အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ပါဝင်တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum -SEANF)၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် Webinar on National and International Initiatives on Torture Prevention၊ Online Dialogue on Statelessness Issues in Sabah တို့ကို ၂၀၂၀ ပြည့်နှစ်အတွက် ဖိုရမ်၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Komnas HAM)က ဦးဆောင်၍ နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ virtual online conferencing စနစ် အသုံးပြု၍ ကျင်းပလျက်ရှိသည်။

အဆိုပါ ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကော်မရှင် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ကြသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ (၁၆) ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးအပြီး ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ ဖိုရမ်၏ Guidelines for use of SEANF social media platform အတည်ပြုချမှတ်ခြင်းကိစ္စ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်း၍ ဖိုရမ် အဖွဲ့ဝင်များအကြား အတွေ့အကြုံကောင်းများ မျှဝေဆွေးနွေးခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အခြေအနေနှင့် စပ်လျဉ်းသည့် ဖိုရမ်၏ ထုတ်ပြန်ချက်ကို အတည်ပြုချမှတ်ခြင်း၊ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရေးကိစ္စရပ်များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

ဖိုရမ်နှစ်ပတ်လည် အစည်းအဝေးကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter-governmental Commission on Human Rights - AICHR) တို့၏ အလွတ်ဆွေးနွေးပွဲ တစ်ရပ်ကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲသည် ဒေသအဆင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SEANF နှင့် AICHR တို့အကြား ပထမဦးဆုံး ကျင်းပသည့် အစည်းအဝေးဖြစ်သည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် side events များကို နိုဝင်ဘာ ၂၆ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ပတ်လည် အစည်းအဝေးအပြီးတွင် ဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်