Skip to main content

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၄

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၉ ၃၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် အီတလီမှ (၂) ဦး၊ ဂျာမနီမှ (၄) ဦး၊ ဗြိတိန်မှ (၁) ဦး၊ ကနေဒါမှ (၂) ဦး၊ နော်ဝေမှ (၅) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၉) ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ (၆၉) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၉၂) ဦး လိုက်ပါခဲ့ကြပါသည်။

၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇) ရက် နှင့် နေအိမ်တွင် အသွား အလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ကိုရီးယားသမ္မတနိုင်ငံမှ ကယ်ဆယ်ရေး လေယာဉ် (၃၂) ကြိမ်တိုင် ပျံသန်း ပြေးဆွဲနိုင်ခဲ့ပြီး ဖြစ်သည်။

#Ministry_of_Foreign_Affairs_Myanmar