖြည်း တစ်ဆင့်ချင်း လုပ်သွားရမယ်လို့ ပြောပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ရဲ့ သဘာဝအရ လူတစ်ဦးသည် ကိုယ်ခံနိုင်ရုံလောက်ပဲ တဖြေးဖြေးနဲ့ တိုးပြီးပြုလုပ်သွားရမယ်။ အရမ်းကြီး ပင်ပန်းသွားအောင် မလုပ်သင့်ဘူးလို့ ပြောကြပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် အများစုက ကောင်းသွားပါတယ်။ အများစုက ပျောက်သွားကြပါတယ်။ စိုးရိမ်စရာမရှိပါဘူးလို့။

တကယ်လို့ ရောဂါဝေဒနာ ဆက်လက်ပြီး ခံစားနေရတယ်လို့ထင်ရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မိသားစုဆရာဝန်တွေအနေနဲ့က လိုအပ်တဲ့ဆေးကုသမှုတွေကို အကြံဉာဏ်ပေးသွားလို့ရပါတယ်။ အဲဒီလိုမျိုး လူတွေထဲမှာ အနည်းဆုံးထဲက အနည်းစုဖြစ်တဲ့ လူ ၁၀၀ မှာ တစ်ယောက်လောက်က ထပ်မံပြီး ဆေးစစ်ဆေးမှုတွေ ခံယူဖို့ လိုကောင်း၊ လိုပါလိမ့်မယ်။ ဘာကြောင့်ဆိုတော့ ကိုဗစ်သည် နှလုံးကို နည်းနည်းထိခိုက်ထားတာလည်း ရှိနိုင်ပါတယ်။ အဆုတ်ကို ထိခိုက်ပြီး ဒဏ်ရာတစ်ခု ကျန်ခဲ့တာလည်း ရှိနိုင်တဲ့အတွက်ကြောင့် အဲဒီလိုမျိုး ပုဂ္ဂိုလ်တွေအနေနဲ့ ပြန်လည်ပြီး ဆေးစစ်မှုခံယူဖို့လိုပါတယ်။

သို့သော် ဒီအများစု မဟုတ်ပါဘူး။ ဒါသည် အနည်းစုသာလျှင် ဖြစ်တဲ့အတွက်ကြောင့် လူအများက စိုးရိမ်စရာ မရှိပါဘူး။ ဒါနဲ့ ပြောင်းပြန်က ဘာလဲဆိုရင် လူငယ်တချို့တွေက ငါတို့က ကိုဗစ်ဖြစ်မှာ မဟုတ်ပါဘူး။ ဖြစ်ရင်လည်း နည်းနည်းပဲ ဖြစ်မှာပါ။ စိတ်ပူစရာ မရှိပါဘူးလို့ထင်ရင် ဒီလို မဟုတ်ပါဘူးလို့ ကျွန်တော်က ဒီနေရာကနေ သတိပေးချင်ပါတယ်။ ဒီလိုမျိုးသူများသည် အခန့်မသင့်ရင် သူတို့လည်း နာတာရှည်ဖြစ်မယ်။ အလုပ်အကိုင်ပျက်တယ်။ အလုပ်က ခွင့်ယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့မှာလည်း ဆုံးရှုံးမှု၊ နစ်နာမှုတွေ ဖြစ်ပေါ်စေနိုင်တာကို ဒီနေရာမှာ သတိပေးလိုပါတယ်။

ကိုဗစ်ဖြစ်ပြီး ဆေးရုံကဆင်းပြီးတဲ့အခါ နောက်ဆက်တွဲခံစားနေရတဲ့သူတွေအနေနဲ့ စိုးရိမ်ကြတာက သူတို့ဟာက မပျောက်တာလား။ ကိုဗစ် ဆက်ရှိနေမှာလား။ ဆေးပြန်စစ်ဖို့လိုသလားဆိုတဲ့ မေးခွန်းမျိုးတွေ မေးကြပါတယ်။ အဖြေက ဘာလဲဆိုရင် ကိုဗစ်ဆေးပြန်စစ်ဖို့ မလိုပါဘူး။ ဆေးပြန်စစ်ရင် လောလောဆယ် တချို့သော ဆေးစစ်တဲ့နည်းစနစ်က PCR ဆိုတဲ့ စနစ်နဲ့ စစ်ပါတယ်။ PCR စနစ်သည် စစ်လိုက်လို့ရှိရင် Positive ဆက်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို Positive ဖြစ်နေခြင်းသည် ပိုးဆက်လက် အသက်ရှင်နေခြင်း မဟုတ်ပါဘူး။ ပိုးရဲ့ မျိုးရိုးဗီဇ အနည်းငယ် ကျန်ရှိနေတာကို ပြသနေခြင်းဖြစ်တဲ့အတွက် ပိုးရဲ့မျိုးဗီဇ အနည်းငယ်ကျန်ရုံမျှနဲ့လည်း အဲဒီပုဂ္ဂိုလ်တွေသည် ဆေးရုံတစ်ခေါက် ပြန်တက်ရမယ်၊ ဆေးပြန်ကုရမယ်၊ ရောဂါမပျောက်ဘူးလို့ ဆိုလိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

ဒါသည် ရောဂါပျောက်သွားပါပြီ ဆေးရုံတက်စရာ မလိုတော့ပါဘူး။ ပိုးဆက်ရှိ နေသေးတဲ့အတွက်ကြောင့် ဒီလိုလက္ခဏာ ဖြစ်တာမဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် ဒီလက္ခဏာတွေ ဖြစ်တာပါ။ မိမိခန္ဓာကိုယ်က ပိုးလို့ယူဆပြီး ဆက်လက်တုံ့ပြန်တာ၊ ဆေးပညာ သဘောတရားအရဆိုရင် Auto Immune Disorder လို့ခေါ်ပါတယ်။ ခပ်ဆင်ဆင်တူသော တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်တာဖြစ်ကြောင်း ကျွန်တော် အနေနဲ့ ရှင်းပြရင်းမေးခွန်းတွေကို ဖြေကြားလိုက်ပါတယ်။   

ဒေါက်တာသန်းသန်းမြင့်။   ။ဆရာကြီးရဲ့ ဖြေကြားချက်တွေဟာ ပြည်သူလူထုတွေ သိချင်နေကြတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ဖြေကြားချက်တွေကို အားလုံးလည်း သဘောပေါက်နားလည်မယ်လို့ ယူဆပါတယ်။ ဆက်လက်ပြီး ဆရာကြီး ဒေါက်တာ သန်းထွန်းအောင် ကို ဖိတ်ခေါ်လိုပါတယ်။ ဆရာကြီးကတော့ လက်ရှိအခုအချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ ဆရာကြီးက ကိုဗစ် - ၁၉ ရောဂါ စပြီးဖြစ် ကတည်းက ဧရာဝတီတိုင်းဒေသကြီးရဲ့ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းမှာ ထဲထဲဝင်ဝင်နဲ့ စီမံခန့်ခွဲရေး၊ ကုသရေးနဲ့ ကာကွယ်နှိမ်နှင်းမှုအပိုင်းတွေမှာ ဦးဆောင်ပြီး ဆောင်ရွက်နေသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးအနေနဲ့ ဧရာဝတီတိုင်း ဒေသကြီးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို တင်ပြဆွေးနွေးပေးပါလို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာသန်းထွန်းအောင်။  ။ကျွန်တော့်အနေနဲ့ ကိုဗစ် - ၁၉ မစခင် ဧရာဝတီတိုင်းဒေသကြီးမှာ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်အနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကူးစက်ရောဂါ ကုဆရာဝန်ကြီး ဖြစ်ပါတယ်။ ဘွဲ့ကလည်း Epidemiology ဖြစ်ပါတယ်။ တချို့ထင်တာက ကိုဗစ် - ၁၉ သည် ချက်ချင်းပဲ Zero အဖြစ်ကျသွားမယ်လို့ ထင်နေကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရာဇဝင်ကိုလည်း ပြန်ကြည့်ရပါတယ်။

၁၉၁၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ Spanish Flu လူပေါင်းသန်း ၄၀ လောက် သေဆုံးခဲ့ပြီး ၃ နှစ်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။ ကာကွယ်ဆေး ပေါ်မလာပါဘူး။ အဲဒါလည်း ဒီ တုပ်ကွေး Virus ဖြစ်ပါတယ်။ နောက်ပြီး ၁၉၅၇/၅၈ ခုနှစ်မှာ Asian Flu ဒီမှာလည်း ၂ သန်းလောက် သေဆုံးခဲ့ပါတယ်။ နောက်တစ်ခါ ၁၉၆၇/၆၈ မှာ Hong Kong Flu အဲဒီမှာလည်း ၁ သန်းလောက် ဆုံးခဲ့ပါတယ်။

သဘောက ကိုဗစ်သည်လည်း Coronavirus ဖြစ်တယ်။ သူလည်း ကူးစက်ပုံသည် Influenza နဲ့တူတယ်။ အဲဒီတော့ သူသည် Mode of transmission of Infection က တူတယ်။ အသက်ရှူလမ်းကြောင်းက ကူးတာဖြစ်တဲ့အတွက် ကာကွယ်ဆေးတွေပေါ်လာရင် ၂၀၂၁ ခုနှစ်မှာ ကိုဗစ် - ၁၉ က ချက်ချင်း အကုန်ပျောက်သွားမယ်လို့ ထင်မှတ်မှားမှာ စိုးလို့ပါ။ 

 Spanish Flu မှာဆိုရင်လည်း ၁၉၁၈ ခုနှစ်မှာ တွေ့တယ်။ ၁၉၁၉ ခုနှစ်မှာ Second Wave လာပါတယ်။ ၁၉၂၀ ခုနှစ်မှာ Third Wave ဆိုပြီး လာခဲ့ပါတယ်။ အဲဒီလိုတွေရှိတဲ့အတွက် ကိုဗစ် - ၁၉ နဲ့ပတ်သက်ရင်လည်း ပြည်သူလူထုတွေအနေနဲ့ ဖြစ်ပွားမှုနှုန်းထားကို လျော့ချဖို့၊ အနည်းဆုံးဖြစ်အောင် လုပ်ရပါမယ်။ ကိုဗစ် - ၁၉ ကြောင့် ကျွန်တော်တို့ ပြည်သူလူထု အနည်းဆုံးထိခိုက်အောင်၊ သေဆုံးမှုနည်းအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ရေရှည်တိုက်ပွဲဖြစ်ပါတယ်။ ကိုဗစ် - ၁၉ သည် New Emerging Disease ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံခြားဝင်ပေါက် မရှိသော်လည်း ပင်လယ်ဝင်ပေါက်တော့ရှိ ပါတယ်။ သို့သော် ပင်လယ်ဝင်ပေါက်သည် အများကြီး မဝင်နိုင်တဲ့အတွက် အဓိကတော့ နယ်စပ်ဝင် ပေါက်တွေကို စပြီး လုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ နယ်စပ်ဝင်ပေါက် ၆ ခု ရှိပါတယ်။ ၆ ခုမှာ စကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုတွေနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ Surveillance Staff တွေကို တာဝန်ချထားပါတယ်။ ဒီမှာ Silent Carrier တွေလည်း ပါလာတယ်။ First Wave ဧပြီ၊ မေ လောက်မှာ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ကိုဗစ် Positive ၂ ယောက် ရှိခဲ့ပါတယ်။ ဒါကလည်း မလေးရှား ပြန် ၂ ဦးမှာတွေ့ခဲ့တယ်။ သို့သော်လည်း ရခိုင်ပြည်နယ်မှာ ဩဂုတ်လ တတိယ အပတ်လောက်မှာ စပြီးဖြစ်တယ်။ ရန်ကုန်မှာ Second Wave စက်တင်ဘာလလောက်မှာ စတဲ့အခါ ဧရာဝတီတိုင်း ဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီးနဲ့ နယ်နိမိတ်အတော်များများ ထိစပ်နေတဲ့အတွက် ဝင်ပေါက်တွေလည်း အများကြီးရှိပါတယ်။

တရားမဝင် ဝင်ပေါက်တွေလည်း ရှိတယ်။ ကားလမ်း ဝင်ပေါက်၊ ရေလမ်း ဝင်ပေါက်တွေလည်း အများကြီးရှိတော့ ကျွန်တော်တို့ စောင့်ကြပ်ကြည့်ရှုပေမယ့်လည်း အများပြည်သူတွေသည် ပြန်ချင် တဲ့အတွက် ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က ပြန်လာတဲ့အခါ ကျွန်တော်တို့ကို သတင်းမပေးပါဘူး။ ကျွန်တော်တို့သည် ကွာရန်တင်းထားသော်လည်း သတင်းမပေးတဲ့အတွက် ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်အထိဆိုရင် ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်လူနာပေါင်း ၂၃၂၄ ဦးရှိပါတယ်။ သေဆုံးသူ ၈ ဦးရှိပါတယ်။ မေးခွန်းတွေ မေးထားတာရှိပါတယ်။ ကွာရန်တင်း စင်တာတွေမှာ ဘယ် လောက်ဝင်ရသလဲဆိုတာ မေးထားပါတယ်။ သူတို့က ချင်းပြည်နယ်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို သွားချင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပေးထားတဲ့ SOP ကိုလိုက်နာရပါတယ်။

အဲဒီတော့ ရောဂါဖြစ်ပွားနေတဲ့နေရာက သို့မဟုတ် Stay at Home မြို့နယ်က ပြန်လာရင် ၁၄ ရက် ကွာရန်တင်းဝင်ရောက်ဖို့ လိုပါတယ်။ ပြီးရင်တော့ ၇ ရက် Home Quarantine ဝင်ရမှာ ဖြစ်ပါတယ်။ ၁၄ ရက်ဝင်တုန်းမှာလည်း Swab နှစ်ကြိမ်စစ်ရမှာ ဖြစ်ပါတယ်။ ၃ ရက်မြောက်နေ့နဲ့ ၁၁ ရက်မြောက်နေ့မှာ စစ်ရမှာဖြစ်ပါတယ်။ ပိုးတွေ့ရင်တော့ ဆေးကုရမယ်။ ပိုးမတွေ့ရင်တော့ အိမ်ပြန်ကွာရန်တင်း ဝင်ပြီးရင် လွတ်ကင်းသွားပြီ ဖြစ်ပါတယ်။ အကယ်၍ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းမြို့နယ်မပါ ကျန်မြို့နယ်တွေက Stay at Home ၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်၊ ဖျာပုံသည် Stay at Home ဖြစ်ပါတယ်။ အဲဒီကိုရောက်လာရင် Facility Quarantine အနေနဲ့ ၇ ရက်၊ Home Quarantine အနေနဲ့ ၇ ရက်နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဝန်ကြီးဌာနရဲ့ Standing Order ဖြစ်တဲ့အတွက် အများပြည်သူက လိုက်နာပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သော်လည်း ပါလာနိုင်တဲ့အတွက် Swab နှစ်ခါယူပြီးမှ သွားလာဖို့ဖြစ်ပါတယ်။

နောက်မေးခွန်းတစ်ခုက ဆေးစစ်မှုဖြစ်ပါတယ်။ ကွာရန်တင်းဝင်ရင်တော့ အမြဲတမ်း စစ်ပါတယ်။ နိုင်ငံခြားကပဲ ပြန်လာသည်ဖြစ်စေ၊ ပြည်တွင်းက ကူးစက်မှုရှိတဲ့ဒေသကပဲ ပြန်လာသည်ဖြစ်စေ ကျွန်တော်တို့ အမြဲတမ်းစစ်ဆေးပါတယ်။ မစစ်ဆေးဘဲ အများပြည်သူနေထိုင်တဲ့ ရပ်ကွက်ကျေးရွာထဲကို မလွှတ်ပါဘူး။ မေးထားတဲ့ မေးခွန်းတစ်ခုက ၁၁ ရက်ကြာပါပြီ လာမစစ်ဆေးသေးဘူး ဆိုတာ ဖြစ်ပါတယ်။  တစ်ခါတစ်ရံကျတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက Swab ပို့ဖို့ ရက်ချိန်းယူရတာတွေ ရှိပါတယ်။ သူတို့မှာလည်း တစ်ရက်ကို  ၁၀၀၀၀ နဲ့  ၅၀၀၀ စစ်နေရတာတွေ ရှိတယ်။ အဲဒီအခါမှာ Over Burden ဖြစ်တယ်။ Cases တွေ စစ်ဖို့ကျန်နေပါတယ်။ ဒါကြောင့် NHL က ကန့်သတ်ပြီးလုပ်နေရတဲ့အတွက် မစစ်ဆေးသေးဘူးဆိုတာလည်း Booking မရသေးလို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ Rapid Antigen Test Kit တွေ ပေါ်လာပါတယ်။ မြန်မြန်စစ်ပေးပါတယ်။ နှစ်ကြိမ် Negative ဖြစ်ရင်တော့ ၁၄ ရက်ပြည့်ရင်၊ ၇ ရက်ပြည့်ရင် လွှတ်ပေးပါတယ်။ ကွာရန် တင်းစင်တာတွေမှာ အားလုံးက ကြာလည်းကြာလာပြီဆိုတော့ Contact ကြောင့်ပဲဖြစ်ဖြစ်၊ ထိစပ်လို့ပဲဖြစ်ဖြစ်၊ ကူးစက်မှုရှိတဲ့ ဒေသကပဲ ပြန်လာသည်ဖြစ်စေ ကွာရန်တင်းဝင်တဲ့အခါမှာ တချို့လည်း ငွေကြေးမပြည့်စုံတော့ အလှူရှင်တွေနဲ့ တိုင်းဒေသကြီး ကိုဗစ်ကော်မတီက ထောက်ပံ့တာတွေ ရပါတယ်။ ရေရှည်မှာ နည်းနည်းအခက်အခဲ ဖြစ်လာပါတယ်။ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ စောင်၊ ခြင်ထောင်ကအစ ပိုးရှိတဲ့လူသုံးသွားတဲ့ ပစ္စည်းတွေကို နောက်လူတွေက မသုံးလိုပါဘူး။

မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက လူနာများတဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့အတွက် ကွာရန်တင်းထားရတဲ့ စရိတ်တွေ၊ ကျန်းမာရေး ဝန်ထမ်းစရိတ်၊ Volunteer စရိတ်တွေ၊ နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ ရေသန့်ကအစ ကျွေးရတဲ့အခါ ကုန်ကျစရိတ်တွေ များလာပါတယ်။ ဒါတွေကိုလည်း စဉ်းစားပေးဖို့လိုလာပါတယ်။

နောက်တစ်ခု ဒီလူတွေမှာလည်း ရောဂါကို ချုပ်ထားတာဖြစ်ပါတယ်။ လူကို ချုပ်ထားတာ မဟုတ်ပါဘူး။ ဗိုက်နာတာ၊ ကလေးမွေးချင်တာ တစ်ခုခုဆိုရင်လည်း ကျွန်တော်တို့က ဆေးရုံကို ပို့ပေးပါတယ်။ သူတို့ကို ကျွန်တော်တို့က ဆေးကုသခွင့် မပေးဘူးဆိုတာ မဟုတ်ပါဘူး။ မေးထားတဲ့ မေးခွန်းလေးပါ။ ဆေးကုသခွင့်ရသလားဆိုတော့ ရပါတယ်။ အချိန်ပြည့် ၂၄ နာရီ ကျန်းမာရေး ဝန်ထမ်းတာဝန်ချထားပါတယ်။ စေတနာ့ဝန်ထမ်းတွေရှိပါတယ်။ Home Quarantine ပဲဖြစ်ဖြစ်၊ Facility Quarantine ပဲဖြစ်ဖြစ် ကွာရန်တင်းထဲမှာနေလို့ နေမကောင်းဖြစ်ခဲ့ရင် ကျွန်တော်တို့က အရေးပေါ် ချက်ချင်းကုသပေးပါတယ်။ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်က ကွာရန်တင်းဝင်ခိုင်းရင် ကြည်ကြည်ဖြူဖြူ လက်ခံစေချင်ပါတယ်။ မလိုက်နာဘဲထွက်သွားရင် ရောဂါပိုးတွေကို ဖြန့်သလိုဖြစ်တဲ့အတွက် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်/ ကျေးရွာ ကိုဗစ်ကော်မတီတွေက တားမြစ်တာကို လိုက်နာစေချင်ပါတယ်။ ကုသရေးပိုင်းအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်၊ ခရိုင်ဆေးရုံပေါင်း ၆ ခု ရှိပါတယ်။ သို့သော်လည်း အခုလို လူနာများလာတဲ့အခါ အရေးပေါ် ဆေးရုံတွေ ရှာဖွေရပါတယ်။ အခုဆိုရင် ခရိုင်အဆင့်မှာဆိုရင် အနည်းဆုံး Plan E လောက်အထိ ထားပါတယ်။ ပုသိမ်ဆေးရုံကြီးက  Plan B ဆေးရုံ၊ Plan C ဆေးရုံ၊ Plan D ၊ Plan E ဆိုပြီး လူနာ ဘယ်လောက်ထားမယ်။ ပြီးရင် Category သုံးမျိုး ခွဲရပါတယ်။ နံပါတ်တစ် Category 1 ဆိုတာကတော့ အနံ့ပျောက်ရုံပဲရှိတယ်။ ဘာလက္ခဏာမှမရှိဘူး။ လူက ပိုးတွေ့တာပဲရှိတယ်ဆိုရင် ကျွန်တော်တို့က သာမန်ဆေးရုံမှာ ထားပါတယ်။ နောက်ပြီး Second Category, 2 ကျတော့ အနံ့ပျောက်တယ်၊ ချောင်းဆိုးနည်းနည်းရှိတယ်၊ ဖျားတာနည်းနည်း ရှိတယ်။ Category 2 မှာထားပါတယ်။ နောက်တစ်ခုက အထူးကြပ်မတ်ကုသရတော့မယ်။ အောက်ဆီဂျင်ပေးရတော့မယ်။ Ventilator တင်ရတော့မယ်။ Antibiotic တွေထိုးရတော့မယ်ဆိုရင်တော့ ဆေးရုံကြီးတွေမှာ၊ သမားတော်ကြီးတွေ၊ မေ့ဆေးဆရာဝန်ကြီးတွေ၊ ကလေးအထူးကုဆရာဝန်တွေ၊ စသဖြင့် ဆရာဝန်ကြီးတွေစုံတဲ့ ဆေးရုံတွေမှာထားပြီး ကုသပေးပါတယ်။

သို့သော် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ ရောဂါအခံရှိတဲ့သူတွေနဲ့ ခုခံအားကျတဲ့သူတွေ မလွဲမရှောင်သာ ၈ ဦး ဧရာဝတီတိုင်းဒေသကကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရောဂါအခံ ရှိပါတယ်။ အသက်ကြီးတာတွေလည်း ပါတယ်။ အဲဒီတော့ ရောဂါကာကွယ် ကုသဖို့အတွက် အားလုံးကတော့ အများပြည်သူကလည်း ကူညီဖို့လိုပါတယ်။ နိုင်ငံတော်အပိုင်းကပဲ လုပ်လို့မရဘူး။ အလှူရှင်တွေနဲ့လည်း လုပ်ရတာဖြစ် ပါတယ်။

ခရိုင်ဆေးရုံတွေမှာတော့ အလှူရှင်တွေလှူထားတဲ့ အောက်ဆီဂျင်တွေ၊ Oxygen Plant တွေ ဒါတွေနဲ့တော့ ကျွန်တော်တို့ ကုသပေးပါတယ်။ နောက်တစ်ခုက ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကလည်း ဒီလိုပဲကုန်ကျစရိတ်တွေရှိပါတယ်။ မြန်မာပြည်သူပြည်သားတွေက အလှူအတန်း ရက်ရောပါတယ်။ သို့သော်လည်း ကုသရေးမှာပဲ လှူလိုက်တယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာကျတော့ မလှူကြဘူး။ အဲဒီတော့ ပြည်သူ့ကျန်းမာရေးက မဖြစ်လာဘူး။  ဆေးရုံအရောက်များအောင် လုပ်နေတာ ဖြစ်ပါတယ်။ ဆေးရုံအရောက်များမှ ရောဂါအဖြစ်နည်းမယ်။ အဖြစ်နည်းအောင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းကိုလည်း လှူဒါန်းပေးဖို့ ပြောကြားလိုပါတယ်။

ဒေါက်တာသန်းသန်းမြင့်။     ။ဆရာကြီးဒေါက်တာသန်းထွန်းအောင်ကို ကျေးဇူးတင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆရာကြီးက Point of View အရလည်း ရှင်းလင်းတင်ပြသွားပါတယ်။ ထို့အတူ အသွားအလာကန့်သတ်ထားတဲ့ နေရာတွေမှာ ရောက်နေကြတဲ့ ပြည်သူလူထုတွေကို ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်မယ့် အစီအစဉ်တွေ၊ နောက်ပြီး ရောဂါလက္ခဏာပြလို့ ဆေးရုံကိုလာရောက်တဲ့ လူတွေအပေါ်မှာလည်း ကဏ္ဍအလိုက် ခွဲခြားပြီး ကုသမှုပေးနေတဲ့လုပ်ငန်းတွေကို ပြည်သူလူထုသိရှိအောင် တင်ပြပေးသွားတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်မကလည်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့လည်း မန္တလေးတိုင်းဒေသကြီးရဲ့လက်ရှိ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ပြည်သူလူထုရဲ့သိချင်တဲ့ မေးခွန်းနှစ်ခုအပေါ်မှာ ကိုးကားပြီး ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအနေနဲ့ ကိုဗစ် ကာကွယ်နှိမ်နှင်းရေး၊ ထိန်းချုပ်ရေးကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်နေသလို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့လည်း ဆောင်ရွက်လျက် ရှိပါတယ်။ နိုဝင်ဘာ ၂၂ ရက် စာရင်းဇယားအရ မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ်လူနာ စုစုပေါင်း ၄၁၆၉ ဦး ရှိပြီဖြစ်ပါတယ်။ ရောဂါသက် သာပြီး ဆေးရုံကပြန်ဆင်းသွားတဲ့ လူနာပေါင်းကတော့ ၆၂ ရာခိုင်နှုန်း ရှိပြီဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ မန္တလေးတိုင်းဒေသကြီးမှာ ဆေးရုံတက်တဲ့လူနာပေါင်းကတော့ ၁၅၈၈ ဦးရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ကုသရေးပိုင်းအနေနဲ့ မြို့နယ်ဆေးရုံတွေမှာအထိ သံသယလူနာတွေ ဆေးရုံတက်ရင် ကုသပေးနိုင်ဖို့၊ Positive ပိုးတွေ့လူနာတွေ ဆေးရုံ ရောက်လာရင် ကုသပေးနိုင်ဖို့ ဒါတွေအားလုံးကို ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ မြို့နယ်ဆေးရုံတွေက ဆေးရုံတက်ရောက် နေတဲ့သူတွေဟာ အကယ်၍လွဲပြောင်းဖို့ လိုအပ်လာရင် သက်ဆိုင်ရာ ခရိုင်ဆေးရုံကြီးတွေ၊ ဗဟိုအဆင့်ဆေးရုံကြီးတွေကို လွဲပြောင်းပေးနိုင်ရေး တွေကို ဆောင်ရွက်ထား ရှိပြီးဖြစ်ပါတယ်။

နောက်တစ်ခုက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းပါ။ ကျွန်မတို့ မန္တလေးတိုင်းဒေသကြီးမှ ကာကွယ်ထိန်းချုပ်ထားတဲ့ ကွာရန်တင်းစင်တာ ၂၁၅ ခုရှိပါတယ်။ အဲဒီ ကွာရန်တင်းစင်တာ ၂၁၅ ခုမှာ အသွားအလာကန့်သတ်ထားတဲ့လူပေါင်း ၄၅၉၅ ဦးရှိပါတယ်။ အဲဒီလိုသွားလာမှု ကန့်သတ်ထားတဲ့ နေရာတွေမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်း တွေနဲ့ပဲ နိုင်နိုင် နင်းနင်း ဆောင်ရွက်ဖို့ အတော့်ကို ခက်ခဲပါတယ်။

ဒါကြောင့် အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာ ကျွန်မတို့က Volunteer တွေရဲ့ အားကိုယူရပါတယ်။ ဌာနဆိုင်ရာတွေ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့ အားကိုယူပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့တိုင်းအနေနဲ့ စက်တင်ဘာလ နောက်ပိုင်းမှာ Case တွေနည်းနည်းများလာပါတယ်။ အောက်တိုဘာလ အလယ်လောက်အထိကို တောက်လျောက်တက် နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကြည့်လိုက်တဲ့အခါ  မန္တလေးတိုင်းဒေသကြီးမှာ ၂၈ မြို့နယ်ရှိပေမယ့် ၂၁ မြို့နယ်က ရောဂါထိန်း ချုပ်နိုင်တဲ့ အဆင့်မှာရှိပါတယ်။ အဓိက ဖြစ်နေတာက မန္တလေးခရိုင် ၇ မြို့နယ်ရှိပါတယ်။ ၇ မြို့နယ်မှာ ၅  မြို့နယ်က တော်တော်ကို ကူးစက်မှုများနေတဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီရောဂါဖြစ်ပွားမှုကို ဖြတ်တောက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပိုးတွေ့လူနာ ၄၀၀၀ ကျော်ကို ပြန်ဆန်းစစ်ကြည့် လိုက်တဲ့အခါ ရောဂါ လက္ခဏာမပြဘဲ ပိုးတွေ့သွားပြီး ဆေးရုံတက်နေတဲ့ လူက ၇၆  ရာခိုင်နှုန်းရှိပါ တယ်။

ကိုဗစ် - ၁၉ အတွက် Face Shield တပ်ရုံ၊ Mask တပ်ရုံနဲ့ အပြည့်အဝ ကာကွယ်မှုပေးပါသလား။ ပေးရင်လည်း တကယ့်ကာကွယ်မယ့် နည်းလမ်းတွေကို ပြောပြပေးပါဆိုတဲ့ မေးခွန်းကို ကျွန်မပြောပြရမယ်ဆိုရင် ကျွန်မတို့တိုင်းရဲ့ ဆန်းစစ်ချက်အရ Asymptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာ မပြတာက ၇၆ ရာခိုင်နှုန်းရှိတယ်။ ထို့အတူပဲ အဲဒီရောဂါလက္ခဏာမပြတဲ့ အချိန်ကာလအတွင်းမှာ ရောဂါပိုးဟာ Mask မတပ်ဘဲသာ နေခဲ့မယ်ဆိုရင် ကိုယ်က ရောဂါပိုးရှိရင်လည်း သူများကို ကူးသွားနိုင်သလို သူများက ရောဂါပိုးရှိခဲ့ရင်လည်း ကိုယ့်ကို ကူးသွားနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အပြင်ထွက်တိုင်း Mask တပ်ပါဆိုတဲ့ လမ်းညွှန်ချက်ကို အတိအကျလိုက်နာကြပါဆိုပြီး ပြောထားခြင်းဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဒီရက်ပိုင်းမှာ ဆောင်ရွက်မယ့်လုပ်ငန်းရှိပါတယ်။ ဒါကလည်း ကူးစက်ရောဂါကို ဖြတ်တောက်ပေးနိုင်မယ့် Mask နဲ့ Face Shield Campaign ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က မြို့နယ်အားလုံးမှာ ဒီတစ်ပတ်အတွင်းမှာ အားစိုက်ပြီးဆောင်ရွက်ကြမှာဖြစ်ပါတယ်။

ဆောင်ရွက်ရတဲ့အကြောင်းအရင်းက Positive လူနာတွေဟာ Asymptomatic ရောဂါလက္ခ ဏာ မပြကြဘူး။ မပြတဲ့အခါ ပြည်သူလူထုတွေက စည်းကမ်းလိုက်နာမှု၊ ကျွန်မတို့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာမှုအားနည်းလာတာကို တွေ့ရတယ်။ အပြင်ထွက်ရင် Mask မတပ်ကြဘူး။ Mask တပ်ရင်လည်းစနစ်တကျ တပ်တာမရှိတာကို တွေ့လာရပါတယ်။ အဲဒါကြောင့် ဒီမေးခွန်းအပေါ်မှာ မှီငြမ်းပြီးဖြေကြားရမယ်ဆိုရင် ပြည်သူလူထုအားလုံးဟာ Mask နဲ့ Face Shield  တပ်ခြင်းဖြင့် ရောဂါကို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ Mask တပ်တာ တစ်ခုတည်းနဲ့တော့ အရဲမကိုးသင့်ပါဘူး။ အဲဒီတော့ Mask တပ်မယ်၊ Face Shield   တပ်မယ်၊ ဖြစ်နိုင်ရင်တော့ အပြင်ထွက်တာကို လျော့ချရမယ်။ လူထုလူဝေးတဲ့နေရာကို မသွားသင့်ဘူး။ သွားတဲ့အခါတိုင်း Mask နဲ့ Face Shield  ကို တပ်ဆင်ပြီးသွားရမှာဖြစ်ပါတယ်။ တတ်နိုင်သလောက် အိမ်မှာနေမယ်။ သွားရင်လည်း တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေအကွာကနေပြီး ပြောဆိုခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။

ဒါကြောင့် ဒီမေးခွန်းရဲ့ အဖြေအရဆိုရင်လည်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှာ အဓိကကျတဲ့ Mask နဲ့ Face Shield   တပ်ခြင်းအားဖြင့် ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်ထိန်းသိမ်း လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါရဲ့ ဇစ်မြစ်၊ ကူးစက်မှုကိုက အသက်ရှုလမ်း ကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်နေတာပါ။ စကားပြောမယ်၊ ချောင်းဆိုးမယ်၊ နှာချေတာက ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိတာ။ အဲဒီအမှုန်အမွှားကျရောက်တဲ့နေရာတွေကို လက်နဲ့ကိုင်မိရင် ရောဂါကူးစက်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်မှုပေးထားတဲ့အတိုင်း အပြင်ထွက်ရင် Mask ကို သေချာတပ်ဆင်ကြပါ။ တတ်နိုင်သမျှ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းဖြစ်တဲ့ လက်ဆေးခြင်းကိုလည်း အမြဲမပြတ် ဆောင်ရွက်ပေးပါ။ လက်ဆေးနိုင်တဲ့ အခြေအနေမရှိရင်လည်း လက်ကို လက်သန့်ဆေးရည်နဲ့ အသုံးပြုပြီး တစ်ကိုယ်ရေသန့်ရှင်းရေကို ပိုမိုဆောင်ရွက်ပေးကြပါ။ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။ ထွက်ရင်လည်း မိသားစုအနည်းဆုံး ထွက်ကြပါလို့ ဒီမေးခွန်းအပေါ်မှာ ပေါင်းစပ်ပြီး ဖြေကြားပေးလိုပါတယ်။

အခုဆိုရင် ပြည်သူလူထုအားလုံးဟာ ကိုဗစ် - ၁၉ ရဲ့ ကြာရှည်လာတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး ကျွန်မတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်တွေအပေါ်မှာ လိုက်နာမှု အားနည်းလာတဲ့အတွက် Campaign သဘောဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကျွန်မတို့ရဲ့ လမ်းညွှန်ချက်တွေကို သေသေချာချာလိုက်နာခဲ့မယ်ဆိုရင်တော့ ကိုဗစ် - ၁၉ ရောဂါကို မိမိကိုယ်မိမိ ကာကွယ်တာဖြစ်သလို အခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လမ်းညွှန်ချက်တွေကို လိုက်နာခြင်းအားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်